စာရေးသူက အညာသား။ အအေးအရမ်းကြောက်တယ်။ အအေးကြောက်လို့လားမသိဘူး ရှမ်းပြည်နယ်နဲ့ တော်တော်အကျိုးပေးတယ်။ ကျောင်းဆင်းတော့ မိခင်တပ်ရင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)က လားရှိုး။ ခြေလျင်တပ်ရင်း ဆင်းရတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့ MSc ပြီးတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ရောက်တယ်။ စစ်သင်တန်းတက်တော့ ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးသွားရတယ်။ အဲဒါကြောင့် ရှမ်းပြည်နယ်ကို သံယောဇဉ်ကြီးတာလည်း မဆန်းပါဘူးလေ။ တစ်နေ့က သတင်းနားထောင်တော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ ဆုံဆို့နာရောဂါဖြစ်ပြီး လူခြောက်ယောက် အသက်ဆုံးရှုံးရတယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒါနဲ့ပဲ ဆုံဆို့နာရောဂါအကြောင်းရေးဖို့ အကြောင်းဖန်လာပါတော့တယ်။
ဆုံဆို့နာရောဂါဆိုတာ ဘာလဲ
ဆုံဆို့နာရောဂါဆိုတာ Corynebacterium Diphtheriae လို့ခေါ်တဲ့ ဗက်တီးရီးယား ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါပဲ။ အဲဒီ ဗက်တီးရီးယားပိုးကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်က လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် လည်ချောင်းနာတာနဲ့ အာသီးရောင်တာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ တစ်လက်စတည်း ဆုံဆို့နာရောဂါရဲ့ ရာဇဝင်လေးကို ပြောပြချင်ပါတယ်။ ဆုံဆို့နာရောဂါဆိုတာ ဂရိဘာသာစကားကနေ ဆင်းသက်လာပြီး Leather Hide လို့ အဓိပ္ပာယ်ရပါတယ်။ ဆုံဆို့နာရောဂါကို ၅ ရာစုနှစ်မှာ စတင်သတိထားမိကြပြီး ၁၈၈၃ ခုနှစ်မှာ Klebs ဆိုသူက Corynebacterium Diphtheriae လို့ခေါ်တဲ့ ဗက်တီးရီးယားရောဂါပိုးကို စတင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆုံဆို့နာရောဂါကာကွယ်ဆေးကို ၁၉၂၁ မှာ ရှာဖွေတွေ့ရှိခဲ့ပေမယ့် ၁၉၄၀ လောက်မှ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။
ဆုံဆို့နာရောဂါက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များသလဲ
တစ်ကမ္ဘာလုံးရဲ့ မှတ်တမ်းတွေအရ ရှေးယခင်နှစ်များဆီက ဆုံဆို့နာရောဂါဟာ ၁၂ နှစ်အောက် ကလေးတွေမှာအဖြစ်များတာတွေ့ရပြီး ယခုနောက်ပိုင်းမှာ အရွယ်မရွေးဖြစ်ပွားတာကို တွေ့လာရတယ်။ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ ပိုဖြစ်တာကို တွေ့လာရပါတယ်။
ဆုံဆို့နာရောဂါရဲ့ ရောဂါပျိုးချိန်က ဘယ်လောက်ကြာတတ်သလဲ
ခန္ဓာကိုယ်မှာ ရောဂါပိုးဝင်ရောက်ပြီးတော့ ရောဂါလက္ခဏာစပြချိန်ကြား ကြာချိန်ကို ရောဂါပျိုးချိန်လို့ ခေါ်ပါတယ်။ ဆုံဆို့နာရောဂါရဲ့ ရောဂါပျိုးချိန်က နှစ်ရက်ကနေ ငါးရက်ခန့်ထိကြာနိုင်တယ်။ တစ်ခါတစ်ရံ တစ်ရက်ကနေ ၁၀ ရက်ထိလည်း ကြာတတ်တယ်။
ဆုံဆို့နာရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ
(၁) အဖျားနည်းနည်းတက်မယ်။
(၂) အားနည်းမယ်၊ နုံးမယ်။
(၃) လည်ချောင်းနာမယ်။
(၄) နှစ်ရက်သုံးရက်အတွင်း လည်ချောင်းနဲ့
အာသီးမှာ ဖြူပြာရောင် သို့မဟုတ် အညို ရောင်အမြှေးပါး (Pseudomembrane) ဖြစ်လာတယ်။ အမြှေးပါးအတွင်း သွေးယိုစီးရင် အစိမ်းပုပ်ရောင် ဒါမှမဟုတ် အနက် ရောင်ပြောင်းလာတတ်တယ်။
(၅) ရောဂါပြင်းထန်ရင် လည်ပင်းအကျိတ်ထွက်ခြင်း၊ လည်ပင်းရောင်ကိုင်းခြင်းနဲ့ အသက် ရှူလမ်းကြောင်းပိတ်ခြင်း တွေဖြစ်တတ်တယ်။အဲလိုဖြစ်ရင် အရေးပေါ်အသက်ကယ်ဖို့အတွက် လည်ပင်းကိုဖောက်ပြီး အသက်ရှူစက်တွေနဲ့ ကုသဖို့လိုတယ်။
ဆုံဆို့နာရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ
(၁) အသက်ရှူလမ်းကြောင်းပိတ်ပြီး ရုတ်တရက် သေဆုံးနိုင်တယ်။
(၂) နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတွေဖြစ်ပြီး နှလုံးရပ်ပြီး သေဆုံးနိုင်တယ်။
(၃) အာရုံကြောထိခိုက်ခြင်း၊ ခြေလက်ကြွက်သား မလှုပ်ရှားနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကြွက်သားများ သေခြင်း စတာတွေ ဖြစ်နိုင်တယ်။
(၄) ဒီနောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ နှလုံး ကြွက်သားရောင်တာက ကြောက်စရာ အကောင်းဆုံးနဲ့ သေဆုံးမှု အမြင့်ဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တယ်။
ဆုံဆို့နာရောဂါက ဘာလို့ကြောက်ဖို့ကောင်းတာလဲ
ဆုံဆို့နာရောဂါဖြစ်ရင် သေဆုံးနှုန်းက ၂၀ - ၃၀ ရာခိုင်နှုန်းရှိတယ်။ အသက်ကြီးလွန်း၊ ငယ်လွန်းရင် ပိုပြီးအသက်ဆုံး နိုင်တယ်။ ဆရာရှေ့မှာပြောခဲ့သလို ဆုံဆို့နာရောဂါကြောင့် နှလုံးထိခိုက်ရင် အသက်သေဆုံးနှုန်းက ၆၀ - ၉၀ ရာခိုင်နှုန်း အထိရှိနိုင်တယ်။ လူ ၁၀ ယောက်မှာ ၉ ယောက်လောက်ထိသေနိုင်တယ်ဆိုတော့ အရမ်းကြောက်ဖို့ ကောင်းတာပေါ့။
ဆုံဆို့နာရောဂါကို ဘယ်လိုကုသမလဲ
ရောဂါဖြစ်လာပြီဆိုရင် ဆေးရုံကြီးတွေမှာရှိတဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ စနစ်တကျ စောင့်ကြည့်ကုသမှု ခံယူဖို့လိုမယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားရောဂါပိုးရဲ့ အဆိပ်ကိုဖြေပေးတဲ့ အဆိပ်ဖြေဆေး ထိုးလို့ရတယ်။ ဒါပေမဲ့ အဆိပ်ကကြွက်သားတွေထဲထိ စိမ့်ဝင်ပြီးပေါင်းသွားပြီဆိုရင် ဆေးရဲ့အာနိသင်က ထင်သလောက် အကျိုး မဖြစ်ထွန်းနိုင်ဘူး။ အသက်ရှူကျပ်ရင် လည်ပင်းကိုဖောက်ပြီး အသက်ရှူစက်တွေနဲ့ ကုသပေးဖို့လိုတယ်။ နှလုံးကြွက်သားတွေ ကောင်း၊ မကောင်းစောင့်ကြည့်တဲ့စက်တွေလည်း တပ်ထားဖို့လိုတယ်။ ပြီးတော့ ပင်နီစီလင်စတဲ့ ပိုးသတ်ဆေးတွေထိုးလို့ရတယ်။ ရောဂါပိုးရှိသူနဲ့ အနီးကပ်ပြုစုစောင့်ရှောက်တဲ့သူတွေကိုလည်း ပင်နီစီလင်စတဲ့ ကာကွယ်ဆေးတွေထိုးဖို့ လိုတယ်။
ဆုံဆို့နာရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့အတိုင်း ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အတတ်နိုင်ဆုံး အသုံးချဖို့လိုပါတယ်။ ကာကွယ်ခြင်းနည်းလမ်းတွေထဲမှာ ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပဲ။ ရောဂါကို အပြည့်အဝနီးပါး ၉၅ ရာခိုင်နှုန်း ကာကွယ်ဖို့ဆိုရင် ၁၂ နှစ်အောက် ကလေးတစ်ယောက်ဟာ ဆုံဆို့နာကာကွယ်ဆေး ငါးကြိမ် ထိုးပြီးဖြစ်နေရမယ် ဥပမာ အသက် နှစ်လ၊ လေးလ၊ ခြောက်လ ၊ တစ်နှစ်ခွဲနဲ့ လေးနှစ်တွေမှာ ငါးကြိမ် ထိုးပြီးဖြစ်သင့်တယ်။ အဓိကကတော့ ကျောင်းမနေခင်မှာ ငါးကြိမ်ထိုးထားပြီးရင်တော့ အကောင်းဆုံးပါပဲ။ ဒီထက်ပိုကာကွယ်ချင်ရင်တော့ အသက်အရွယ်မရွေး ၁၀ နှစ်တစ်ကြိမ်အားဖြည့် ထိုးသင့်ပါတယ်။ ကာကွယ်ဆေးထိုးလို့ အခန့်မသင့်ရင် ဓာတ်မတည့်တာတော့ဖြစ်တတ်တယ်။ ဓာတ်မတည့်တာက ကလေးတွေထက်စာရင် လူကြီးတွေမှာ ပိုဖြစ်တတ်တယ်။ ကာကွယ်ဆေးကို သိုလှောင်ရာမှာလည်း ၂ – ၈ ဒီဂရီစင်တီဂရိတ်မှာ ထားသင့်တယ်။ အဲဒီလိုစနစ်တကျ ထားသိုမှသာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ကောင်းကောင်းရရှိနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောပြချင်တာကတော့ ဆုံဆို့နာရောဂါလက္ခဏာတွေ ခံစားရတာ ဒါမှမဟုတ် ဆုံဆို့နာရောဂါ ဖြစ်ပွားတယ်လို့ သံသယရှိရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးဆက်သွယ်ပြီးတော့ ကုသမှုခံယူဖို့လိုပါတယ်။ ဒါမှသာ ဆုံဆို့နာရောဂါကြောင့် အသက်သေဆုံးမှုကို ထိရောက်စွာကာကွယ်နိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်မှာ ဖြစ်တဲ့အကြောင်း မေတ္တာစကားလေးပါးလိုက်ပါရစေ။ ။
ဒေါက်တာသိန်းစိုးထွန်း
ဆီးချိုနှင့်ဟော်မုန်းပါရဂူ