စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသောဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန်အတွက် ဆရာဝန် လိုအပ်ချက်ရှိသော ဆေးရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော

နေပြည်တော်၊ သြဂုတ် - ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။
    
အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဝေးလံခေါင်ဖျား ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များ တက်ရောက်ကြသည်။

နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအခြေအနေ

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အခမ်းအနားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် မိမိတို့ သဘောဆန္ဒအလျောက် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားများ ကျန်းမာကြံ့ခိုင်မှုသည် အဓိကနေရာ၌ ပါဝင်ကြောင်း၊ "အာရောဂျံ၊ ပရမံ၊ လာဘံ "ဟူသည့် စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လူတိုင်းသည် သက်ရှည် ကျန်းမာခြင်းကို လိုလားကြပါကြောင်း၊ သို့သော်လည်း မွေးကင်းစအရွယ်မှစ၍ သေဆုံးခြင်း၊ လူငယ်ပိုင်း၊ လူလတ်ပိုင်းတို့တွင် မကျန်းမာခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရခြင်းများကို ကြုံတွေ့ကြရပြီး သက်တမ်းစေ့ နေထိုင်ရခြင်း မရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်သာရှိပြီး ဂျပန်နိုင်ငံသည် ၈၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မျှော်မှန်းသက်တမ်း တိုတောင်းသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ကျန်းမာရေးအရ အားနည်းချက်များ ရှိနေသည်ကို ရိုးရှင်းစွာ တွေ့ရှိရမည်ဖြစ်ကြောင်း။

တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့များ စတင်စေလွှတ်ကုသ

၂၀၁၂ ခုနှစ်တွင် ကယားပြည်နယ်သို့ ခရီးစဉ်များသွားရောက်ရာ၌ ကျန်းမာရေးအရ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တပ်မတော်ဆေးအဖွဲ့များစတင် စေလွှတ်ကုသစေခဲ့ပါကြောင်း၊ ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးစဉ် အရေးပေါ် ကျန်းမာရေး အခြေအနေဖြစ်သည့် အူခေါက်လူနာတစ်ဦးကို ကုသမှုဆောင်ရွက်ပေးခဲ့ရပြီး အခြေအနေ ဆိုးဝါးသည်ကို တွေ့ရှိရသဖြင့် လွိုင်ကော်ဆေးရုံတွင် ကုသ၍မရဘဲ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ကာ အချိန်မီအသက်ကယ် ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အခြားမျက်စိခွဲစိတ် လူနာ၊ အထွေထွေရောဂါလူနာများကိုလည်း ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒေသခံပြည်သူများကလည်း ဝမ်းပန်းတသာဖြင့် လာရောက် ကုသခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဝေးလံခေါင်ဖျားသည့် ဒေသများတွင်လည်း ဆရာဝန်လိုအပ်ချက်များရှိ နေသည်ကို သတိပြုသိရှိခဲ့ရကြောင်း။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု

၂၀၁၅ ခုနှစ်၊ နာဂရိုးရာပွဲသွားရောက်ခဲ့စဉ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသခံများ၏ တောင်းဆိုမှုကြောင့် အဆိုပါ ဒေသသို့ သွားရောက်လိုသည့် တပ်မတော်သားဆရာဝန်များ ကိုယ်တိုင်ဆန္ဒပြုသည့်စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ဆန္ဒပြုသူ များပြားသဖြင့် ပြန်လည်စိစစ်၍ ရွေးချယ်စေလွှတ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် တာဝန်လဲလှယ် ထမ်းဆောင်စေခဲ့ကြောင်း၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကာကွယ်စောင့်ရှောက်ခြင်းအပြင် ကျန်းမာရေးကောင်းမှ အသက်ရှည်မည် ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းသည် ကြီးမားသောတာဝန်ဖြစ်ပြီး အလွန်ကုသိုလ်အကျိုး ဖြစ်ပေါ်စေသည့် အလုပ်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် သဒ္ဒါစိတ်အရင်းခံရှိကြပြီး လူမှုရေးအသင်းအဖွဲ့များစွာရှိသည်ကို လည်းတွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကာလတွင်  (COVID-19)ရောဂါ ပြန်လည်ဖြစ်ပေါ်လျက်ရှိပြီး Second Wave ဖြစ်ပေါ်သည်ဟု မဆိုနိုင်သော်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကူးစက်မှုနှုန်း အထူးမြင့်မားနေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်သို့ မိမိသဘောဆန္ဒအလျောက် ယာယီတာဝန် ထမ်းဆောင်ကြမည့် ပါရဂူဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၄ ဦး စစ်တွေမြို့သို့ ရောက်ရှိသည့် သတင်းများကို လူမှုကွန်ရက် စာမျက်နှာများ၌ တွေ့ရှိရသဖြင့် ၎င်းတို့အတွက် လွန်စွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယင်းသို့ မိမိကိုယ်ကျိုးစွန့်၍  တိုင်းပြည်အတွက် ဆောင်ရွက်ကြသည့်သူများသည် လွန်စွာတန်ဖိုး ရှိပါကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ၏ ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့မှုများကိုလည်း အသိအမှတ်ပြု ပါကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအတွက် မိမိသဘောဆန္ဒအလျောက် Volunteer   လုပ်ဆောင်တတ်သည့် စိတ်ဓာတ် ကိုလေးစား ပါကြောင်းနှင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။

ယခုကဲ့သို့ ဝေးလံခေါင်ဖျား ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်အတွက်လည်း တပ်မတော်သား ဆရာဝန်များကို ခံစားခွင့်များပေးထားပြီး မဟာသင်တန်းဝင်ခွင့် အရည်အချင်းစစ်သင်တန်းကို ကင်းလွတ်ခွင့် ပေးထားပါကြောင်း၊ သို့သော်လည်း မဟာသင်တန်းသည် အရေးကြီးသဖြင့် သင်တန်းကာလတစ်လျှောက် အရည်အချင်းစစ်စာမေးပွဲနှင့် ပုံမှန်စာမေးပွဲများကို အောင်မြင်အောင် မိမိကိုယ်တိုင်ကြိုးစား သင်ယူသွားရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် နေစဉ်အတွင်း မအားလပ်သည့်အချိန်အတွင်းမှ စာပေများ လေ့လာခဲ့ပါက သင်တန်းတက်ရောက်ရာတွင် ပိုမိုအထောက်အကူ ဖြစ်စေမည်ဖြစ် ကြောင်း။

၄နှစ်အတွင်း လူဦးရေသုံးသိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

တပ်မတော်သားဆရာဝန်များ သွားရောက်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကုသပေးနိုင်မှုများ အနေဖြင့်၂၀၁၆ ခုနှစ်၊ မတ်လမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၈၄၆၄ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၁၃၆၂၃ ဦး၊ ကလေးရောဂါ ၃၁၂၄၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၁၈၀၉ ဦး၊ အရိုးရောဂါ ၁၀၈၈၅ ဦး၊ နား/နှာခေါင်း/လည် ချောင်းရောဂါ ၃၅၈၃၈ ဦး၊ မျက်စိရောဂါ ၂၂၄၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ၃၆၄၅ ဦး၊ အထွေထွေရောဂါ ၈၅၆၆၀ ဦး၊ စုစုပေါင်း ၃၇၃၄၁၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းဒေသများသည် နယ်မြေတည်ငြိမ်အေးချမ်းသည့် ဒေသများဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိရန် လိုအပ်နေသည့်  နယ်မြေအသီးသီးရှိ ဒေသများတွင် ယခုထက်ပိုမို၍ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ရှိနေမည် ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် ပညာရေး  

ကျန်းမာရေးကောင်းမွန်မှသာလျင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ပညာကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် ငြိမ်းချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးတွင် ထောက်ပြပြောဆိုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၃ နှစ်တာကာလအတွင်း ကျောင်းနေသူဦးရေ ၁၆ ဒသမ ၁၄၃ သန်းခန့်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၅ တန်း ကျောင်းသားဦးရေမှာ ၈ ဒသမ ၀၅ သန်းကျော်သာ ရှိကြောင်း၊ ကျောင်းနေသူ  ၁၆ သန်းကျော်အနက် ၈ သန်းကျော်သာ ၅ တန်းသို့ ရောက်ရှိခဲ့၍ ၅၀ ရာခိုင်နှုန်းခန့်သာ ၅ တန်းပညာသင်ကြားနိုင်သည်ဟု ဆိုနိုင်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထုတ် ပြန်ခဲ့သည့် လူဦးရေနှင့် သန်းခေါင်စာရင်းအရ ပညာသင်ကြားရမည့်အရွယ် အသက် ၅ နှစ်မှ ၂၁ နှစ်အထိ အုပ်စု ၅ စုခွဲ၍ မေးမြန်းစာရင်း ကောက်ယူခဲ့ရာ လူဦးရေ ၅ ဒသမ ၆ သန်းခန့်သည် ကျောင်းလုံးဝနေခဲ့ဖူးခြင်း မရှိသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ၅ တန်းသို့ ရောက်မလာသည့် ၈ သန်းကျော်နှင့် ပညာမသင်ကြားရသည့် ၅ သန်းကျော် စုစုပေါင်း ၁၃ သန်းကျော်သည် ၅ တန်းအောက် ပညာအရည်အချင်းသာ ရှိသည်ကို တွေ့ရှိရကြောင်း၊  နိုင်ငံ၏ ပညာတတ်မြောက်မှု အခြေအနေ သည် စိုးရိမ်စရာအခြေအနေ ဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပျမ်းမျှအားဖြင့် အသက် ၅ နှစ်မှစ၍ ပညာစတင်သင်ကြားခဲ့ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်တန်းတို့တွင် တူညီသည့်အရွယ်၊ ပညာသင်ကြားမှု၊ ပတ်ဝန်းကျင်တို့သည် ကွာခြားမှုများ ကြီးမားစွာရှိမည် မဟုတ်သော်လည်း တက္ကသိုလ်ပညာ သင်ကြားမှုများ မှတစ်ဆင့် အတွေးအခေါ်များ ကွာခြားသွားမည်ဖြစ်ကြောင်း၊ အတန်းပညာနှင့် အတတ်ပညာ တတ်မြောက်မှုတွင် အတွေးအခေါ်သည် အဓိကအရေးကြီးပြီး ပညာရေးနှင့် ပတ်သက်၍ အားပေးကြရမည်ဖြစ်ကြောင်း။

ဒေသခံတို့၏ ပညာရေးကိုပါ ဆောင်ရွက်ခဲ့  

  ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြရာ၌ ကျောင်းနေအရွယ် ကလေးငယ်များကို စာပေပညာများ ကူညီသင်ကြားပေးခဲ့ကြသည်ဟု သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် အခြေခံလိုအပ်များကိုလည်း တင်ပြ၍ လိုအပ်သည်များကို ကူညီပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ အနေဖြင့် ကျန်းမာရေးကောင်းမွန်မှုရှိရမည်၊ ပညာရေးကောင်းမွန်ရမည်၊ ပို့ဆောင်ဆက်သွယ်မှု ကောင်းမွန်ရမည်၊ လျှပ်စစ်စွမ်းအားရှိရမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ မည်သို့ပင်ဆောင်ရွက်နေစေကာမူ အဓိကအရေးကြီးသည့် လျှပ်စစ်စွမ်းအား ရရှိရေးကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို သဘာဝအရင်းအမြစ်များမှတစ်ဆင့် ထုတ်ယူနိုင်သည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်း မရှိကြောင်း၊ တာဝန်ထမ်းဆောင်ရသည့် နယ်မြေဒေသအသီးသီးမှ ဒေသခံများကို မိမိဒေသ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားထုတ်လုပ်မှုများကို နားလည်သဘောပေါက်အောင် ရှင်းပြကြရမည်ဖြစ်ကြောင်း။

(COVID-19) ကာလ ကူညီစောင့်ရှောက်မှုများ

တပ်မတော်အနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် အရပ်သား(အစားခန့်) ဝန်ထမ်းများ၏ လုပ်ခလစာမှ တစ်ရက်လုပ်အားခ နှစ်လစာ လှူဒါန်းငွေ ရရှိမှုများဖြင့် ဆေးကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသားနယ်မြေများသို့ ကျပ်သန်း ၆၀၀ ကျော်၊  အရပ်ဘက်အဖွဲ့အစည်းများ၊ အနုပညာအဖွဲ့အစည်းများသို့ ငွေကျပ် ၆၁ သန်းကျော်၊  စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့များသို့ ငွေကျပ် ၇ ဒသမ ၄ ဘီလီယံကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ငွေကျပ် ၁၇၇ သန်းကျော်၊ နယ်မြေဒေသ အသီးသီးမှ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနများသို့ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်၊ ဆေးရုံတက်လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဖြည့်စွက်အာဟာရ ကျွေးမွေးနိုင်မှုအနေဖြင့် ငွေကျပ် ၁၇၇ သန်းကျော်ဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းအနေဖြင့် ၁၂ ဘီလီယံကျော် လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ငွေကြေးသတ်မှတ်နိုင်မည် ဖြစ်သော်လည်း ကျန်းမာရေးအရ တန်ဖိုးမဖြတ်နိုင်သည့် ကူညီမှုပင် ဖြစ်ပါကြောင်း။
    
မိမိတို့ နိုင်ငံတွင်မကြာမီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည်ဖြစ်၍ မိမိတိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို မိမိသဘောဆန္ဒနှင့်အညီ ရွေးချယ်မဲပေး နိုင်ပါကြောင်း၊  တိုင်းပြည်၏ကောင်းရာ   ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို စိတ်ကြိုက် ရွေးချယ်ကြရမည် ဖြစ်ကြောင်း၊ မိမိရွေးချယ်ပေးလိုက်သည့်သူသည် တိုင်းပြည်အတွက် အကျိုးရှိရန် လိုအပ်ပြီး မိမိရွေးချယ်သူသည် တိုင်းပြည်အတွက် ကောင်းကျိုး မဖြစ်ပါက ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ကြောင်း၊ ဆယ်နှစ်တာ တွေ့ကြုံခဲ့သည့် အတွေ့အကြုံများဖြင့် ဆင်ခြင်သုံးသပ်၍ ၂၀၂၀ ပြည့်နှစ်အလွန်တွင် တိုင်းပြည်ကိုပိုမို၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည့်သူများ ရရှိရေးမှာ မိမိတို့ဆန္ဒမဲပေးသူများ၏ တာဝန်သာဖြစ်ကြောင်း၊ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော ပြည်သူလူထုကိုလည်း ပြောပြရန်လိုကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ကိုယ်စားလှယ်ကောင်းများ ရွေးချယ်ရာတွင် ပြည့်စုံရန်လိုအပ်သည့်  အချက် ၆ ချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ပါကြောင်း၊ ၎င်းအချက်များအပြင် အခြားကောင်းမွန်သော အရည်အချင်းများဖြင့် ပြည့်စုံ ပါက   ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဂုဏ်ပြုခံဆေးမှူးများ အားလုံးအနေဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

ဂုဏ်ပြုလက်ဆောင်ပေးအပ်    
    
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ ဆရာဝန်များကိုယ်စား ဆေးမှူးတစ်ဦးက လက်ခံ ရယူသည်။

အဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံ    
    
ထို့နောက် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များကိုယ်စား ဆေးမှူး ဗိုလ်ကြီးရန်နိုင်လင်းက ဆေးဝါးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရမှုများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝမရရှိသော ဝေးလံခေါင်ဖျားသည့် ချင်း၊ နာဂဒေသများတွင် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ၌ မိမိတို့၏ အသေးစိတ် လိုအပ်ချက်များဖြစ်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အဝတ်အထည်အသုံးအဆောင် ပစ္စည်းများ အပြင် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ အုပ်ချုပ်ထောက်ပံ့မှုပစ္စည်းများ၊ (COVID-19)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည့်အတွက် မိမိတို့၏ တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ရောဂါကုသရေး လုပ်ငန်းများအပြင် ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ ပညာရေး၊ စားဝတ်နေရေး လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုပါ တတ်နိုင်သရွေ့ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးတစ်ခုတည်းသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သိရှိနားလည်ခွင့်ရခြင်းသည် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများပင် ဖြစ်ပါကြောင်း။

ဒေသခံပြည်သူလူထုကနွေးထွေးစွာတုံ့ပြန်    
    
မိမိတို့အဖွဲ့တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးသူ ၆ ဦး၊ ဒီပလိုမာဘွဲ့ရရှိပြီးသူ ၃ ဦးနှင့် ဆေးပညာဘွဲ့ရရှိပြီးသူ ၃၅ ဦး၊ စုစုပေါင်း ၄၄ ဦးပါဝင်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်အထိ ၂ နှစ် ၄ လကျော် တာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ ဝေးလံခေါင်ဖျား၍ ဆရာဝန်လိုအပ်ချက်ရှိသည့် မြို့နယ် ၃ မြို့နယ်နှင့် တိုက်နယ် ၁၉ ခု၊ စုစုပေါင်း ၂၂ နေရာတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပြင် ပြည်သူအကျိုးပြု လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒေသခံပြည်သူလူထုက ကျေနပ်အားရပြီး နွေးထွေးသည့် တုံ့ပြန်မှုများကိုရရှိခဲ့ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခဲ့သကဲ့သို့ မိမိတို့၏ ဆေးပညာရပ်ဆိုင်ရာ အရည်အသွေး တိုးတက်မြင့်မားရေး အတွက်လည်း ပိုမိုလေ့လာဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် လည်းကောင်း၊ တာဝန်ထမ်းဆောင်ရာမှ ပြည်လည်ရောက်ရှိချိန်တွင်လည်းကောင်း အစစအရာရာ အဆင်ပြေအောင် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဘက်ရည် ဖြင့်တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုလက်ဘက်ရည် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။ 

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝေးလံခေါင်းပါး ဒေသများတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား တစ်ဦးချင်းရင်းရင်းနှီနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ 
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တပ်မတော်သားဆရာဝန်များ တာဝန်ထမ်းဆောင်ခဲ့မှု အနေဖြင့် ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း အသီးသီး တာဝန်လဲလှယ်ထမ်းဆောင်ခဲ့ကြပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း တပ်မတော်သားဆရာဝန် ၄၄ ဦးသည် တတိယအကြိမ်အဖြစ် သွားရောက်တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။