(၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

နေပြည်တော် မတ် ၂၇

 

ယနေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြု ကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး များနှင့်ဇနီးများ ကန်တော့ခံ တက်ရောက်ကြပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြုကန်တော့ကြ သည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဂါရဝပြုစကားပြောကြားသည်။ ၎င်းနောက် တက်ရောက်လာကြသူများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာ နှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

 

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများ ကိုယ်စား ဗိုလ်ချုပ် သူရစောဖြူ (အငြိမ်းစား) နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(အငြိမ်းစား)တို့က ဩဝါဒစကားများ  ပြန်လည်ပြောကြားကြသည်။

 

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာဂါရဝပြု ပေးအပ်ကြကြောင်း သတင်းရရှိသည်။