နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမိတ်ဆက် အမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးများ၌ ချမှတ်ခဲ့သည့်မူဝါဒများ၊ လမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ရပ်ရွာတည်ငြိမ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြို့နယ်နှင့် ရပ်ကွက်များအတွင်း အကြမ်းဖက်သူများ စိမ့်ဝင်လှုပ်ရှားမှုမရှိစေရေး အသေးစိတ်စစ်ဆေးဆောင်ရွက်ရန်ကိစ္စရပ်များ၊ CDM လှုပ်ရှားမှု၊ CRPH လှုပ်ရှားမှုနှင့် အကြမ်းဖက် လှုပ်ရှားမှုများကို ဦးစီးဦးဆောင် ဆောင်ရွက်နေသူများအား အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်ရန်နှင့် ဖမ်းဆီးရမိပါက ဥပဒေအရ ထိရောက်လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ပြောကြားရာတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ငွေကြေးများပုံမှန် လည်ပတ်နိုင်စေရန် မြို့နယ်အလိုက်ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ လုပ်ငန်းများလည်ပတ်နိုင်စေရေး လိုအပ်သည်များဝိုင်းဝန်းဆောင်ရွက်ပေးရန်၊ COVID-19 ရောဂါကြောင့် ယိုင်နဲ့နေသည့် စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများ၊ စီးပွားရေးနှင့် ဆက်နွှယ်လျက်ရှိသော လျှပ်စစ်စွမ်းအားလုံလောက်မှုရှိစေရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုနိုင်ရေး၊ ဆိုလာလျှပ်စစ်ဓာတ်အားပေး စနစ်ဖြင့် တိုးမြှင့်သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ အလတ်စား ရေအားလျှပ်စစ်စီမံကိန်းများ ရရှိစေရေးအတွက် ကြိုးပမ်းရှာဖွေဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများကို ပြောကြားသည်။ ဆက်လက်ပြောကြားရာတွင် လမ်းပန်းဆက်သွယ်မှုချောမွေ့စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးမြှင့်စေရေး၊ ခရီးသွားလုပ်ငန်းတိုးတက်စေရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများကို ပြောကြားခဲ့ပြီး ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်၍ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေးများ လုံလောက်စွာ ထပ်မံရောက်ရှိလာမည့် အခြေအနေများ၊ ဆရာဝန်များအနေဖြင့် ကျင့်ဝတ်ပဋိညာဉ်များနှင့်အညီ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် လိုအပ်သည့် အခြေအနေများ၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ လုံခြုံရေးတို့အတွက် နယ်မြေခံတပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာန အစီအမံဖြင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဆရာ၊ ဆရာမများအား လိုအပ်သည့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် လိုအပ်သည့် အကူအညီပေးအပ်ရေး ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း မှာကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။