အစ္စရေး၌ ရုပ်ရှင်ချစ်သူများအတွက် ရေပေါ်ရုပ်ရှင်ရုံဖွင့်လှစ်

အစ္စရေးနိုင်ငံ၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေး ကန့်သတ်ချက်များကြောင့် ပြဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကို ပိတ်ထားရစဉ် ရုပ်ရှင်ချစ်သူများအတွက် ရေပေါ်ရုပ်ရှင်ရုံကို တဲအဗစ်မြို့ရှိ ယာကွန်ပန်းခြံ၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ယာကွန်ပန်းခြံရှိ ရေပေါ်ရုပ်ရှင်ရုံကို လူလေးဦးအထိ လိုက်ပါနိုင်သည့် ခြေနင်း လှေငယ်များ အသုံးပြုပြီး စမ်းသပ်ကြည့်ရှုမှု အောင်မြင်ပြီးနောက် သြဂုတ် ၂၂ ရက်မှ  သြဂုတ်လကုန်အထိ ညနေတိုင်းဖွင့်လှစ် ပြသမည်ဖြစ်သည်။

အဆိုပါ ရေပေါ်ရုပ်ရှင်ရုံ၌ ကျန်းမာရေး စံချိန်စံညွှန်း များနှင့်အညီ ရုပ်ရှင်တစ်ကြိမ် ပြလျှင် လှေတစ်စင်းစီကို ၂ မီတာအကွာ အဝေးထားသည့်အခါ လှေအစင်း ၇၀ အထိ ဆံ့ကြောင်း သိရသည်။

ထိုအစီအစဉ်သည် စိတ်ကူးကောင်းနှင့် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ကြောင်း ရုပ်ရှင်ချစ်သူတစ်ဦးက ပြောသည်။ ထိုသို့ နည်းဖြင့် ရုပ်ရှင်ပြသမှုကို  ပုံမှန်ပြုလုပ်ရန် အခြားရုပ်ရှင်ချစ်သူတစ်ဦးက တောင်းဆိုကာ ပိုမိုကြီးမားသော ဖန်သားပြင်တပ်ဆင်ရန်နှင့် လှေများကို အစီအစဉ်တကျ နေရာချရန်လည်း အကြံပြုထားသည်။

အစ္စရေးနိုင်ငံ၌ သြဂုတ် ၂၃ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၂၀၈၀ နှင့် သေဆုံးသူ စုစုပေါင်း ၈၁၉ ဦး ရှိကြောင်း သိရသည်။

Ref: The Straits Times