ကစားသမားများကြံ့ခိုင်မှု ကောင်းမွန်သဖြင့် မကွေးအသင်းကို ဂိုးပြတ်အနိုင်ရခြင်း ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်းနည်းပြဆို

ပြန်လည်စတင်သည့် မြန်မာနေရှင်နယ်လိဂ်  ပထမဆုံးပွဲစဉ်တွင်   ရန်ကုန်ယူနိုက်တက်အသင်းက မကွေးအသင်းကို ၆ ဂိုး-ဂိုးမရှိဖြင့်   ဂိုးပြတ်အနိုင်ရရှိပြီး   အနိုင်သုံးမှတ် အပြည့်ရယူနိုင်ခဲ့သည်။

ယင်းပွဲ၌ ရန်ကုန်ယူနိုက်တက်အသင်းကစားသမားများအနေဖြင့် ကြံ့ခိုင်မှုကောင်းကောင်းဖြင့် ကစားနိုင်သောကြောင့် မကွေးအသင်းကို ဂိုးပြတ်အနိုင်ရခြင်း ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို   ပထမပိုင်းတွင်   ဘာဖို၊ မောင်မောင်လွင်နှင့်   အီမန်နျူရယ်တို့က  တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး  ဒုတိယပိုင်းတွင် လူစားဝင်လာသည့် ကြည်လင်းက နှစ်ဂိုး၊ ရန်ပိုင်စိုးက တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာပြီး  ပွဲချိန် ၁၄ မိနစ်တွင် သိန်းသန်းဝင်းနှင့်  အီမန်နျူရယ်တို့က အချိတ်အဆက်မိမိဖြင့် မောင်မောင်လွင်ထံပေးပို့ရာ မောင်မောင်လွင်က   ကန်သွင်းရန် ကြိုးစားခဲ့သော်လည်း  အားပျော့ပြီး     ဂိုးသမားဖမ်းမိခဲ့သည်။

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းက ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ကာ ပွဲချိန် ၂၆ မိနစ်တွင်  ရန်နိုင်ဦးက ဘယ်ခြမ်းမှ ဂိုးရှေ့ကန်တင်ပေးရာ  ဘာဖိုက အပိုင်ခေါင်းတိုက်သွင်းနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရရှိခဲ့သည်။   ဆက်လက်၍   ကွင်းလယ်မှ ကောင်းထက်စိုး၏ ဖန်တီးပေးမှုဖြင့် ပွဲချိန် ၄၁ မိနစ်နှင့် ၄၅ မိနစ်တို့တွင် မောင်မောင်လွင်နှင့်   အီမန်နျူရယ်တို့က   တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင်  ရန်ကုန်ယူနိုက်တက်အသင်းက  မကွေး အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း     ပွဲချိန် ၇၁ မိနစ်တွင် မောင်မောင်လွင်က ညာခြမ်းမှ ဂိုးရှေ့ချိုးချပေးရာ ရန်ပိုင်စိုးက အနီးကပ် သွင်းယူ နိုင်ခဲ့သည်။ ဆက်လက်၍ အချိတ်အဆက်မိမိဖြင့် ယှဉ်ပြိုင်ခဲ့ရာ ကြည်လင်းက ပွဲချိန် ၈၂ မိနစ်နှင့် ၈၉ မိနစ်တို့တွင် ရန်ကုန်ယူနိုက်တက် အသင်းအတွက်  နှစ်ဂိုးထပ်မံ သွင်းယူပေးနိုင်ခဲ့သည်။   ထို့ကြောင့်   ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မကွေးအသင်းကို ၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။            

ကိုရဲ