နိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန်ရည်မှန်းထားသည့် Royal Ruby FC ဥက္ကဋ္ဌ ဦးဘုန်းပြည့်စုံဦးနှင့် တွေ့ဆုံခြင်း

မြန်မာ့ဘောလုံးလောက တိုးတက်ရန် စိတ်အားထက်သန်ပြီး အသင်းသစ်ဖွဲ့စည်းထားသည့် Royal Ruby FC ဥက္ကဋ္ဌ ဦးဘုန်းပြည့်စုံဦးနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို စာဖတ်သူများ သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။ 

Royal Ruby FC မှာ တာဝန်ယူရတဲ့ ရာထူးနဲ့အမည်ကို မိတ်ဆက်ပေးပါဦး။

ကျွန်တော့်နာမည်က ဦးဘုန်းပြည့်စုံဦးဖြစ်ပါတယ်။ ကျွန်တော်က  Royal Ruby FC မှာ ဥက္ကဋ္ဌတာဝန်ယူထားပါတယ်။

အသင်းရဲ့ရည်မှန်းချက်နဲ့    လက်ရှိလှုပ်ရှားမှုတွေကို ပြောပြပေးပါဦး။

ရည်မှန်းချက်က အသင်းအောင်မြင်ဖို့၊ ကစားသမားတွေမွေးထုတ် ပေးနိုင်ဖို့နဲ့ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ဖို့ဖြစ်ပါတယ်။  လက်ရှိလှုပ်ရှားမှုက  ရွက်ပုန်းသီးကစားသမားတွေ    ရှာဖွေရွေးချယ်နေတယ်။ ရွေးချယ်ထားတဲ့ တချို့ကစားသမားတွေကို   Online ကနေပဲ ယာယီ Training ပေးနေပါတယ်။

လက်ရွေးစင်တွေခေါ်ယူဖို့   စီစဉ်နေတယ်လို့ ကြားတယ်။ ပြောပြပေးနိုင်မလား။

ဒါကစီစဉ်နေဆဲပါ။ မကြာခင်တရားဝင်ချပြပါ့မယ်။  အသင်းဟောင်းက  ကစားသမားတွေကို အသင့်အတင့် ခေါ်ယူထားပြီး သက်တမ်းအလိုက်  ချိတ်ဆက်ထားပါတယ်။

ထိုင်းနိုင်ငံကိုခရီးသွားဖို့   စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေတွေ ပြန်ကောင်းရင် ဘယ်လိုများ စီစဉ်ထားသလဲဆိုတာ ပြောပြပေးပါဦး။

ထိုင်းနိုင်ငံသွားဖို့က သင်တန်းကျောင်းအတွက်ပါ။  သွားဖြစ်ရင်  အမျိုးသမီးအသင်းပါနိုင်ပါတယ်။ အခု ယာယီဆိုင်းငံ့ထားပါတယ်။

အသင်းအနေနဲ့ အမျိုးသမီးအသင်းဆိုပေမယ့် အတော်လေးကြိုးပမ်း အားထုတ်နေတာကို သတိထားမိပါတယ်။ အဲဒီအပိုင်း ကိုရော ဘာများ ပြောချင်ပါသေးလဲ။

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလဆိုတော့ အမျိုးသမီးပြိုင်ပွဲတွေက   ဝေးနိုင်ပါတယ်။   ပြင်ဆင်ချိန်တော့ ပိုရတယ်။  ဝင်ခွင့်တင်ထားတာကလည်း နောက်ကျတော့ အားရလောက်တဲ့အထိ ပြင်ဆင်ရဦးမှာပါ။  အမျိုးသမီးအသင်း ကနေ    အမျိုးသားသင်တန်းကျောင်း၊ အမျိုးသားအသင်းအထိ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက်   ပရိသတ်တွေ အနေနဲ့ အားပေးကြပါလို့ ပြောချင်ပါတယ်။

လက်ရှိ   အသင်းစပွန်ဆာပိုင်းနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

စပွန်ဆာပိုင်းကို   ဇွဲသောက်ရေသန့်နဲ့  Royal  Ruby  MGK Co.,Ltd. တို့ ပူးပေါင်းပြီး တာဝန်ယူထားပါတယ်။

Covid-19  ရောဂါဒုတိယလှိုင်းက  မလွဲမရှောင်သာဖြစ်လာခဲ့ရင် အသင်းသစ်တွေအနေနဲ့  တွေ့ကြုံရမယ့် အခက်အခဲတွေကို ပြောပြပေးပါဦး။

အသင်းသစ်တွေပြင်ဆင်ဖို့ ထိခိုက်နိုင်ပြီး ကစားသမားတွေနဲ့ နည်းပြတွေအတွက်လည်း နစ်နာမှုတွေရှိနိုင်ပါတယ်။ လုပ်ငန်းတွေအတွက်လည်း  အခက်အခဲတွေပေါ် လာနိုင်ပါတယ်။

လက်ရှိတည်ဆောက်နေဆဲ အသင်းသစ်တွေအတွက် ဘာများပြောချင်ပါသေးလဲ။

အသင်းသစ်တွေပေါ်ပေါက်လာဖို့ ကြိုးစားပေးကြပါ။ လက်ရှိ ရှိနေကြတဲ့ အသင်းဟောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အနေနဲ့လည်း လက်တွဲခေါ်ကြပါ။ ဒါမှ ကျွန်တော်တို့လိုလားတဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်လို့   ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။                 

  ကိုရဲ