တောင်ကြီးမြို့နယ်၌ စတော်ဘယ်ရီများ စတင်စိုက်ပျိုး

တောင်ကြီးမြို့နယ်၌ စတော်ဘယ်ရီများ စတင်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စု မဲဟဲကျေးရွာ၌  စတော်ဘယ်ရီများ စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။ ''ကျွန်တော်က စတော်ဘယ်ရီ စိုက်တာ နှစ်နှစ်ပဲရှိသေးတယ်၊ စစိုက်တဲ့နှစ်က မျိုးဝယ်ရတယ် ဒီနှစ်တော့ ကိုယ်ပိုင်မျိုးနဲ့ စိုက်ရတော့ မျိုးဖိုးသက်သာတာပေါ့၊ ထိုင်ဝမ်မျိုးပဲစိုက်တယ်၊ ဒေသမျိုးက အလုံးသေးပြီး ပျော့တယ်၊ ထိုင်ဝမ်မျိုးက အလုံးကြီးပြီး မာတယ်၊ ဈေးက သိပ်မကွာဘူး ထိုင်ဝမ်မျိုးက ခရီးဝေးလည်း ပို့လို့ရတယ်၊ ဒါကြောင့် ထိုင်ဝမ်မျိုးပဲ စိုက်တဲ့သူများတယ်၊ စတော်ဘယ်ရီက မစိုက်ခင် မြေဆွရတယ်၊ ကျင်းတူးရတယ်၊ မြေအောက်ကို မြေသြဇာအဖြစ် ကြက်ချေးထည့်ရတယ်၊ မျိုးကတော့ အရင်နှစ်က စိုက်ထားတဲ့ အပင်တွေကို နုတ်ပြီး အရွက်တွေ ဖြတ်ပစ်ရတယ်၊ အပင်တွေကိုခွဲပြီး  ခြောက်လက်မလောက် ခြားထားတဲ့ ကျင်းထဲကို စိုက်ရတယ်၊ ရေကတော့ တစ်ပတ်တစ်ခါ သွင်းရတယ်၊ စိုက်ပြီး သုံးလလောက်ဆိုရင် အသီးသီးပြီ၊ သီးရင်တစ်ပတ်တစ်ခါ အကြီးရွေးပြီးခူးလို့ရပြီ၊ အသီးခူးပြီးတိုင်းလည်း ရေသွင်းရပါတယ်၊ အရင်နှစ်က စတော်ဘယ်ရီပေါ်စမှာ တစ်ခြင်းကို ငွေကျပ် ၃ဝဝဝ ရတယ်၊ အသီးတွေပေါလာတော့ ဈေးက တစ်ခြင်းကို ၈ဝဝ လောက်ပဲရတယ်၊ ခြံထဲအထိ    လာဝယ်ကြပါတယ်''ဟု တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာ အုပ်စု  မဲဟဲကျေးရွာနေ စတော်ဘယ်ရီစိုက်ပျိုး တောင်သူ  ခွန်ထွန်းဦးကပြောသည်။
 အဆိုပါ   စတော်ဘယ်ရီသီးများကို ဇူလိုင်လ  နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးရပြီး  အောက်တိုဘာလကုန်ပိုင်းတွင် ခူးဆွတ်ရကြောင်းနှင့် စတော်ဘယ်ရီသီးများကို  တောင်ကြီးမြို့ပေါ်ရှိ  ဈေးများသို့   တင်ပို့ရောင်းချ ရကြောင်း  သိရသည်။