ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့)ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော်တန်ဖိုးရှိ အိုက်စ်(မက်အက်ဖက်တမင်း) များနှင့် နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိ

ရန်ကုန်   သြဂုတ်  ၂၃

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့)ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော်တန်ဖိုးရှိ  အိုက်စ်(မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး   လှိုင်မြို့နယ်(၁၃)ရပ်ကွက်  အင်းစိန်လမ်းမကြီးပေါ်ရှိ  DHL ရုံးသို့ သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက ပါဆယ်ပစ္စည်းလာရောက် ပို့ဆောင်မှု၌ မသင်္ကာဖွယ်ရာ ပါဆယ်ထုပ်တွေ့ရှိကြောင်း   သတင်းပို့ချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်လာရောက် ပို့ဆောင်သူ မမြင့်မြင့်ငြိမ်း (ခ)မိုးမိုး  ၃၈ နှစ်၊ ဒေါ်မြင့်မြင့်ငြိမ်း ၅၆ နှစ်နှင့် သိန်းထွန်း ၃၄ နှစ်တို့သုံးဦးအား တွေ့ရှိပြီး ပါဆယ်ထုပ်တွင်ပေးပို့သူ လိပ်စာ၌ Ma  Cho Zin  Htoo, No 6 , Shwe  Hnin  Street,  Sher  Mya   Yar  Industrial  Zone,   Hmawbi Tsp,  Yangon,  Myanmar နှင့် လက်ခံသူလိပ်စာ၌ TONABEL   P-SAN, REDRO  036 PUROK  2 LOURDE  S  LUBAO  PAMPANFA2005-LUBAO.PM  PAMPANGA-PHILIPPINES ဟု  ဖော်ပြပါရှိကြောင်း။

ပါဆယ်ထုပ်အား စစ်ဆေးရာ ကလေးစီးသည့်ကားနှင့် ၎င်းကားဘီးလေးဘီး အတွင်းမှ အိုက်စ်(မက်အက်ဖက်တမင်း) သုည ဒသမ  ၉၅၇ ကီလို(တန်ဖိုးငွေကျပ် ၇၆၅ ဒသမ ၅ သိန်း)အား သိမ်းဆည်းရမိခဲ့၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr.  Obumkaemere  Kelechi  Thankgod  ၃၂ နှစ်အား  ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊  ရွှေနှင်းဆီအိမ်ရာ၊  အမှတ်(၆၁)ရပ်ကွက်၊ တိုက် (B-3) ၊ အခန်း (၁၅၀၇)တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအားစစ်ဆေးရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင်  မြန်မာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသူ Mr.  Agu   Chukwunonso Peter က ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ဇနီးဖြစ်သူထံ အဆိုပါ ပါဆယ်ထုပ်အား ပေးပို့ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း။

Mr.  Obumkaemere  Kelechi  Thankgod ငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နေအိမ်ကို   ဝင်ရောက်စစ်ဆေးစဉ်  ၎င်းနှင့်အတူ နိုင်ဂျီးရီးယားနိုင်ငံသား  Mr.  Duru  Tochukwu  Christian ၂၂ နှစ်၊ Mr. Iziga  Innocent  Chinonso ၂၄ နှစ်နှင့် Mr.  Obiefuna  Benjamin  Tochukwu ၃၁ နှစ်တို့ကိုလည်း တွေ့ရှိစစ်ဆေးရာ ဗီဇာသက်တမ်းကျော် လွန်နေထိုင်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့ကိုလည်း မြန်မာနိုင်ငံ  လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ   ဆက်လက် အရေးယူမည်ဖြစ်ကြောင်း    သိရသည်။