ဝေးလံခေါင်ဖျားသော မြို့နယ်/တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များ၏ စကားသံများ

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများရှိ  မြို့နယ်/တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားဆရာဝန်များအားဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ကျင်းပရာ အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့ကြသော တပ်မတော်သားဆရာဝန်များအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-

ဗိုလ်ကြီးနိုင်မျိုးဆက်(ခွဲစိတ်အထူးကု)

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ဆေးရုံမှာ ၂ဝ၁၈ ခုနှစ် ဧပြီ ၁၂ ရက်ကစတင်ပြီး မိမိသဘောဆန္ဒအရ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရရှိသေးတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာနေထိုင်ကြတဲ့  ဒေသခံပြည်သူများကို  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်အတွက် သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အခုလို တာဝန်ထမ်းဆောင်ရတဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ပြင်ပလူနာဌာနမှာ လူနာများကြည့်ပေးခြင်း၊ အရေးပေါ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ခြင်းနဲ့ မတူပီမြို့နယ်နဲ့ အလှမ်းဝေးကွာလှတဲ့ ကျေးရွာများအထိ နယ်လှည့်ကွင်းဆင်း ကုသပေးခြင်းများကို လုပ်ဆောင်ခဲ့ရတဲ့အပြင် တစ်ဖက်တစ်လမ်းကလည်း ဒေသခံ ပြည်သူများရဲ့ ပညာရေး၊ စားဝတ်နေရေးများတွင် အထောက်အကူပြုနိုင်စေရန် စိုက်ပျိုး/ မွေးမြူရေး လုပ်ငန်းများကိုပါ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ခဲ့ရပါတယ်။ အခုလိုဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူများ အနေနဲ့က ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိရှိဖို့ရန်အတွက်  ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း၊ ဟောပြောပွဲများ မကြာခဏပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးရပါတယ်။ ဒါမှလည်း ပြည်သူများနဲ့ ရင်းနှီးမှု ပိုမိုရရှိနိုင်တဲ့အပြင် လိုအပ်ချက်များစွာကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ပြီး ကျန်းမာရေးသတိ၊ ကျန်းမာရေး အသိပိုမိုရရှိလာနိုင်မှာလည်းဖြစ်ပါတယ်။

ဗိုလ်ကြီးအောင်အောင်(ဆေးမှူး)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယမ်းကြုံးတိုက်နယ်ဆေးရုံမှာ နှစ်နှစ်နဲ့လေးလ သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့ သွားရောက်တာဝန်ထမ်းဆောင်တဲ့ နေရာမှာ ဝေးလံခေါင်ဖျားပြီး ဆရာဝန်လိုအပ်ချက်ရှိတဲ့ နေရာတွေဖြစ်တဲ့ မြို့နယ် ၃ မြို့နယ်၊ တိုက်နယ်ဆေးရုံ ၁၉ခု စုစုပေါင်း ၂၂ နေရာတို့ကို တပ်မတော်သား ဆရာဝန် ၄၄ ဦးတို့က ဒေသခံပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြင် ပညာရေး အစရှိတဲ့လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ပေးရပါတယ်။ ယမ်းကြုံးနဲ့   အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ကလည်း ကျန်းမာရေး လုပ်ဆောင်ရန် အများကြီးအားနည်းပါတယ်။   ပုံမှန်ကာကွယ်ဆေးထိုးနှံရန် အရင်က မရှိခဲ့တဲ့အတွက် ကျွန်တော်တို့သွားမှ   ခက်ခက်ခဲခဲကျေးရွာများအထိ လိုက်လံထိုးနှံပေးခြင်းများ ဆောင်ရွက်ရပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို အရင်က သုည ရာခိုင်နှုန်းအဆင့်ကနေအခုဆို ၃ဝ ရာခိုင်နှုန်းအထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ယမ်းကြုံးကျေးရွာမှာ ပုံမှန်ကာကွယ်ဆေးထားရှိ သိုလှောင်နိုင်ရန် ရေခဲသေတ္တာနဲ့မီးရရှိစေရေးအတွက် ဆိုလာမီးပေးစနစ်ကိုပါ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဗိုလ်ကြီးသန်းဇော်ထွန်း(ဆေးမှူး)

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်တဲ့ ဒုံဟီးတိုက်နယ်ဆေးရုံမှာ မိမိသဘောဆန္ဒအရ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဒုံဟီးကျေးရွာရဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာပြီးခဲ့တဲ့နှစ်က ကူးစက်ရောဂါတွေဖြစ်ပွားခဲ့ တဲ့အတွက် သွားရောက် ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ရပါတယ်။ ဒါတွေဖြစ်ပွားရခြင်းကလည်း  ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများကို   ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ ကျန်းမာရေး အသိအမြင်နည်းပါးခြင်း၊  မြို့ပြနဲ့ဆက်သွယ်မှု ခက်ခဲခြင်း တို့ကြောင့် ရောဂါဖြစ်ပွားခဲ့ရတာ ဖြစ်ပါ တယ်။  ကူးစက်ရောဂါကြောင့်  ကလေးငယ်တွေသေဆုံး မှုတွေရှိခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေအထိ သွားရောက်ကာ ဆေးကုသမှုများ ဆောင်ရွက်ခြင်းနဲ့ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ရပါတယ်။ ပုံမှန်ကာကွယ်ဆေး အနေနဲ့ကတော့ ကလေးငယ်တွေ အသက်အလိုက် ထိုးနှံပေးဖို့ လိုအပ်ပါတယ်။ အခုလိုသွားရောက်ပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုပြုလုပ်ခဲ့ရာမှာ တချို့ကလေးငယ်တွေမှာ အသက်အပိုင်းအလိုက် ထိုးနှံမှုမလုပ်ရသေးတာကို တွေ့ရပါတယ်။ လစဉ်နှစ်စဉ်အလိုက် ပုံမှန်ကာကွယ်ဆေးတွေကို ထိုးနှံမှုတွေ ပြုလုပ်ပေးနိုင်မယ်ဆိုရင် ကူးစက်ရောဂါ ဖြစ်ပွားမှုလျော့နည်းသွားမှာဖြစ်ပါတယ်။

အခုဆို COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေး ခြင်းလုပ်ငန်းများကို   တိုက်နယ်ဆေးရုံကဆရာ၊ ဆရာမများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရပါတယ်။

ဗိုလ်ကြီးထက်ကိုကျော်(ဆေးမှူး)

ချင်းပြည်နယ် လုံဘန်းတိုက်နယ်ဆေးရုံမှာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လုံဘန်းကျေးရွာကို  စတင်တာဝန်ထမ်း ဆောင်ခဲ့ရတဲ့အချိန်မှာ ဘာသာစကား၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများရှိခဲ့ပါတယ်။ နှစ်ကြာလာတော့လည်း ဒေသခံ ပြည်သူလူထုတွေရဲ့ နွေးထွေးမှုတွေအောက်မှာ ပျော်ရွှင်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ နေ့စဉ်လုပ်ဆောင်မှု အနေဖြင့် ပြင်ပလူနာဌာနမှာ လူနာတွေကြည့်ရှုပေးခြင်း၊ ကျောင်းကျန်း မာရေးအသိပညာပေး ဟောပြောခြင်း၊ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာများအထိသွားရောက် ဆေးကုသမှုပေးခြင်းများကို တိုက်နယ်ဆရာဝန်တစ်ဦး၊ ဆရာမလေးဦး၊ အခြားဆေးကုသမှု အထောက်အကူပြု ဝန်ထမ်းများနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အားလပ်တဲ့အချိန်တွေမှာတော့ ကျောင်းသား၊ ကျောင်းသူလေးများကို စာသင်ကြားပို့ချပေးခြင်းများ လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီဒေသမှာနေ ထိုင်သူများအနေနဲ့လည်း ကျန်းမာရေး အသိပညာ အလွန်နည်းပါးပါတယ်။ နေ့စဉ်စား ဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုး လုပ်ကိုင်နေရတဲ့အတွက် ကျန်တဲ့ကျန်းမာရေး၊ ပညာရေးနဲ့ အသိအမြင်တွေ အားလုံးလေ့လာမှု အားနည်းပါတယ်။ ဒါတွေကိုလည်း လုပ်ဆောင်ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်လို့ အကြံပြုပြောချင်ပါတယ်။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများရှိ မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တပ်မတော်သား ဆရာဝန်များအနေဖြင့် ဆေးပညာ မဟာဘွဲ့ရရှိပြီးသူ ခြောက်ဦး၊ ဒီပလိုမာဘွဲ့ရရှိပြီးသူ သုံးဦးနှင့် ဆေးပညာဘွဲ့ရရှိပြီးသူ ၃၅ ဦး စုစုပေါင်း ၄၄ ဦးတို့က ၉-၄-၂ဝ၁၈ရက်မှ ၁၂-၈-၂ဝ၂ဝ ရက်အထိ နှစ်နှစ်နှင့်လေးလကျော် ဝေးလံခေါင်ဖျား၍ ဆရာဝန်လိုအပ်ချက်ရှိသော မြို့နယ်များနှင့်တိုက်နယ်ဆေးရုံ ၂၂ ခုတို့၌  တာဝန်ထမ်းဆောင်ခဲ့ ကြပြီး ဆေးကုသမှုဆိုင်ရာ ရောဂါ ၇ဝ၆၂၄ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၇၃၁ ဦး၊ ကလေးရောဂါ၁၆၉ဝ၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၁၆၈၆ ဦး၊ အရိုးရောဂါ ၄၉၃၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၅၂၂၂ ဦး၊ မျက်စိရောဂါ၁၇၅၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ ၃ဝ၂၅ ဦးနှင့် အခြားရောဂါ၄၆၂ဝ၂ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြ ကြောင်း သိရသည်။   ။