ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင် ရောဂါ

ဦးနှောက်ထဲရောဂါပိုး ဝင်ရောက်တဲ့အခါ ဦးနှောက်အမြှေးပါးကိုရောင်စေကြောင်း၊ ထို့နောက် ပြည်တည်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေကြောင်း၊ ဦးနှောက်ထဲတွင်ရှိသော  CSF  Flowကို ထိခိုက်စေတဲ့အတွက် ဦးနှောက်ထဲ Pressure တက်လာစေကြောင်း၊ ထိုအခါ လူနာများသည် ထိုးအန်လာတဲ့အတွက် ခေါင်းကိုက်ခြင်းဖြစ်ကြောင်းစသည့် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါအကြောင်းကို မြဝတီစာဖတ်ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာခင်မောင်လွင်(FAME)နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။

ယမန်နေ့မှအဆက်

(၇)နောက်ဆုံးအနေနဲ့ လူတိုင်းလူတိုင်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြုရပါမယ်။ အပြင်ကပြန်လာပြီးရင် ရေချိုးတာ၊ ရေချိုးပြီးရင်လည်း လျှော်ဖွပ်ပြီးတဲ့ အဝတ်အစားကိုဝတ်တာ၊ လက်ကိုလိုအပ်ရင် ဆပ်ပြာနဲ့ ဆေးဖို့အထူးသဖြင့် ကလေးသူငယ်တွေကို ထိတွေ့ကိုင်တွယ်ရင်   လက်ဆေးပြီးမှလုပ်ဖို့  အရေးကြီးပါတယ်။

မေး။ ။ ဒီရောဂါအတွက်  ကာကွယ်ဆေးရောရှိပါသလားဆရာ။

ဖြေ။ ။ ကာကွယ်ဆေးတော့ရှိပါတယ်။ Serotype တစ်ခုချင်းစီအတွက် ကာကွယ်ဆေးတစ်မျိုးစီ ထုတ်ပါတယ်။ ဥပမာ- Serotype A အတွက်ထုတ်တဲ့ ကာကွယ်ဆေး(Vaccine)က Serotype B မှာသုံးလို့ မရပါဘူး။ ဒါကြောင့် ဘယ်အမျိုးအစားအတွက် သုံးမှာလဲဆိုတာ အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံမှာတော့ သူတို့နိုင်ငံမှာအဖြစ်များတဲ့ Serotype လေးမျိုးအတွက် Quaderivalent Vaccine  ထုတ်ပါတယ်။ Group A,C,Y နဲ့ W-135 တို့အတွက်ပဲဖြစ်ပါတယ်။ အဲဒီ Vaccine ဟာအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ Group B အမျိုးအစားအတွက် သုံးလို့မရပါဘူး။ အခုဖြစ်နေတဲ့ အမျိုးအစားအတွက် ကာကွယ်ချင်ရင် နီးစပ်တဲ့သူတွေကို Serogroup B Vaccine ထိုးပေးရမှာဖြစ်ပါတယ်။ ဈေးတော့ကြီးပါတယ်။ တစ်လုံးကိုငွေကျပ် သုံးသောင်းကျော်ပါတယ်။

မေး။ ။ ဒီရောဂါဖြစ်နေတဲ့သူတွေကိုရော ကုသလို့ ရပါသလားဆရာ။ ဘယ်လိုဆေးမျိုးတွေနဲ့ ကုသရတယ်ဆိုတာလည်းသိပါရစေ။

ဖြေ။ ။ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် Antibioticကို စောစောစီးစီး ပေးရင် လူနာအများစုက ပြန်ကောင်းပါတယ်။ ဒီဗက်တီးရီးယားဟာ ပင်နီဆီလင်နဲ့သတ်လို့ သေပါတယ်။ ဒါကြောင့် ဆေးရုံကိုစောစောပို့ဖို့ လိုပါတယ်။ ဆေးရုံရောက်တာနဲ့ပ င်နီဆီလင်ဂျီကို အကြောဆေးအနေနဲ့ သွင်းပေးရင် ပိုးတွေသေသွားတဲ့အတွက် အများစုကပြန်ကောင်းလာပါတယ်။ အကယ်၍ ပင်နီဆီလင်နဲ့ မတည့်တဲ့သူတွေကိုလည်း အခြားသင့်လျော်တဲ့ Antibiotic  တွေ (ဥပမာ- Cefotaxime,Chloramphenicol)တို့ပေးရင်လည်း ထိရောက်ပါတယ်။ ဆေးကလည်း ငါးရက်ကနေ ခုနစ်ရက်လောက်အထိသာ ပေးရလို့ ကုသမှု ကုန်ကျစရိတ်လည်း သိပ်မရှိပါဘူး။ ဆေးမသွင်းခင်မှာတော့ သွေးနမူနာယူပြီး ဖြစ်ပွားတဲ့ပိုးနဲ့ သူ့ကိုသေစေတဲ့ အင်တီဘိုင်အိုတစ်ကို ရွေးချယ်ဖို့ Culture & Sensitivity Test လုပ်ဖို့တော့ အရေးကြီးပါတယ်။

မေး။ ။ ဒါဆိုရင် ရောဂါဖြစ်ပွားနေသူတွေကို ထိထိရောက်ရောက် ကုသခဲ့ရင် သေဆုံးမှု လျော့နည်းနိုင်မယ်လို့ ထင်ပါတယ်ဆရာ။ ဘယ်လိုမျိုး လူတွေမှာ အသေအပျောက် ရှိနိုင်သလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ဒီရောဂါဟာ ပြင်းထန်ပြီး အသက်သေဆုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ မကုသဘဲထားရင် ရာနှုန်းပြည့် သေနိုင်တဲ့ရောဂါဖြစ်ပါတယ်။ စောစောစီးစီး ဆေးရုံကို ပို့ပြီး ကုသမှုခံယူတာတောင် အမေရိကန်လိုနိုင်ငံမျိုးမှာ သေဆုံးမှုနှုန်းဟာ ၈-၁၃ ရာခိုင်နှုန်းရှိပါတယ်။ ဆရာတို့ တိုင်းပြည်မှာဒီထက်ပိုမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အထူးသဖြင့် သေဆုံးမှုများစေတဲ့ အချက်တွေကတော့ -

  (၁) ပထမပိုင်းမှာ အပူချိန် အများကြီးတက်ပြီး နောက်မှ ရုတ်တရက်အေးစက်လာရင်

 (၂)အရေပြားပေါ်မှာ အနီစက်တွေထွက်တာ၊ သွားဖုံးသွေးယိုတာ၊ သွေးအန်တာတွေ များရင်

  (၃) သွေးပေါင်ချိန်ကျပြီး Shock ဖြစ်ရင်

  (၄) အသက်ရှူနှုန်း အလွန်မြန်လာရင်

  (၅) သတိမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းဖြစ်ပြီး သတိလစ်သွားရင်

  (၆) ဇက်ကြီးခိုင်ပြီး လှုပ်မရဖြစ်ရင်

  (၇) လူနာဟာအရင်ကတည်းက အာဟာရချို့တဲ့ပြီး ခုခံအားနည်းနေတဲ့သူ ဖြစ်ရင်    သေဆုံးမှုနှုန်း ပိုများစေပါတယ်။

မေး။ ။ ရောဂါဖြစ်ပြီး ပြန်ကောင်းသွားတဲ့ သူတွေကရော အရင်လိုပုံမှန်အတိုင်း  ပြန်ကောင်းနိုင်ပါသလား။ တခြားနောက်ဆက်တွဲ ပြဿနာတွေရော ပေးနိုင်ပါသလားဆရာ။

ဖြေ။ ။ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

  (က) လတ်တလော နောက်ဆက်တွဲပြဿနာများ

အဓိကအနေနဲ့ သွေးကြောများ  ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်အနှံ့  သွေးယိုစီးမှုဖြစ်ခြင်းနဲ့ သွေးပေါင်ချိန် ကျဆင်းခြင်းတို့ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အတွက် ခြေဖျားလက်ဖျားတွေကို သွေးမလျှောက်တော့ဘဲ အောက်ဆီဂျင်ပြတ်ပြီး ပုပ်သွားတတ် ပါတယ်။

အဲဒီအခါမှာ   ခြေတွေလက်တွေ ဖြတ်ပစ်ရလေ့ ရှိပါတယ်။ ခန္ဓာကိုယ် အနှံ့အပြားမှာ ရောင်ရမ်းပြီး ကျန်ခဲ့တတ်ပါတယ်။ ဥပမာ- အရိုးတွေရောင်တာ၊   နှလုံးကြွက်သား တွေရောင်တာ၊   နှလုံးအပြင် အမြှေးရောင်တာ၊ နှလုံးအတွင်းမှာရှိတဲ့ အဆို့ရှင်လေးတွေ ရောင်တာ၊ အဆုတ်ရောင်တာ၊ ဝမ်းတွင်းအမြှေးပါး ရောင်တာ၊ ကျောက်ကပ်ကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်သွားတာ၊ အဆုတ်ထဲမှာ ပြည်တည်နာဖြစ်ပြီး    ကျန်ခဲ့တာ စတာတွေဖြစ်တတ်ပါတယ်။    ဒါကြောင့် ရောဂါသက်သာလို့ ဆေးရုံကဆင်းရင်တောင် ဒီလိုမျိုးတွေရှိ၊ မရှိ  အနည်းဆုံး ၁ဝ ရက်လောက်အထိ စောင့်ကြည့်ဖို့လိုပါတယ်။

  (ခ)ရေရှည်ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ

      (၁)ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှု နှေးသွားခြင်း၊ အရိုးများ ပုံမှန်မဖွံ့ဖြိုးတော့ခြင်း၊ အရိုးများကောက်ကွေးခြင်း

      (၂)နားထိုင်းသွားခြင်း အဖြစ်များပါသည် (၅-၁ဝ ရာခိုင်နှုန်းလောက်ဖြစ်ပါသည်)

      (၃)မျက်စိအမြင်အာရုံ ချို့တဲ့သွားခြင်း၊ အချို့မျက်စိကန်းသွားခြင်း

     (၄)လမ်းပုံမှန်မလျှောက်နိုင်ခြင်း၊ ယိုင်ထိုးယိုင်ထိုးဖြစ်ခြင်း

      (၅)အတက်ရောဂါဖြစ်ခြင်း

      (၆)အရေပြားအောက်ရှိသွေးကြောများ ရောင်ရမ်းခြင်း၊ နီရဲ၍ အဖုများ ထွက်တတ်ခြင်း

      (၇)အဆစ်အမျက်များ ရောင်ရမ်းနာကျင်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

မေး။ ။အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်ဆရာ။ ဆရာ့အနေနဲ့ မြဝတီစာဖတ်ပရိသတ်ကြီးကို ဘာများပြောချင်ပါသေးသလဲဆရာ။

ဖြေ။ ။ ဟုတ်ကဲ့   ကူးစက်မြန်ပြင်းထန် ဦးနှောက် အမြှေးရောင်ရောဂါဟာ ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ခုနကပြောခဲ့တဲ့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကာကွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။  ။