ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက်'' ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ရောက်ရှိ

နေပြည်တော်   သြဂုတ်  ၂၃

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ''မိမိဆန္ဒအလျောက်'' ယာယီတာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်နှင့် သူနာပြုများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ရောက်ရှိကြသည်။

အဆိုပါ အထူးလေယာဉ်ပေါ်တွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတစ်ဦး၊ ရောဂါဗေဒအထူးကု ဆရာဝန်ကြီးတစ်ဦး၊  လက်ထောက်ဆရာဝန်(မေ့ဆေးအထူးကု)သုံးဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု)တစ်ဦး၊ လက်ထောက်ဆရာဝန်(ရောဂါဗေဒ)တစ်ဦး၊လက်ထောက်ဆရာဝန်(အဏုဇီဝဗေဒ)တစ်ဦး၊ လက်ထောက်ဆရာဝန် ၁၃ ဦး၊ သူနာပြုအုပ်ကြီးတစ်ဦး၊ အထက်တန်းသူနာပြုတစ်ဦးနှင့် သူနာပြုတစ်ဦးတို့ လိုက်ပါလာကြသည်။ ဆရာဝန်နှင့် သူနာပြုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်  လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်   ကုသရေးဦးစီး ဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်း အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါနှိမ်နင်းရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ကြိုဆိုကြသည်။

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများကိုလည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။