ဆေးသုတေသနဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကို ဖြစ်ပွားစေသည့် SARS- CoV-2 ဗိုင်းရပ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့

နေပြည်တော်  သြဂုတ်  ၂၃

ကိုဗစ်-၁၉ လူနာများအား ကုသရန်အတွက် သွေးရည်ကြည်များ လှူဒါန်းခဲ့သည့် ကိုဗစ်-၁၉ မှ   ပြန်လည်သက်သာ ကောင်းမွန်သွားသူများအား  ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်အထိ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ရောဂါပြင်းထန်သော ကိုဗစ်-၁၉ လူနာရှစ်ဦးကို သွေးရည်ကြည်သွင်း ကုသမှုဖြင့် အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ကြောင်း၊ ''ကိုဗစ်- ၁၉ မှ ပြန်လည်သက်သာ ကောင်းမွန်ခဲ့သူများ''၏ သွေးရည်ကြည်တွင် ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်သော  ပဋိပစ္စည်း(antibody)များ  ပါဝင်ပြီး ကိုဗစ်-၁၉ လူနာများအား အဆိုပါ သွေးရည်ကြည်ဖြင့် ကုသခြင်းဖြစ်ကြောင်း၊ ထိုသို့ကုသမှုများအပြင် ဆေးသုတေသန ဦးစီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ကိုဖြစ်ပွားစေသည့် SARS-CoV-2  ဗိုင်းရပ်ပိုး၏   မျိုးဗီဇတစ်ခုလုံးကိုအောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိ၌  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပျံ့နှံ့နေသည့် SARS-CoV-2  ဗိုင်းရပ်ပိုး၏ မျိုးဗီဇကိုလည်း စစ်ဆေးရန် လုပ်ဆောင်လျက်ရှိကြောင်း   ပြောကြားသည်။   ထို့နောက် ပြန်လည်သက်သာ ကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေး အတွက် Ad hoc အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက ယခုအချိန်အထိ အဆိုပါသွေးရည်ကြည် ကုထုံးဖြင့် ရောဂါပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်ရှိနိုင်သည့် ကိုဗစ်-၁၉ လူနာရှစ်ဦးအား အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ကြောင်း၊   အဆိုပါလူနာရှစ်ဦးတွင်   အသက်အရွယ်ကြီးသူများ၊ သွေးတိုး၊    ဆီးချို ရောဂါအခံရှိသူများ၊ ကိုယ်အင်္ဂါ အစားထိုးထားသူများ၊ ကိုယ်အင်္ဂါ လှူဒါန်းထားသူများနှင့် လမစေ့သေးသည့်   ကိုယ်ဝန်ဆောင်တို့ ပါဝင်ကြောင်း၊ ထိုကိုယ်ဝန်ဆောင်လူနာကို လမစေ့သေးသော်လည်း ရောဂါသက်သာလာချိန်တွင် ခွဲစိတ်မွေးဖွားမှု ပြုလုပ်ခဲ့ရပြီး နောက်တစ်လအကြာ ရက်ချိန်းပြန်လည် ပြသရာတွင် မိခင်ရောကလေးပါ ကျန်းမာကြောင်း၊  မွန်မြတ်သော စေတနာများဖြင့်  သွေးရည်ကြည်များ လှူဒါန်းခဲ့သူများအားလုံးကို   ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က သွေးရည်ကြည်များ လှူဒါန်းခဲ့သူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသုတေသန ဦးစီးဌာနရှိ အဆင့်မြင့်မော်လီကျူး သုတေသနဌာန    (Advanced Molecular Research Center))သို့ သွားရောက်ကာ မော်လီကျူးနည်းပညာ အသုံးချဌာနခွဲနှင့် ဇီဝနည်းပညာ အချက်အလက် နည်းပညာဌာနခွဲတို့မှ ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးမှုများနှင့် SARS-CoV-2 ဗိုင်းရပ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာမှုပြုလုပ်နေသည်များကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။