SJ WorldNews - шаблон joomla Авто

အာရှကစားသမားအဖြစ် တောင်ကိုရီးယား ကွင်းလယ်ကစားသမား လီဟန်ကွတ်ကို ရှမ်းယူနိုက်တက် အသင်း ခေါ်ယူ

Tuesday, 26 December 2017 14:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ  ၂၅

၂ဝ၁၈ ဘောလုံးရာသီအတွက် အကောင်းဆုံးပြင်ဆင်နေသော    ရှမ်းယူနိုက်တက် အသင်းသည်  တောင်ကိုရီးယားနိုင်ငံသား ကွင်းလယ်ကစားသမား လီဟန်ကွတ်ကို ယနေ့တွင်  တစ်ရာသီ စာချုပ်ဖြင့် ခေါ်ယူကြောင်း ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ်  ဦးစိုးမြတ်မင်းထံမှ သိရသည်။

လီဟန်ကွတ်သည် ပြီးခဲ့သည့်ဘောလုံး ရာသီက ထိုင်းတတိယတန်း ကလပ် ဖရေးယူနိုက်တက်အသင်းတွင်  ခြေစွမ်းပြခဲ့သူဖြစ်သည်။

''ထိုင်းနဲ့မြန်မာနိုင်ငံက ကွာခြားမှုတွေ အများကြီးပါ။ မြန်မာနိုင်ငံမှာ သင်ယူစရာတွေ ရှိပါတယ်။ မြန်မာကစားသမားတွေက တစ်ဦးချင်း နည်းစနစ်   ပိုကောင်းမယ်ထင်တယ်။     လက်ရှိချန်ပီယံ အသင်းဖြစ်လို့ အများကြီး ကြိုးစားသွားမှာပါ။ အံ့သြစရာ ကောင်းတာက  မြန်မာဘောလုံးသမားတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးပါ။  သူတို့ အများကြီး ပြောနိုင်တယ်။   လေးစားပါတယ်'' ဟု လီဟန်ကွတ် ကပြောသည်။

အလယ်တန်းကစားသမား လီဟန်ကွတ်သည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို     ကေလိဂ်ကလပ်အူဆန်ဟွန်ဒိုင်း၌ ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ထိုင်းပထမတန်းကလပ် Police United FC ( Police Tero FC)  တွင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ် အထိ လည်းကောင်း၊    ထိုင်းဒုတိယတန်း Samut Songkram FC တွင် ၂ဝ၁၃ ဘောလုံးရာသီတွင် လည်းကောင်း၊   ထိုင်း ပထမတန်းကလပ် T OT FC တွင် ၂ဝ၁၄ ဘောလုံးရာသီတွင် လည်းကောင်း အသီးသီး ကစားခဲ့သည်။

''အလယ်တန်း ကစားသမားတစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေ သူ့မှာ ရှိပါတယ်။ ဘောလုံးဖြန့်ဝေတာတွေ၊ အဝေးကန်ချက်တွေ ကောင်းတယ်။ ခံစစ်အားသန်တယ် ဆိုပေမယ့်  တိုက်စစ်ပိုင်း အမြင်လေးတွေလည်း  မဆိုးပါဘူး'' ဟု ဦးစိုးမြတ်မင်းက ပြောသည်။

ရှမ်းယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက    အမှတ်ပေးပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲတို့တွင်    ချန်ပီယံဖြစ်ခဲ့ပြီး  ထိုချန်ပီယံဆုများကို  ဆက်လက်ထိန်းနိုင်ရန် အကောင်းဆုံး ပြင်ဆင်မှုများ လုပ်နေခြင်း ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြည်ပ ကစားသမားလေးဦး အပြည့်ခေါ်ယူမည်ဖြစ်ပြီး  လက်ရှိတွင်   ပြည်ပကစားသမား သုံးဦးအထိ ခေါ်ယူထား၍   လက်ကျန်တစ်ဦးကိုလည်း   မကြာမီ ခေါ်ယူ မည်ဖြစ်ကြောင်း  သိရသည်။ 

Read 335 times Last modified on Tuesday, 26 December 2017 14:46