SJ WorldNews - шаблон joomla Авто

KBZ Bank Women's League ပြိုင်ပွဲစတင်

Thursday, 28 December 2017 08:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်      ဒီဇင်ဘာ    ၂၇

 ၂ဝ၁၇-၂ဝ၁၈  ရာသီ  KBZ  Bank Women's League  ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ ဥက္ကဋ္ဌ  ဒေါ်ခင်စံပယ်ကြည်၊  KBZ Bank Deputy Managing Director ဒေါ်မြင့်မြင့်ချိုတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ပထမနေ့အဖြစ် မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

လက်ရှိချန်ပီယံ မြဝတီအသင်းသည် ၆၈ မိနစ်တွင် ဝင်းသိင်္ဂီထွန်း သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နော်အားလိုဝါးဖောက ၈၄ မိနစ်တွင် သစ္စာအားမာန်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းပြိုင်ပွဲကို လက်ရှိချန်ပီယံ မြဝတီအသင်း အပါအဝင် သစ္စာအားမာန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊  အားကစားနှင့် ကာယပညာသိပ္ပံ၊ တက္ကသိုလ်၊ ဇွဲကပင်၊့ွ YREO နှင့် ဂန္ဓမာအသင်းတို့ ယှဉ်ပြိုင်လျက်ရှိပြီး   နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် မြန်မာအမျိုးသမီး ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရန် KBZ Bank ၏ ပံ့ပိုးကူညီမှုဖြင့် KBZ Bank Women's League ပြိုင်ပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။ ပွဲစဉ် (၁) ဒုတိယနေ့ကို ဒီဇင်ဘာ ၂၈ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် အားကစားနှင့် ကာယပညာဦးစီး ဌာန အသင်းနှင့် တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Read 289 times Last modified on Thursday, 28 December 2017 08:30