SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မော်လမြိုင် ယူ-၁၄ ဘောလုံးပြိုင်ပွဲ အတွက် အသက်ကျော် ကစားသမားများ တွေ့ရှိ၍ ထုတ်ပယ်

Tuesday, 04 September 2018 10:02 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၃

စက်တင်ဘာ ၄ ရက်တွင် စတင်ကျင်းပမည့် MPT U-14 Football Tournament 2018 (မော်လမြိုင်) ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကစားသမားသုံးဦးမှာ အသက်ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ကစားသမား ၁၂ ဦးမှာ အသက်စစ်ဆေးမှု ခံယူခြင်း မရှိဘဲ မိမိသဘောအလျောက် ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပလျက်ရှိသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံး လောကအား အထောက်အပံ့ ပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သည်။ ထို့ကြောင့် အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေးအတွက် မုံရွာပြိုင်ပွဲမှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သော အသက်စစ်ဆေးသည့် အဖွဲ့မှ စစ်ဆေးနေခြင်း ဖြစ်သည်။ ''အသက်ကြီးတယ်လို့ သံသယရှိတဲ့ ကစားသမား ၂ဝ ဦး ရွေးထုတ်လိုက်တယ်။ အဲဒီမှာ ကစားသမား ၁၂ ဦးက အစစ်ဆေးမခံဘဲ သူတို့သဘောအလျောက် ပြိုင်ပွဲကနေ နုတ်ထွက်သွားတယ်။ ဒီ ၁၂ ဦးက အသက်ကျော်လွန်နေတဲ့ အတွက် အစစ်မခံတာပါ။ ဒါကြောင့် ကျန်တဲ့ရှစ်ဦးကို ဓာတ်မှန်ရိုက် စစ်ဆေးလိုက်တော့ ငါးဦးပဲ အသက်စစ်ဆေးတာ အောင်မြင်တယ်'' ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက ပြောသည်။ ထို့ကြောင့် မော်လမြိုင်မြို့၌ ကျင်းပမည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အသက်စစ်ဆေးမှု အောင်မြင်ခြင်း မရှိသည့် ကစားသမား များကို ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။ မုံရွာမြို့၌ ကျင်းပခဲ့သည့် MPT အသက်၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ကစားသမား ၁၃ ဦးမှာ အသက်ကျော်လွန် နေသဖြင့် ပြန်လည် စေလွှတ်ခဲ့ရသည့် နည်းတူပဲခူးမြို့၌ ကျင်းပသည့် ပြိုင်ပွဲတွင် အသက်ကျော် ကစားသမား ၁၄ ဦးအထိ ထပ်မံတွေ့ရှိရ၍ ပြန်လည်စေလွှတ် ခဲ့ရသည်။

Read 177 times Last modified on Tuesday, 04 September 2018 10:03