SJ WorldNews - шаблон joomla Авто

အိမ်ရှင်မြန်မာအသင်း အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်

Wednesday, 06 September 2017 11:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကျင်းပရာ  အင်ဒိုနီးရှားအသင်းနှင့် ဘရူနိုင်းအသင်းတို့ အနိုင်ရခဲ့ပြီး အိမ်ရှင်မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ရေးအတွက် အရေးပါသည့် ပွဲဖြစ်သော်လည်း အိမ်ရှင်မြန်မာအသင်းသည် ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ လာမည့်ပွဲများအတွက် ဖိအားများသွားခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၇ဝ အထိ တစ်ဂိုးဖြင့် အနိုင်ရနေသော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် အရေးပါသည့် ပွဲဖြစ်သောကြောင့် အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အထောင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ တို့အား၊ ပြည့်စုံနိုင်၊ ဟိန်းထက်အောင်တို့၏ တောင်ပံ၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်တို့၏ ကွင်းလယ်အားတို့ဖြင့် တိုက်စစ်ဆင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာလည်း  ယခုပြိုင်ပွဲအပြင် လာမည့်နှစ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက်ပါ ပြင်ဆင်နေကြောင်း၊ ယခုပွဲကစားပုံက သက်သေပြခဲ့ပြီး အိမ်ရှင်မြန်မာ အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သည်။

မြန်မာအသင်းသည် ပွဲအစတွင် ကစားကွက် တည်မရဖြစ်ခဲ့သော်လည်း ၁၅ မိနစ်နောက်ပိုင်းတွင် ကစားကွက်မိမိဖြင့်  တိုက်စစ်ဆင်နိုင်ခဲ့သည်။ ၂၈ မိနစ်တွင် မြန်မာအသင်း ဂိုးစရခဲ့ပြီး ပြည့်စုံနိုင် ဖန်တီးပေးသည့် ဘောလုံးကို မြတ်ကောင်းခန့်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် မြန်မာအသင်း ဂိုးထပ်မံရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း  ပြည့်စုံနိုင်နှင့် ဝင်းနိုင်ထွန်းတို့ အသုံးမချနိုင်ခဲ့ပေ။

ဒုတိယပိုင်းတွင်  အင်ဒိုနီးရှားအသင်းက ချေပဂိုးရရန် တိုက်စစ်အား မြှင့်လာခဲ့သလို မြန်မာကစားသမားများမှာလည်း ကစားအားကျသွားခဲ့သောကြောင့် စိတ်ကြိုက်ကစားသွားနိုင်ခဲ့သည်။ အင်ဒိုနီးရှား တိုက်စစ်မှူး ဗစ်ကာရီသည် မြန်မာနောက်တန်းကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီး ၇၁ မိနစ်တွင် ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။  မြန်မာအသင်းသည် ဂိုးပြန်ပေးလိုက်ရသော်လည်း တိုက်စစ်အား မြှင့်နိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားကသာ ပွဲကိုထိန်းချုပ်ကာ ဗစ်ကာရီက ပွဲပြီးခါနီးတွင် အင်ဒိုနီးရှားအတွက်  အနိုင်ဂိုးသွင်း ယူခဲ့သည်။

ညနေ ၃ နာရီတွင် ကျင်းပသည့် ပထမပွဲတွင် ဘရူနိုင်းအသင်းက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (က)ဒုတိယနေ့ကို စက်တင်ဘာ ၆ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ကမ္ဘောဒီးယားနှင့် တီမော၊ အောင်ဆန်းကွင်း၌ မလေးရှားနှင့် စင်ကာပူ၊  ည ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ထိုင်းနှင့်လာအိုအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။            

Read 435 times Last modified on Wednesday, 06 September 2017 11:26