SJ WorldNews - шаблон joomla Авто

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် ရတနာပုံ အိမ်ကွင်းအဖြစ် မန္တလာသီရိကွင်းကို အသုံးပြုရန်စီစဉ်

Sunday, 26 May 2019 14:57 font size decrease font size decrease font size increase font size increase font size

ရတနာပုံအသင်း အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဗထူးအားကစားကွင်းကို အကြီးစား ပြင်ဆင်နေသဖြင့်  မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များကို   မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းသို့   ပြောင်းရွှေ့ ကစားရန် စီစဉ်ထားကြောင်း အသင်းအထွေထွေ မန်နေဂျာ ဦးအောင်ဟိန်းခိုင်၏ ပြောပြချက်အရ သိရသည်။

''အသင်းဘက်ကနေ  မြန်မာနေရှင်နယ် လိဂ်ကော်မတီကို ကွင်းအသုံးပြုခွင့် တင်ထားပြီးပါပြီ။ မြန်မာနေရှင်နယ်လိဂ် ဘက်ကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဆက်လက် တင်ပြထားပါတယ်။ ဝန်ကြီးဌာန ဘက်ကတော့ ပြန်ပြီး အကြောင်းကြားစာ မရသေးဘူး။ မန္တလာသီရိ အားကစားကွင်းကို  ပြောင်းဖို့ကတော့  စီစဉ်ထားပါတယ်''ဟု ဦးအောင်ဟိန်းခိုင်က ပြောသည်။

ရတနာပုံအသင်းသည်၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် ပွဲစဉ်လေးပွဲကို  အိမ်ကွင်း၌  လက်ခံကစားရမည် ဖြစ်ပြီး  ဒုတိယအကျော့ ပွဲစဉ်များကို ဇွန် ၁၅  ရက်တွင်  ပြန်လည် စတင်မည် ဖြစ်သည်။

မန္တလေးမြို့ရှိ    ဗထူးအားကစားကွင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၈ဝဝ ကျော် အသုံးပြု၍ အဆင့်မြှင့်တင်မှုများကို မေ ၁၇ ရက်က စတင်ပြုလုပ်နေပြီး စက်တင်ဘာလကုန်တွင် လုပ်ငန်း ပြီးစီးမည် ဖြစ်သည်။ ဗထူးအားကစားကွင်း အဆင့်မြှင့်တင်မှုတွင် တိုင်းဒေသကြီးရုံး RC နှစ်ထပ် တိုးချဲ့တည်ဆောက်ခြင်း၊ ရေနုတ်မြောင်း ပြုလုပ်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကွင်းမျက်နှာပြင် ၁ ပေ နုန်းတင်မြက်စိုက်ခြင်း၊ အထူးတန်းပွဲ ကြည့်စင်ပြုပြင်ခြင်းနှင့် ရိုးရိုးတန်းပွဲကြည့်စင် နှစ်ဖက်ပြုပြင်ခြင်းများ ပါဝင်သည်။ ရတနာပုံအသင်းသည်  ၂ဝ၁ဝ  ရာသီမှစ၍ ဗထူးအားကစားကွင်းကို    အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ပြီး ၂ဝ၁၆    ဒုတိယရာသီဝက်က  မန္တလာသီရိ အားကစားကွင်းကို    ငှားရမ်းအသုံးပြုခဲ့ကာ ၂ဝ၁၉ ရာသီအစတွင် ဗထူးအားကစားကွင်းကို   အိမ်ကွင်းအဖြစ်  ပြန်လည် အသုံးပြုခဲ့သည်။

TZW

Read 90 times Last modified on Sunday, 26 May 2019 14:58