SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၌ ကျောင်းအခြေပြု စုပေါင်း စက်ဘီးစီးနင်းပွဲ ကျင်းပ

Thursday, 17 October 2019 09:59 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ အောက်တိုဘာ ၁၆ ရက်က ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု စုပေါင်း စက်ဘီးစီးနင်းပွဲ ကျင်းပရာ စက်ဘီးစီး ဝါသနာရှင်နှင့် စက်ဘီးစီး အားကစား သမား၁၈ဝ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

စုပေါင်းစက်ဘီးစီးနင်းပွဲကို လားရှိုးမြို့    မြို့တော်ခန်းမအနီး ဘူတာလမ်းပေါ်ရှိ လားရှိုးမိုတယ်ရှေ့၌  စုရပ်ပြုလုပ်ကာ လားရှိုးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာနမှူးက နံနက် ၆ နာရီ တွင် စတင်တာလွှတ်ပေးခဲ့သဖြင့် စက်ဘီးစီး ဝါသနာရှင်များနှင့် စက်ဘီးစီး အားကစားသမားများက ဘူတာလမ်းမကြီးအတိုင်း စတင်စီးနင်းခဲ့ကြသည်။

ထိုသို့စီးနင်းရာတွင် စက်ဘီးစီး ဝါသနာရှင်များနှင့် စက်ဘီးစီးအားကစားသမားများက ဘူတာလမ်းအတိုင်း လားရှိုးမိုတယ်မှ လားရှိုးဘူတာသို့ လည်းကောင်း၊ ၎င်းမှ လားရှိုးလေဆိပ်သို့ လည်းကောင်း၊ လားရှိုးလေဆိပ်မှတစ်ဆင့် လားရှိုးကြီး မီးပွိုင့်လမ်းဆုံအား ဖြတ်ကျော်စီးနင်းကာ လားရှိုး-သိန်းနီ လမ်းမကြီးအတိုင်း   ပြည်နယ်မိုးလုံလေလုံ အားကစားရုံသို့ နံနက် ၆ နာရီခွဲတွင် ပန်းဝင်ခဲ့ကြသည်။

စက်ဘီးစီးနင်းပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်  လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊   စက်ဘီးစီး ဝါသနာရှင်များ၊ ပြည်နယ်ခရိုင်အဆင့် ဌာနဆိုင်ရာမှ   တာဝန်ရှိသူများ၊ စက်ဘီးစီးဝါသနာရှင်  လားရှိုးမြို့ စီးပွားရေး လုပ်ငန်းရှင် များနှင့် ရပ်မိရပ်ဖများ၊  Lashio Cycling Network မှ စက်ဘီးစီး အားကစားသမားများ၊  စက်ဘီးစီး ဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများနှင့်အခြားစက်ဘီးစီး ဝါသနာရှင်များ ပါဝင်စီးနင်းခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးနင်းပွဲတွင် ပါဝင်သည့် စက်ဘီးစီးဝါသနာရှင်များနှင့် စက်ဘီးစီး အားကစားသမားများ ထဲတွင်   အသက်အကြီးဆုံး အသက် ၇ဝ နှစ်မှ အသက်အငယ်ဆုံး ၁ဝ နှစ်ခန့်ထိ ပါဝင်ပြီး စက်ဘီးစီးနင်းပွဲ  ဖြစ်မြောက်ရေး အတွက် အားကစားနှင့် ကာယပညာ ဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးနှင့် Lashio Cycling Network တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။          

Read 28 times Last modified on Thursday, 17 October 2019 10:03