SJ WorldNews - шаблон joomla Авто

ဂရီယာလစ်ရှ်နှင့် မက်ဒီဆင်တို့ နှစ်ဦးကို ပေါင်သန်း ၁၆ဝ ဖြင့် မန်ယူအသင်းခေါ်ယူလို ပေါ့ဂ်ဘာ မန်ချက်စတာတွင် ပြန်လည် လေ့ကျင့်နေ

Thursday, 13 February 2020 09:24 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းသည်  ကွင်းလယ်ဖန်တီးမှုပိုင်း အားနည်းနေခြင်းကြောင့်  လာမည့်နွေရာသီ ဈေးကွက်ဖွင့်ချိန်တွင် ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီယာလစ်ရှ်နှင့်  လက်စတာကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်တို့ကို ပေါင်သန်း ၁၆ဝ သုံးစွဲပြီး ခေါ်ယူ အားဖြည့်မည်ဟု သိရသည်။

လက်ရှိတွင်  မန်ယူအသင်းသည်  ထိပ်ဆုံး လေးသင်းစာရင်း ဝင်နိုင်ရန် ခြောက်မှတ် လိုနေသေးပြီး အဓိက အားနည်းချက်မှာ ကွင်းလယ်ဖန်တီးမှုပိုင်း ဖြစ်သည်ဟု  နည်းပြဆိုးလ်ရှားနှင့်  ကွင်းလယ်ကစားသမား ဖရတ်ဒ်က  လူသိရှင်ကြား ဝန်ခံထားသည်။  ထို့ကြောင့်  လာမည့် နွေရာသီဈေးကွက်ရောက်ပါက အသင်းမှ ထွက်ခွာလိုသော ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာကို ရောင်းထုတ်ကာ ရရှိသောငွေနှင့်  ငယ်ရွယ်ပြီး  အလားအလာကောင်းသော ဂရီယာလစ်ရှ်နှင့် မက်ဒီဆင်တို့ကို ခေါ်ယူရန်စီစဉ်ခြင်း ဖြစ်သည်။

ဂရီယာလစ်ရှ်သည် အသက် ၂၄ နှစ်သာရှိသေးပြီး   ဗီလာအသင်းခေါင်းဆောင် ဖြစ်သော်လည်း လက်ရှိရာသီတွင်  ဗီလာအသင်း  တန်းဆင်းနိုင်သည့်အတွက်  မန်ယူအသင်း၏  ခေါ်ယူမှုကို ငြင်းပယ်စရာ မရှိလောက်ပေ။

မက်ဒီဆင်သည်လည်း အသက် ၂၃ နှစ်သာ ရှိသေးပြီး ယခုရာသီ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး  ခြောက်ဂိုးသွင်းထားနိုင်ကာ တိုက်စစ်မှူး ဂျေမီဗာဒီ ဂိုးသွင်းနိုင်ရန်လည်း ကောင်းစွာ ဖန်တီးပေးနိုင်သူ ဖြစ်သည်။

မန်ယူအသင်းသည်  ပြီးခဲ့သည့်  ဇန်နဝါရီဈေးကွက်ကလည်း စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၆၈ သန်းဖြင့် ခေါ်ယူခဲ့သေးသည်။

မန်ယူအတွက် သတင်းကောင်းအဖြစ် ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုခံယူထားခြင်းကြောင့် ကစားပေးနိုင်ခြင်းမရှိသည့် ပေါ့ဂ်ဘာသည် ပြီးခဲ့သည့် ရက်ပိုင်းက ဒူဘိုင်း၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ယခုတွင် မန်ချက်စတာသို့ ပြန်ရောက်လာကာ ကွင်းအတွင်း ပြန်လည်လေ့ကျင့်နေပြီ ဖြစ်ကြောင်း သိရသည်။

မန်ယူသည် ပေါ့ဂ်ဘာကို ရောင်းထုတ်ရမည် ဖြစ်သော်လည်း ရာသီလက်ကျန်ပွဲများတွင် ပရီးမီးယားလိဂ်အဆင့်(၄) အတွင်းဝင်ရေးနှင့် ယူရိုပါလိဂ်တွင် ဗိုလ်စွဲနိုင်ရေးအတွက် အဓိကအား ထားရဦးမည် ဖြစ်သည်။               

Ref:Dailymail

Read 38 times Last modified on Thursday, 13 February 2020 09:39