SJ WorldNews - шаблон joomla Авто

ဘောလုံးကစားရတာ အသက်မွေးဝမ်းကျောင်းတစ်ခုလို ဖြစ်နေပါပြီလို့ ပြောလာတဲ့ မြန်မာ ယူ-၂၂ လူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်

Thursday, 13 February 2020 09:41 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် တောက်ပလာသည့်  မြန်မာ ယူ-၂၂  တိုက်စစ်မှူး အောင်ကောင်းမာန်သည် ၂ဝ၁၅ ခုနှစ်တွင် ဧရာဝတီယူနိုက်တက် အသင်းနှင့်  ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး ၂ဝ၁၉ ဆီးဂိမ်းတွင် ၄င်း၏အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ကာ အသင်းအတွက် ငါးဂိုးအထိ သွင်းယူပေးခဲ့သည်။  ဆီးဂိမ်းအပြီးတွင် ပြည်ပဘောလုံးကလပ်များက အောင်ကောင်းမာန်ကို  ကမ်းလှမ်းခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ်တွင် ဧရာဝတီယူနိုက်တက် အသင်းမှ ထိုင်းလိဂ်-၁ ကလပ် ထရက်အက်ဖ်စီသို့ တစ်ရာသီအငှား ပြောင်းရွှေ့ကြေး ဘတ်သုံးသိန်း (ငွေကျပ် သိန်း ၁၃ဝ ကျော်) ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထို့ကြောင့် ထိုင်းလိဂ်-၁ ကလပ် ထရက် အက်ဖ်စီသို့ ပြောင်းရွှေ့ကစားခွင့် ရခဲ့သည့် အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးအောင်ကောင်းမာန်၏ လူငယ်ဘဝခံယူချက်များနှင့် ပတ်သက်၍ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ပထမဆုံး  အမျိုးသားဘောလုံး အကယ်ဒမီ (ပုသိမ်) ကနေ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ ဆိုတာ ဖြေပေးပါဦး။

အကယ်ဒမီကျောင်း စတက်ခါစ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ဖို့ ဆိုတာထက် သက်တမ်းအလိုက်   လက်ရွေးစင် ကစားသမားဖြစ်ဖို့ အရင်ကြိုးစားခဲ့ရတယ်။ အဲဒီအချိန်တုန်းက ပရော်ဖက်ရှင်နယ်လိဂ် ရောက်ခါစဖြစ်သလို  မြန်မာနေရှင်နယ်လိဂ်ကလည်း အရမ်းကိုအောင်မြင်နေတဲ့အချိန်ပါ။ နှစ်တိုင်းမှာ သက်တမ်းအလိုက် လက် ရွေးစင်အသင်း အရွေးခံရဖို့ သေချာကြိုးစား ရပါတယ်။

အကယ်ဒမီကစားသမား ဘဝမှာတွေ့ကြုံရတဲ့ အခက်အခဲတွေ ပြောပြပေးပါဦး။

ကျွန်တော်တို့ အကယ်ဒမီကစားသမား ဘဝတုန်းက လစာက တစ်လကို ငွေကျပ်ငါးထောင်ပဲရတယ်။ နေထိုင်စားသောက်မှုကို ကောင်းအောင်ထားပေးပါတယ်။ ဘောလုံးအားကစားကို ဝါသနာပါတဲ့အတွက် ဒီလို ဖြစ်လာအောင်  အကောင်းဆုံးကြိုးစားခဲ့ရပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာရော အသင်းမှာပါ နေရာတစ်ခုရဖို့ ဘယ်လို ကြိုးစားခဲ့ရလဲ။

ကလပ်အသင်းကို ရောက်တဲ့အချိန်မှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ၊ လက်ရွေးစင်အဆင့် ကစားသမားတွေနဲ့ ကြုံရတော့ နေရာတစ်ခုရဖို့ တော်တော်ကြိုးစား ခဲ့ရပါတယ်။ သူတို့ကြားထဲမှာ ကျွန်တော်တို့လို လူငယ်ကစားသမားတွေ အနေနဲ့ ပွဲထွက်ကစားခွင့်ရဖို့ ဆိုတာ မလွယ်ပါဘူး။ အချိန်တွေ အများကြီး ကြိုးစားပြီးမှ နေရာ တစ်နေရာ ရလာတာပါ။

အခက်အခဲတွေ တွေ့ကြုံရတဲ့အချိန်တိုင်း စိတ်အားပြန်တက်လာအောင် ဘယ်လို လုပ်ဆောင်ရလဲ။

အခက်အခဲတွေ ကြုံရတဲ့အခါတိုင်း ရင်ဖွင့်တယ်။ စိတ်ကိုပြန်လျှော့ချ နိုင်အောင်၊ စိတ်အေးအေးထားနိုင်အောင် လုပ်တယ်။  ခေါင်းအေးအေးနဲ့  ဘယ်လိုလုပ်ရမလဲ ပြန်စဉ်းစားတယ်။ ပြီးရင် အခက်အခဲကနေ ပြန်ရုန်းထနိုင်အောင်၊ စိတ်အားတက်လာအောင် အကောင်းဆုံး ပြန်ကြိုးစားပါတယ်။

အခု  မြန်မာလိဂ်ကနေ  ထိုင်းလိဂ်ကို ရောက်တဲ့အခါ ကွာခြားမှုရှိလား။

မြန်မာလိဂ်နဲ့ ထိုင်းလိဂ်နဲ့ ကွာတာတော့ အများကြီးပါပဲ။ ကျွန်တော်တို့ဆီမှာ ကွင်းပိုင်မရှိဘူး။  လေ့ကျင့်ရေးကွင်း  ကောင်းကောင်းမရှိဘူး။ သူတို့ဆီမှာ လေ့ကျင့်ရေးကွင်းတွေကောင်းတယ်။ ကစားသမားတွေနဲ့ နီးတဲ့နေရာမှာရှိတော့ ပိုအဆင်ပြေတယ်။ ညနေအသင်းလေ့ကျင့်ခန်းမရှိတဲ့ အခါမျိုးတွေမှာ  ကိုယ့်ဘာသာ သီးသန့်လွတ်လွတ် လပ်လပ်လေ့ကျင့်လို့ ရတယ်။  Gym  ခန်း တွေလည်း သီးသန့်ရှိတယ်။ ထိုင်းလိဂ်က ကစားသမားတိုင်း  တော်တော်များများ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။

 ကစားသမားဘဝတစ်လျှောက် အမှတ်တရအရှိဆုံး ကစားခဲ့တဲ့ပွဲရှိရင် ပြောပြပေးပါ။

အမှတ်တရ အရှိဆုံးက မနှစ်က ရတနာပုံအသင်းနဲ့ ဧရာဝတီယူနိုက်တက်အသင်း ကစားတဲ့ပွဲပါ။ ကျွန်တော် လက်ကျိုးတယ်။ ပွဲတွေကစားခွင့်မရဘူး။  လက်ကျိုးပြီး ပြိုင်ပွဲမကစားရတဲ့ အချိန်က   ကျွန်တော့်အတွက် အဆိုးရွားဆုံး ကာလပါပဲ။ သူငယ်ချင်းတွေ၊ ကစားဖော်တွေ ဘောလုံးကစားနေပေမယ့် ကျွန်တော် ဘေးကပဲကြည့်ပြီး ကစားခွင့်မရဘူး။ လက်ပြန်ကောင်းပြီး ပြန်ကစားခွင့်ရတဲ့ အချိန်မှာ  ပွဲပြန်ကစားခွင့် ရပေမယ့်   ကျွန်တော်ဂိုး မသွင်းနိုင်ဘူး။ ရတနာပုံအသင်းနဲ့ ဧရာဝတီယူနိုက်တက် အသင်းတို့ပွဲမှာ  တော်တော်ဝေးဝေးကနေ လှမ်းကန်ပြီး  အသင်းအတွက်  အဖိုးတန် အနိုင်ဂိုးသွင်းပေးခဲ့တယ်။ အဲဒီဂိုးက မြန်မာလိဂ်ရဲ့   တစ်ပတ်တာ အလှဆုံးဂိုးထဲမှာလည်း ပါခွင့်ရခဲ့တယ်။ ဒါကြောင့် ဒဏ်ရာတွေကနေ ပြန်နိုးထပြီး ကျွန်တော့်ရဲ့စိတ်ကို ပြန်အားတက်စေတဲ့အတွက် အမှတ် တရအရှိဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ထိုင်းလိဂ်မှာကစားခွင့်ရဖို့  အရင်ကတည်းက စိတ်ကူးအိပ်မက်ရှိခဲ့လား။ 

ထိုင်းလိဂ်ရယ်မှ မဟုတ်ပါဘူး။ ပြည်ပထွက်ပြီး ကစားချင်တဲ့စိတ်က ကျွန်တော်တင်မဟုတ်ပါဘူး။   ကစားသမားတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ကျွန်တော်က တစ်ဆင့်ချင်းစီပဲ အကောင်းဆုံး ကြိုးစားနေပါတယ်။ 

အကယ်ဒမီ ကစားသမားဘဝကနေ  လက်ရှိ ထိုင်းလိဂ်အထိ ကစားခွင့်ရလာတဲ့အခါ  ကိုယ့်ကိုယ်ကိုယ်  ဘာတွေကွာခြား သွားတယ်လို့ထင်လဲ။ တာဝန်ပိုကြီးတယ်လို့ ထင်လား။

 ပထမဆုံးအနေနဲ့ အကယ်ဒမီကျောင်းကနေ ဒီလိုနေရာအထိ ရောက်လာတဲ့အတွက် ဝမ်းသာမိတယ်။ ဂုဏ်လည်း ယူမိပါတယ်။ ဒါပေမဲ့ တာဝန်ပိုကြီးတယ်။ အသက်အရွယ် တစ်ခုလောက်ရောက်လာတော့ တာဝန်က အနည်းနဲ့အများ ပိုများလာတယ်။ 

မြန်မာ့လက်ရွေးစင် အသင်းမှာရော ဘယ်လောက်အထိ ပေးဆပ်ကစားချင်လဲ။

မြန်မာ့လက်ရွေးစင် အသင်းအတွက် တကယ်ကို ကစားချင်ပါတယ်။ နိုင်ငံတိုင်းမှာရှိတဲ့ ဘောလုံးသမားတိုင်းက သူတို့နိုင်ငံရဲ့ လက်ရွေးစင် ဖြစ်ချင်ကြတယ်။ နိုင်ငံအတွက်လည်း  ပေးဆပ်ချင်ကြတယ်။  နောက်ပြီး လက်ရွေးစင် ဆိုတာက သက်တမ်းအလိုက်နဲ့ မတူပါဘူး။ နိုင်ငံရဲ့ အရေးပါအရာရောက်တဲ့  တကယ့်ပြိုင်ပွဲတွေ  ကစားရတာပါ။ ဒါကြောင့် ကျွန်တော်လည်း လက်ရွေးစင်အသင်းမှာ ကန်ချင်တယ်။ နိုင်ငံအတွက်လည်း အကောင်းဆုံး ပေးဆပ်ချင်ပါတယ်။ 

အားကျရတဲ့   ကစားသမားတွေ ရှိရင်လည်း ပြောပေးပါဦး။

ကစားသမားတိုင်းက   ကောင်းတဲ့ပုံစံ တစ်မျိုးစီရှိကြတဲ့အတွက်  ဘယ်သူရယ် မဟုတ်ဘူး၊ အကုန်ကြိုက်ပါတယ်။

နောက်တက်လာမယ့်   မျိုးဆက်သစ် လူငယ်ကစားသမား တွေကိုရော  ဘယ်လို ကြိုးစားသင့်တယ်လို့ အကြံပေးချင်လဲ။

အရင်ကတော့ ဘောလုံးကစားတာက ဝါသနာဆိုပေမယ့် အခုဘောလုံးကစား ရတာ   အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်နေပါပြီ။ လူငယ်ကစားသမားတွေကို ဖြစ်ချင်စိတ်ရှိရင်  သေချာကြိုးစားစေချင်တယ်။ ကျွန်တော်တို့ဆီမှာ ဘောလုံးကစားတာ ကောင်းပေမယ့်   ဘဝရပ်တည်မှုအရ အကယ်ဒမီကျောင်းတွေ၊ ဘောလုံးအသင်း တွေဆီ မရောက်ဘဲ အပျော်တမ်းကစားနေတဲ့ သူတွေလည်း ရှိတယ်။ လူငယ်တွေအနေနဲ့ တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားပါလို့ ပြောချင်ပါတယ်။          

 TZW

Read 38 times Last modified on Thursday, 13 February 2020 09:42