SJ WorldNews - шаблон joomla Авто

MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU အသင်း နှစ်နှစ်ဆက်ဗိုလ်စွဲ

Sunday, 16 February 2020 13:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၁၅

၂၀၁၉-၂၀၂၀ ရာသီ MFFဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်(၂၂)ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ(၂) လှိုင်၌ ဆက်လက်ကျင်းပရာ MIUအသင်း နှစ်နှစ်ဆက်ဗိုလ်စွဲခဲ့သည်။

ဖူဆယ်လိဂ်ပြိုင်ပွဲတွင် နောက်ဆုံးပွဲပြီးမှ ချန်ပီယံအသင်း ထွက်ပေါ်ခဲ့ပြီး MIU အသင်းနှင့် VUC အသင်းတို့ပွဲမှာ အဆုံးအဖြတ်ဖြစ်ခဲ့သည်။ ယင်းပွဲတွင် လေးဂိုးစီ သရေကျခဲ့သောကြောင့် MIU အသင်းက အဝေးဂိုးစည်းမျဉ်းဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ပထမအကျော့တွင် နှစ်ဂိုးစီ သရေကျခဲ့ပြီး VUC အသင်းက အိမ်ကွင်းကစားသည့် ယခုဒုတိယ အကျော့ပွဲတွင် လေးဂိုးစီ သရေကျကာ နှစ်ကျော့စလုံး သရေကျသော်လည်း MIU အသင်းက အဝေးကွင်းတွင် ဂိုးပိုသွင်းနိုင်သောကြောင့်   အဝေးဂိုးစည်း မျဉ်းဖြင့် ချန်ပီယံဆု ဆက်လက်ကာကွယ်ပြီး ဖူဆယ်လိဂ်ပြိုင်ပွဲတွင် လေးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး MIU အသင်းက နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများ သွင်းယူနိုင်သော်လည်း VUC အသင်းက ချေပဂိုးများ ပြန်သွင်းကာ နှစ်ဂိုးစီ သရေကျပြီးနောက်ပိုင်းတွင် နှစ်ဂိုးထပ်မံသွင်းယူပြီး လေးဂိုး-နှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

VUC အသင်းသည် နှစ်ဂိုးအသာဖြင့် ပြန်လည်ဦးဆောင်ခွင့် ရခဲ့သော်လည်း လက်ကျန်မိနစ်များတွင် ပွဲကို ထိန်းချုပ်နိုင်ခြင်းမရှိဘ MIUအသင်းက ချေပဂိုးများ ပြန်သွင်းကာ လေးဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။

အခြားပွဲများတွင် Dream Team က Winner အသင်းကို ၅ ဂိုး ၃ ဂိုး၊ Do Do Ko Ko အသင်းက လက်ဝဲသုန္ဒရအသင်းကို ၈ ဂိုး ၂ ဂိုး၊ GV အသင်းက ဖူဆယ်ချစ်သူ အသင်းကို ၄ ဂိုး ၁ ဂိုး၊ On Doctor အသင်းက  AMM Brothers အသင်းကို ၃ ဂိုး ၂ ဂိုး၊ MFF ယူ-၁၉ အသင်းက မြို့မ JY အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

VUC နှင့် MIU အသင်းတို့ ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ အဆင့်(၅) ရရှိသည့် MFFယူ-၁၉ အသင်းအား ငွေကျပ်၂၅ သိန်း၊ အဆင့် (၄)ရရှိသည့်  OnDoctor အသင်းအား ငွေကျပ်သိန်း၄၀၊ အကောင်းဆုံး ကစားသမားဆု ရရှိသည့် တိုတာ(VUC)အား ဆုတံဆိပ်နှင့်ငွေကျပ်သုံးသိန်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် ညီညီသန့် (GV)အား ဆုတံဆိပ်နှင့် ငွေကျပ် သုံးသိန်း၊ အသန့်ရှင်းဆုံး အသင်းဆု ရရှိသည့် MFFယူ-၁၉ အသင်းအား ဆုဖလားနှင့်ငွေကျပ် ငါးသိန်း၊ တတိယဆုရရှိသည့် GVအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်သိန်း ၆၀၊ ဒုတိယဆုရရှိသည့် VUCအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ် ၇၅ သိန်း၊ ပထမဆုရရှိသည့် MIUအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ငွေကျပ်သိန်း ၁၀၀ နှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ အသင်းပိုင်ရှင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲအပြီးတွင် MIU အသင်းနှင့် VUC အသင်းတို့ ၆၂ မှတ်စီရသော်လည်း အဝေးဂိုး စည်းမျဉ်းဖြင့် MIU အသင်းက ချန်ပီယံဖြစ်ကာ VUC အသင်းက ဒုတိယဆု ရခဲ့သည်။ GV အသင်းက ၅၄ မှတ်ဖြင့် တတိယ၊ On Doctor အသင်းက ၃၉ မှတ်ဖြင့် အဆင့်(၄)၊ MFF ယူ-၁၉ အသင်းက ၃၁ မှတ်ဖြင့် အဆင့် (၅)၊ မြို့မ JY အသင်းက အဆင့် (၆)၊ Winner အသင်းက အဆင့် (၇)၊ Do Do  Ko Koအသင်းက အဆင့် (၈)၊ Dream Teamက အဆင့် (၉)၊  AMM Brothers အသင်းက အဆင့် (၁၀)၊  ဖူဆယ်ချစ်သူ အသင်းကအဆင့် (၁၁)နှင့် လက်ဝဲသုန္ဒရအသင်းက အဆင့် ၁၂ ရရှိခဲ့သည်။

ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆုငွေကျပ် ၇၅ သိန်း၊ တတိယဆုငွေကျပ်သိန်း ၆၀၊ စတုတ္ထဆုငွေကျပ် သိန်း ၄၀၊ ပဉ္စမဆု ကျပ် ၂၅ သိန်း၊ အဆင့်(၆၊ ၇) အသင်းတို့ကို ငွေကျပ် သိန်း ၂၀စီ၊ အဆင့်(၈) အသင်းကို ငွေကျပ် ၁၅ သိန်း၊ အဆင့်(၉) အသင်းကို ငွေကျပ် ၁၀ သိန်းနှင့် ကျန်သုံးသင်းကို  ငွေကျပ်ငါးသိန်းစီ ချီးမြှင့်ခဲ့သည်။

Read 99 times Last modified on Sunday, 16 February 2020 13:29