SJ WorldNews - шаблон joomla Авто

လူငယ်ကစားသမားများဖြင့် အချိန်ယူဖွဲ့စည်းထားသည့် အသင်းဖြစ်၍ ပရိသတ်များ ပိုပြီး အားပေးစေချင်

Thursday, 26 March 2020 10:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

၂ဝ၂ဝ မြန်မာနေရှင်နယ်လိဂ်-၂ ရာသီဝက်ချန်ပီယံ ဂျူနီယာလိုင်းယွန်း အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပရိသတ်များ သိရှိစေရန် ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ရာသီဝက်ချန်ပီယံဖြစ်တဲ့အတွက် အသင်းကို အားရကျေနပ်မှုရှိလား။

မြန်မာနေရှင်နယ်လိဂ်-၂ ပထမအကျော့အပြီး ကျွန်တော်တို့အသင်းက ချင်းလန်း နဲ့  မြဝတီ အသင်းကို ရမှတ်တူပေမယ့် ဂိုးကွာခြားချက်နဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တာပါ။ နောက်ဆုံးပွဲမှာ မြဝတီအသင်းကို ရှုံးပြီးရာနှုန်းပြည့် နိုင်ပွဲမရပေမယ့်အသင်းရဲ့ ရပ်တည်မှုအပေါ်  ကျေနပ်ပါ တယ်။ ကစားသမားတွေလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ပွဲတွေ ဆက်လာတဲ့အခါ ပွဲပန်းတာတွေလည်း ပါတယ်။ ဒီလိုအခက်အခဲတွေကြားက အသင်းကို ရာသီဝက် ချန်ပီယံဖြစ် အောင် စွမ်းဆောင်နိုင်ခဲ့လို့ အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေအားလုံးကို ကျေးဇူး တင်ပါတယ်။

ဒီအသင်းက ပြီးခဲ့တဲ့ရာသီ မြန်မာ ယူ-၂၁ လိဂ်မှာ ကစားပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ဒီနှစ်မှာ  မြန်မာနေရှင်နယ်လိဂ်-၂ ကို ဝင်ကစားတာ တွေ့ရတယ်။ လိဂ်-၂ မှာ အခက်အခဲပိုကြုံရတာ မျိုးရှိလား။

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို ဂျူနီယာလိုင်းယွန်းနာမည်နဲ့ ဝင်ပြိုင်နေတာပါ။ ဒီအသင်းက သြဂုတ်လမှာ ကစားမယ့် ၂ဝ၂ဝ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်ထား တာပါ။ ဒီအတွက် ပွဲအတွေ့အကြုံရအောင်နဲ့ပြင်ဆင်မှု ပိုလုပ်နိုင်အောင် မြန်မာနေရှင်နယ် လိဂ်-၂ မှာ  ဝင်ပြိုင်တဲ့သဘောပါ။ မြန်မာနေရှင်နယ်လိဂ်-၂ က တောင့်တင်းတဲ့ အသင်းတွေပါ တဲ့အတွက် အခက်အခဲရှိပါတယ်။ နောက်ပြီး ကျွန်တော် တို့အသင်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်လက်အောက်မှာရှိပြီး ကလပ်အသင်းမရှိတဲ့ ကစားသမား ၁၁ ဦး၊ ၁၂ ဦးလောက်ပဲ ရှိတယ်။ ကျန်တာက သက်ဆိုင်ရာ ကလပ်တွေနဲ့ညှိပြီး လာပူးပေါင်းတာပါ။ ပွဲတွေရှိရင်  တစ်ရက်ကြိုပြီး သူတို့အသင်းကို ပြန်ပေးရပါတယ်။ ဒါကြောင့် တချို့ပွဲတွေမှာ ပွဲထွက် ကစားသမားတချို့ ဒဏ်ရာရရင် လူစားလဲဖို့ ကျွန်တော့်မှာ အခက်တွေ့ရပါတယ်။

ပထမအကျော့အပြီးမှာ အသင်းကို ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဖို့ရှိလဲ။

အရင်ဆုံး ကစားသမားလိုအပ်ချက်တွေ ဖြည့်ရပါမယ်။ ကစားသမား လိုအပ်တဲ့နေရာကို အားဖြည့်ဖို့ရှိသလို ကစားသမား အပြောင်းအလဲလုပ်ဖို့လည်း ရှိပါတယ်။ ဒုတိယအကျော့ မစ ခင် အသင်းတာဝန် ရှိသူအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သွားမှာပါ။ အသင်းမှာ လိုအပ်နေတဲ့ခံစစ်ပိုင်းနဲ့ အဆုံးသတ်ပိုင်း အားနည်းမှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်သွား မှာပါ။

အာဆီယံပြိုင်ပွဲအတွက်ရော ဘာတွေထပ်ပြီး ပြင်ဆင်ဖို့ရှိမလဲ။

အာဆီယံပြိုင်ပွဲက သြဂုတ်လမှာ စမှာ ဖြစ်ပေမယ့် လတ်တလော COVID-19 ရောဂါကြောင့်  တည်ငြိမ်သွားပြီဆိုရင် အသင်းကို ပြည်ပခြေစမ်းပွဲတွေ ကစားနိုင်ဖို့ ပြင်ဆင်ပါမယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ခြေစမ်းပွဲကစားခွင့်ရဖို့ တောင်းဆိုပါမယ်။ ပြိုင်ပွဲမတိုင်ခင်ကြား ထဲမှာ ပြည်ပဖိတ်ခေါ်ပွဲတွေရှိရင်လည်း သွားပြိုင်ချင်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်-၂ မှာ ချန်ပီယံ ဖြစ်ဖို့ကိုရော ရည်မှန်းထားလား။

ပြီးခဲ့တဲ့ ယူ-၂၁ လိဂ်မှာ ကျွန်တော်တို့ အသင်းချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ကစား သမားတွေ ပွဲအတွေ့အကြုံရဖို့ ဝင်ပြိုင်တာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ တန်းတက်တာတွေ၊ ဆုကြေးငွေတွေ မရှိပါဘူး။ ပထမ၊ ဒုတိယ၊ တတိယ ရရင်လည်း ဆုတံဆိပ်ပဲရမှာပါ။ ပထမ အကျော့ရလဒ်ကို အားရတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့အ တွက် ချန်ပီယံမဖြစ်ရင်တောင် အဆင့် (၁) ကနေ (၃) အတွင်းဝင်ဖို့ မျှော်မှန်းထားပါတယ်။

နောက်ဆုံးအနေနဲ့ ပရိသတ်ကို ဘာများပြောချင်သေးလဲ။

ကျွန်တော်တို့အသင်းက လူငယ်တွေနဲ့ သေချာအချိန်ယူ ဖွဲ့စည်းထားတဲ့ အသင်းပါ။ မြန်မာ နေရှင်နယ်လိဂ်-၂မှာ တချို့ပြည်ပကစားသမားတွေ ပါတာတောင် မကြောက်ဘဲ တွန်းတွန်း တိုက်တိုက် ကစားတတ်တဲ့ အသင်းပါ။ ပရိသတ်တွေအနေနဲ့ ပိုပြီးအားပေး စေချင်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေ သွားပြိုင်မှမဟုတ်ဘဲ ပြည်တွင်းလိဂ်ပွဲတွေ ကစားနေတဲ့အခါမှာလည်း အား ပေးစေချင်ပါတယ်။          

TZW

Read 16 times Last modified on Thursday, 26 March 2020 10:25