Print this page

COVID-19 ရောဂါကူးစက်ခံရမှု အခြေအနေကို ဂန္ထဝင်ကစားသမား မယ်လ်ဒီနီရှင်းပြ

Thursday, 26 March 2020 10:26 font size decrease font size decrease font size increase font size increase font size

မီလန်၊ ဘောလုံး

စီးရီးအေဘောလုံးရာသီကို ဖျက်သိမ်းသင့်ကြောင်း အကြံပေးသားဖြစ်သူနှင့်အတူ COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် ရောဂါစောင့်ကြည့်ခြင်းဖြင့် နေထိုင်နေရပြီး ကုသမှုခံယူနေရ သော အီတလီနှင့် အေစီမီလန် ဂန္ထဝင်ကစားသမားကြီး ပေါ်လိုမယ်လ်ဒီနီက ရောဂါခံစား ရပုံများကို အများပြည်သူ သိရှိစေရန် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောသည်။

မယ်လ်ဒီနီနှင့် သားဖြစ်သူ ဒန်နီရယ်တို့နှစ်ဦးသည် အပူကြီးပြီးဖျားခဲ့သဖြင့် မီလန်ဆေးရုံသို့ မတ် ၅ ရက်က သွားရောက်ကုသမှုခံယူရာ COVID-19 ရောဂါကူးစက်ခံရကြောင်း သိရှိရပြီး ကုသမှုခံယူနေရကာ ရောဂါအခြေအနေသည် ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ရောဂါ လက္ခဏာများ ကျန်ရှိနေသေးသည်ဟု ပြောသည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်သော မယ်လ်ဒီနီက ''တော်တော်လေး သက်သာ ကောင်းမွန်လာပါပြီ။ အဆိုးဆုံးတွေကိုတော့ ကျော်ဖြတ်သွားနိုင်ခဲ့ပြီ။ ဒါပေမဲ့ ချောင်းခြောက်တွေ ဆိုးနေတုန်းပဲ။ အနံ့နဲ့ အရသာအာရုံခံမှုတွေလည်း ပျောက်ဆုံးနေဆဲပါ။ ပြန်ကောင်းလာမယ်လို့ ယုံကြည်မျှော် လင့်တယ်။ ကျွန်တော်က အားကစားသမားတစ်ယောက်ဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်အနေအထား ကို ကောင်းကောင်း သိတယ်။ နာကျင်ခံစားရမှုက တော်တော်လေး ပြင်းတယ်။ ရင်ဘတ်ထဲမှာ လည်း ဆွဲညှစ်ထားသလို ခံစားရတယ်။ ပထမဆုံး ဒီရောဂါခံစားရတာက မတ် ၅ ရက်နေ့ပါ။ ခန္ဓာကိုယ် အရိုးအဆစ်တွေ၊ ကြွက်သားတွေနာကျင်လာတယ်။ အရင်က ကျွန်တော်ဘယ်တုန်း ကမှ အဖျား ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မကျော်ဖူးပါဘူး။ နောက်နေ့မှာ ကျွန်တော် အေစီမီလန်အသင်း လေ့ကျင့်ရေးကွင်း သွားဖို့ရှိပေမယ့် အိမ်မှာပဲနေတယ်။ မီလန်နဲ့ဂျီနိုအာပွဲ ကို လွဲခဲ့ရတယ်''ဟု ပြောသည်။

ရပ်နားထားသော စီးရီးအေဘောလုံးပွဲများ ပြန်ကစားနိုင်ရေးနှင့် ပတ်သက်ပြီး မယ်လ်ဒီနီက ''ရာသီဆုံးအောင် ကစားရဖို့တော့ ရှိတယ်။ ဒါပေမဲ့ ဘယ်တော့လဲမသိနိုင်ဘူး။ လူတွေအတွက် တန်ဖိုးရှိတဲ့ ဖျော်ဖြေရေးဖြစ်တာတော့ လက်ခံတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ တစ်ယောက်နဲ့ တစ်ယောက်မထိဘဲ၊ လေ့ကျင့်ခန်း မဆင်းဘဲ ကစားဖို့မဖြစ်နိုင်ဘူး။ အဆိုးဆုံးဒေသက ဆမ်ဒိုးရီးယားလိုအသင်းမျိုး၊ ကစားသမားတွေ ကူးစက်ခံထားရတဲ့ ဂျူဗင်တပ်စ်လို အသင်းမျိုး တွေအတွက် မလေ့ကျင့်ရဘဲ၊ အဓိက ကစားသမားတွေမပါဘဲ ကစားရင် မမျှတဘူး။ ရာသီ ကိုဖျက်သိမ်းသင့်တယ်''ဟု ပြောသည်။

Ref:BBC

Read 44 times Last modified on Thursday, 26 March 2020 10:27