SJ WorldNews - шаблон joomla Авто

ONE Championship  က မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည့် အားကစားဆိုင်ရာအပြောင်းအလဲလေးခု  

Friday, 22 May 2020 09:02 font size decrease font size decrease font size increase font size increase font size

MMA အားကစားကို စိတ်ဝင်စားလာကြခြင်း

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်က ပထမဆုံး ကျင်းပသည့်  ONE  Championship ပြိုင်ပွဲမတိုင်မီကMMA ဟု ခေါ်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအပေါ် မြန်မာတို့ စိတ်ဝင်စားမှုအားနည်းခဲ့သည်။ ယင်းပြိုင်ပွဲမတိုင်မီ ကတည်းက UFC နှင့်  Bellator  တို့ကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများ ကို ပြည်တွင်းရုပ်သံလိုင်းများတွင် ကြည့်ရှု နိုင်နေပြီဖြစ်ပြီး အောင်လအန်ဆန်သည် လည်း  အမေရိကန်ပြည်တွင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေပြီဖြစ်သည်။ သို့သော် ပြည်တွင်း ပရိသတ် အနည်းငယ်မှလွဲ၍  ယင်းပြိုင်ပွဲ များကို စိတ်ဝင်တစားအားပေးကြည့်ရှုခဲ့သူ မရှိသလောက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံ၌  ONE  Championship    ပြိုင်ပွဲများ   ကျင်းပလာသည့်နောက်တွင်  ပြည်တွင်းပရိသတ်များ     ကိုယ်ခံ ပညာ သိုင်းပေါင်းစုံအားကစားကို  စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။    မြင်တွေ့နေကျ   လက်ဝှေ့ပွဲများကဲ့သို့ မဟုတ်ဘဲ ရှစ်ထောင့် သံဆန်ခါကြိုးဝိုင်းအတွင်း တစ်ဦးနှင့်တစ်ဦး ကြမ်းပြင်ပေါ်  လဲကျနေသည့်အချိန်ထိ ထိုးကြိတ်ချုပ်ကိုင်နေကြသည့် မြင်ကွင်းက မြန်မာပရိသတ်များအတွက်    အဆန်းတကြယ်ဖြစ်စေခဲ့သည်။ အောင်လအန်ဆန် ကို  ပြိုင်ပွဲသို့ခေါ်ယူစာချုပ်ခဲ့ပြီး  ကမ္ဘာ့ ချန်ပီယံဖြစ်သည်အထိ ယှဉ်ပြိုင်စေခဲ့သည့် အခါတွင်     ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို မြန်မာတို့  စိတ်ဝင်စားခဲ့ကြ သည်။

မြန်မာနိုင်ငံသား ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်း

မြန်မာနိုင်ငံသားအနေဖြင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခု၏ ကမ္ဘာ့ချန်ပီယံ ဟူသော    အောင်မြင်မှု မျိုးကိုရရှိခဲ့ဖူးသူ ရှားပါးပြီး ပေါ်ပေါက်ရန်လည်း ခက်ခဲသည့် အခြေအနေဖြစ်သည်။ သို့သော် အောင်လ အန်ဆန် ONE  Championship သို့ ရောက်လာပြီးသည့်နောက်ပိုင်းတွင်  မယုံ ကြည်နိုင်လောက်သည့်   အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။ အောင်လအန်ဆန်သည်  မြန်မာ့မြေပေါ်၌  ကျင်းပသည့်ပြိုင်ပွဲတွင် ပင်   အိမ်ရှင်ပရိသတ်၏ အားပေးမှုဖြင့်  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်၏ အောင်မြင်မှုမှာ ယင်းနေရာတွင်ပင် မရပ်သေးဘဲ လစ်လပ် နေသော  လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် အတွက် ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အနိုင် ရခဲ့သဖြင့် ONE  Championship သမိုင်း တစ်လျှောက် Martin Nguyen ပြီးလျှင် ဒုတိယမြောက်  ဝိတ်တန်းနှစ်ခု  ချန်ပီယံ ဖြစ်လာခဲ့သည်။  ထို့ပြင်  ယင်းချန်ပီယံ ခါးပတ်များကို စိန်ခေါ်လာသည့် ပြိုင်ဘက် များကိုလည်း  လေးကြိမ်တိုင် အနိုင်ယူပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။  ထို့ကြောင့် အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ်၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံ ပညာသိုင်းပေါင်းစုံကစားသမားဆုပင် ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

 မြန်မာ့လက်ဝှေ့သမားများ  ပါဝင်ခွင့်ရလာခြင်း

မြန်မာနိုင်ငံ၌ ONE  Championship   ပြိုင်ပွဲများ      ကျင်းပသည့်အချိန်တွင် အိမ်ရှင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ အဆင်သင့်မရှိသေးသဖြင့် ရှိပြီးသား မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများကိုသာ    အနည်းငယ် သင်ကြားပြီး ရှစ်ထောင့်ကြိုးဝိုင်းထဲ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့သည်။   လက်ဝှေ့အိတ်မစွပ်ရသည့် မြန်မာ့ လက်ဝှေ့သည် လက်ဝှေ့အိတ်အပါး သာစွပ်ရသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနှင့် လိုက်လျော ညီထွေရှိခဲ့သည်။ ထို့ပြင်  မြန်မာ့လက်ဝှေ့ပညာတွင်လည်း    မတ်တတ်ရပ် အချုပ်အသိုင်းပညာများပါ သဖြင့် မတ်တတ်ရပ်တိုက်ခိုက်မှုတွင် ပြိုင် ဘက်များကို ကောင်းစွာယှဉ်ပြိုင်နိုင်သည်။

ထိုသို့ယှဉ်ပြိုင်ရင်းက   ဖိုးသော်ကဲ့သို့ ကစားသမားကောင်းများ ပေါ်ထွက်လာ ခဲ့ပြီး ဖယ်သာဝိတ်တန်း၏ အလဲထိုး နိုင်ပွဲ အများဆုံးကစားသမားအဖြစ်ပင် မှတ်တမ်းဝင်ခဲ့သည်။  တခြားကစားသမားများမှာ ပွဲအများဆုံး ကစားထားသည့်   ရဲသွေးနီ၊ ရှုံးပွဲမရှိ   ပွဲတိုင်းနိုင်သည့် ကစားသမား သပြေညိုနှင့်  မြန်မာတံခွန်စိုက်   ရှုံးထွက် ချန်ပီယံသွေးသစ်အောင်တို့ဖြစ်ကြသည်။

မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်စေခြင်း

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား သည်   မြန်မာနိုင်ငံ၌  စိတ်ဝင်စားခြင်း ခံရသည့်   အားကစားနည်း တစ်ခုဖြစ်လာသဖြင့်  ယင်းပညာရပ်ကို စိတ်ဝင်တစားလေ့လာသင်ယူလိုသူလည်း  များပြားလာခဲ့သည်။ မြန်မာနိုင်ငံ၌ ယခင်က ကိုယ်ခံ ပညာသိုင်းပေါင်းစုံအားကစားဟူ၍ သီးခြားသင်ပေးသည့်   သင်တန်းမရှိ သော်လည်း လက်ဝှေ့၊   အနောက်တိုင်း   လက်ဝှေ့၊ မွေထိုင်း၊  ဂျူဂျစ်ဆု၊  ဂျူဒို၊  ကရာတေး၊ တိုက်ကွမ်ဒို    စသည့်ပညာရပ်များကို သီးသန့်စီသင်ကြားပေးနေသည့် သင်တန်း နှင့်  အားကစားရုံများရှိခဲ့သည်။  မြန်မာ နိုင်ငံ၏ ပထမဆုံးကိုယ်ခံပညာသိုင်းပေါင်း စုံအားကစားလေ့ကျင့်ရေးရုံ Team  PT   ကို ဖိုးသော်က ပထမဆုံး ဖွင့်လှစ်ခဲ့သည်။

Team  PT   သည်  ဖိုးသော်အပြင် လက်ရှိ ONE  Warrior  Series တွင် ယှဉ်ပြိုင်နေသည့် စိုင်းဥာဏ်လင်း၊ ONE Championship  ကစားသမားဟောင်း ကြယ်စင်ဖြိုး၊  မျိုးဆက်သစ်ကိုယ်ခံပညာ သိုင်းပေါင်းစုံကစား သမားများဖြစ်သည့် ကိုကိုအောင်၊  နော်အဲအဲ  စသည့်ကစား သမားများ လေ့ကျင့်နေသည့်နေရာဖြစ် သည်။ ထို့ပြင်  YGN Fight Club BJJ Myanmar   စသည့်အဖွဲ့အစည်းများနှင့် ကိုယ်ကာယ  လေ့ကျင့်ရေးစင်တာများမှ သင်တန်းများကလည်း အလားအလာရှိ သည့်  မျိုးဆက်သစ်ကစားသမားများကို မွေးထုတ်ပေးနေပြီဖြစ်ရာ ONE Championship  ပြိုင်ပွဲ၏ အကျိုးသက်ရောက် မှုဖြင့်    မျိုးဆက်သစ်ကိုယ်ခံပညာသိုင်း ပေါင်းစုံကစားသမား များ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

 

 

Read 30 times Last modified on Friday, 22 May 2020 10:50