SJ WorldNews - шаблон joomla Авто

ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံဆုရှင် ရန်နိုင်ထွန်း၏ ကျန်းမာရေးဝန်ထမ်းနှင့် အားကစားသမားဘဝအကြောင်း

Wednesday, 27 May 2020 07:39 font size decrease font size decrease font size increase font size increase font size

အရင်ဆုံး ကျန်းမာရေးဝန်ထမ်းအဖြစ် စတင်လုပ်ဆောင်ဖြစ်တာလေး သိပါရစေ။ ကျွန်တော်က   တက္ကသိုလ် ဝင်တန်းအောင်တော့အမှတ်မီတဲ့အတွက် ဆေးဝါးဆိုင်ရာဓာတ်ခွဲခန်းပညာရှင် (Medical Lab Technician)  ဘာသာရပ်ကို တက်ခဲ့တာပါ။ ပြီးတော့ Medical Lab Technician Grade-2  အောင်ပြီး ဘားအံပြည်သူ့ ဆေးရုံဓာတ်ခွဲခန်းမှာ  တာဝန်ထမ်းဆောင်ဖြစ်တာပါ။  ကျန်းမာရေးဝန်ထမ်းအဖြစ် စလုပ်ဖြစ်ခဲ့တာကတော့ ၂၀၁၆ ခုနှစ်  ဇူလိုင်လကတည်းကပါ။

လက်ရှိ ဆေးဝါးဆိုင်ရာဓာတ်ခွဲခန်းမှာ ဘာတွေလုပ်ဆောင်ရလဲ။လက်ရှိမှာတော့  ပြည်ပကပြန်လာတဲ့  ဒေသခံပြည်သူတွေကို ဆေးစစ်ပေးရတယ်။ အခု ဘားအံမြို့ Quarantine Center  တွေမှာထားရှိတဲ့ စောင့်ကြည့် လူနာတွေရဲ့  နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို  ကျွန်တော်တို့  ဓာတ်ခွဲခန်းဝန်ထမ်းတွေက နမူနာယူပေး ရတယ်။ ပြီးရင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)ကို ပေးပို့ပြီး စစ်ဆေး ပေးရပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဝန်ထမ်းတစ်ယောက်လုပ်နေရင်း လက်ဝှေ့လောကကို ဘယ်လိုမျိုးစရောက်ဖြစ်ခဲ့တာလဲ။ တကယ်က ကျန်းမာရေးဝန်ထမ်းအလုပ်ကို စလုပ်ဖြစ်ခဲ့တာဆိုပေမယ့် ငယ်ငယ်ကတည်းက လက်ဝှေ့ အားကစား ကို ဝါသနာပါတယ်။ အသက်အရွယ်တစ်ခု ရောက်လာရင် ယှဉ်ပြိုင်ဖို့လည်းအစီအစဉ်ရှိတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ထမ်းလုပ်ပြီး လေးလလောက်ကြာတော့ လက်ဝှေ့ကစားဖို့ အစပြုလာတာပါ။ ဘားအံမြို့မှာရှိတဲ့   ဇွဲကပင်မြေ   ရိုးရာလက်ဝှေ့အသင်းမှာ ကျွန်တော့်ဆရာဖြစ်တဲ့ ဦးရာဇာက လေ့ကျင့်ပေး ခဲ့တာပါ။  အဲဒီကနေတစ်ဆင့်  ပုံမှန်လေ့ကျင့်ပြီး  ရိုးရာလက်ဝှေ့ပွဲတွေယှဉ်ပြိုင်ရင်း   လက်ဝှေ့လောကကို စရောက်ခဲ့တာပါ။

လက်ဝှေ့သမားဘဝမှာ   ပွဲပေါင်းဘယ်လောက်ယှဉ်ပြိုင်ခဲ့ပြီးပြီလဲ။ ဆုတံဆိပ်ရော ဘာတွေဆွတ်ခူးထားလဲ။

၂၀၁၆ ခုနှစ်ကနေ စယှဉ်ပြိုင်တာဆိုတော့ သုံးနှစ်ကျော်ကာလအတွင်း ပွဲပေါင်း ၃၀ ကျော်မှာ နာမည်ကြီးဖြစ်တဲ့  စိုးလင်းဦးအပါအဝင်  လက်ဝှေ့ကျော် အတော်များများနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပွဲတိုင်းကတော့  ကျွန်တော့် အတွက်  အမှတ်တရတွေပါပဲ။ ၂၀၁၇ ခုနှစ်မှာတော့ ၆၃ ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံ စဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာပဲ လက်ဝှေ့ပွဲတွေစီစဉ်တဲ့  G to G     က ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ် တစ်နှစ်တာ ရိုးရာလက်ဝှေ့အလဲထိုး နိုင်ပွဲအများဆုံးဆုကိုလည်း ရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၇၁ကီလိုတန်းမှာ ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

လက်ဝှေ့သမားဘဝမှာရော  ဘယ်လောက်အထိအောင်မြင်ဖို့ ရည်မှန်းထားလဲ။ အနာဂတ်မှာ ဘာပွဲတွေ ယှဉ်ပြိုင် ဖို့ရှိသေးလဲ။

လက်ဝှေ့သမားဘ၀ စဖြစ်ကတည်းက ကျွန်တော့်ရဲ့ လက်ရှိဝိတ်တန်းမှာ အအောင်မြင်ဆုံးကစားသမား ဖြစ်ချင်တယ်။ အခု ရွှေတံဆိပ်ဆုတွေရထားပေမယ့်ဒီထက်ပိုအောင်မြင်ဖို့ အကောင်းဆုံးဆက်ကြိုးစားပါမယ်။  ဧပြီလတုန်းက ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် WLC-12  မှာ ကမ္ဘောဒီးယားလက်ဝှေ့သမားတစ်ဦးနဲ့ ယှဉ်ပြိုင်ဖို့စီစဉ်ထားတာပါ။ COVID-19  ရောဂါကြောင့် ပွဲရွှေ့လိုက်ရတာပါ။

လက်ဝှေ့ဆိုတာမျိုးက ကြိုးဝိုင်းထဲမှာယှဉ်ပြိုင်ရတဲ့ ကြမ်းတမ်းတဲ့ကစားနည်းဖြစ်ပြီး အခု ဓာတ်ခွဲခန်းမှာကျတော့ အနုစိတ်လုပ်ဆောင်ရတာမျိုးဖြစ်တော့ ဒီလိုကွာခြားတဲ့ အလုပ်နှစ်ခုကိုလုပ်ဆောင်ဖို့ ဘယ်လိုမျိုး စိတ်ခံယူထားလဲ။

လက်ဝှေ့ဆိုတာက ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရတဲ့ ကစားနည်းဆိုတော့ သူများထက်မာကျောရ တယ်။စိတ်ရောလူပါ   မာကျောအောင်လေ့ကျင့်ရတယ်။ ဓာတ်ခွဲခန်းအလုပ်ကျတော့ အသေးစိတ်သေချာလုပ် ရတယ်။ လူတစ်ယောက်ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို  လွဲချော်မှုမရှိအောင် ဂရုစိုက်ပြီးလုပ်ရတယ်။ တစ်ခုနဲ့တစ်ခုကတော့ အရမ်းကွာခြားတယ်။ ဒါပေမဲ့ နှစ်ခုစလုံးက ကျွန်တော်ကြိုက်တဲ့အလုပ်ဖြစ်လို့ အကောင်း ဆုံးဖြစ်အောင် ကြိုးစားပါတယ်။

လက်ဝှေ့မှာလည်း     အောင်မြင်နေတဲ့အတွက်တကယ်လို့ လက်ဝှေ့သမားဘဝနဲ့ ကျန်းမာရေးဝန်ထမ်းဘဝဆိုရင် ဘာကိုရွေးချယ်ဖြစ်မလဲ။

ဒါကတော့ ပြောရခက်တယ်။ လက်ဝှေ့ဆိုတာကလည်း ငယ်ငယ်ကတည်းကဝါသနာပါတဲ့ အားကစား တစ်ခုဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာကလည်းလွယ်လွယ်ဖြစ်လာတာမဟုတ်ဘဲ နှစ်နှစ်ကျော် လောက် ကြိုးစားရုန်းကန်ပြီးမှ ဖြစ်လာရတာပါ။

လက်ရှိ COVID-19  ရောဂါကာကွယ်ထိန်းချုပ် ရေးကာလမှာ ပြည်သူတွေရော လက်ဝှေ့သမားတွေကိုပါ ဘယ်လို အကြံပြုချင်လဲ။

လက်ဝှေ့သမားတွေကိုတော့ ဒီကာလမှာ လေ့ကျင့်မှုမပျက်စေချင်ဘူး။ ကိုယ်နိုင်သလောက် ရတဲ့နေရာမှာ လေ့ကျင့်စေချင်တယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်စေချင်တယ်။ အားကစားက ကြံ့ခိုင်မှုနဲ့ ကိုယ်ခံအား ကောင်းစေတဲ့အတွက် ရောဂါပိုးကိုလည်း ကာကွယ်နိုင်ပါတယ်။ ပြည်သူတွေကိုလည်း ကျန်းမာရေးကို မပေါ့ဆစေချင်ဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့  ထုတ်ပြန်ချက်တွေအတိုင်း  စည်းကမ်းတကျ လိုက်နာစေချင်ပါတယ်။

Read 40 times