SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၂၀၂၂ အာရှဖလားနှင့် ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရန် ပြင်ဆင်မည်

Wednesday, 01 July 2020 09:30 font size decrease font size decrease font size increase font size increase font size

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ၂၀၂၂ အာရှဖလားနှင့် ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရန် ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက   ပြုလုပ်သည့် MFF အလုပ်အမှုဆောင်အစည်းအဝေး၌ အမျိုးသမီးလိဂ်ကို  စနစ်တကျကျင်းပပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန်    ပစ်မှတ်ထားဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က   ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို မူလ ၂၄ သင်းအစား ၃၂ သင်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အာရှနိုင်ငံများအနေဖြင့် ရှစ်သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ထို့ပြင်    အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂  အာရှဖလားပြိုင်ပွဲ  နောက်ဆုံးအဆင့်ကို မူလရှစ်သင်းအစား ၁၂ သင်း အထိ တိုးမြှင့်၍  ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့်  ၂၀၂၂   အာရှဖလားနှင့် ၂၀၂၃ ကမ္ဘာ့ဖလားဝင်ခွင့်ရရန် အခွင့်အရေးရှိနေပြီး အသင်းကို ယခုနှစ်မှ စတင်ကာ ရေရှည်စီမံကိန်းဖြင့်   ကြိုးပမ်းပြင်ဆင်မည် ဖြစ်ကြောင်း MFF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးအသင်းကို  အရှိန်မြှင့်ပြီး   လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်။ ၂၀၂၂ အာရှဖလားနဲ့  ၂၀၂၃   ကမ္ဘာ့ဖလား အမျိုးသမီးပွဲတွေမှာ ဝင်ခွင့်အသင်းတွေတိုးမြှင့်ထားတယ်။ အမျိုးသမီးအသင်းအနေနဲ့ အာရှဖလားနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ အခွင့်အရေးရှိလာတယ်။ ဒါကြောင့် အမျိုးသမီးအသင်းကို ရေရှည်စီမံကိန်းနဲ့  အချိန်ယူပြင်ဆင်မယ်။  အာရှဖလားဝင်ခွင့်ရဖို့  အရင်ကြိုးပမ်းသွားပါမယ်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး COVID-19 ရောဂါအခြေအနေ တည်ငြိမ်ပါက  စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်ကြောင်း    သိရသည်။

ကိုရဲ

Read 24 times Last modified on Wednesday, 01 July 2020 09:31