SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ၏ အနိုင်ရရှိသူ ရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

Monday, 09 September 2019 11:09 font size decrease font size decrease font size increase font size increase font size

ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ပါမောက္ခချုပ်များ ကော်မတီ၊    မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့်  Huawei ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ  Cloud   နှင့် AI   နည်းပညာပြိုင်ပွဲ၏ အနိုင်ရရှိသူ ရွေးချယ်ခြင်းနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို  စက်တင်ဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT ခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်များနှင့်    နည်းပညာ တက္ကသိုလ်များမှ အသင်းပေါင်း ၁၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး  ဆန်ခါတင် ၁၁ သင်းမှ  ကဏ္ဍအမျိုးမျိုးအတွက်  ဖန်တီးရေးသားထားသည့်  Solution များကို  အကဲဖြတ်  ဒိုင်လူကြီးများက  ဧည့်သည်များရှေ့တွင် ရှင်းလင်းတင်ပြ ယှဉ်ပြိုင်စေသည်။ အနိုင်ရရှိသည့် အသင်းများကို ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ရာ ဘွဲ့လွန်အသင်း အုပ်စုတွင် ပထမဆုကို Team Data Jook အသင်းက လည်းကောင်း၊ ဘွဲ့ ကြိုအသင်းအုပ်စုတွင် ပထမဆုကို  Team UCS (Taungoo)တို့က လည်းကောင်း ရရှိခဲ့သည်။

''ဒီပွဲက မြန်မာနိုင်ငံပညာရေးရဲ့  ရှေ့အလားအလာအတွက်  အကျိုးရှိစေလို့ ကျွန်တော်တို့အနေနဲ့  အားပေးရမယ့် ပွဲတစ်ပွဲပါ။ အဖွဲ့ပေါင်း ၁၁၇ ဖွဲ့က စာရင်း သွင်းခဲ့ပြီး ဒီထဲက ဆန်ခါတင် ၁၁ ဖွဲ့ကို ရွေးချယ်ခဲ့တာပါ။ ပြိုင်ပွဲဝင်ကျောင်းသားတွေ အနေနဲ့ အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်မှု၊  ခေါင်းဆောင်မှု စိတ်ဓာတ်တွေ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရရှိလာတဲ့အပြင်  ခေတ်မီနည်းပညာတွေဖြစ်တဲ့ AI နည်းပညာ၊ Cloud နည်းပညာတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အခွင့်အလမ်းကောင်းပါ'' ဟု အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ   ဒေါက်တာ မျိုးကြွယ်ကပြောသည်။

အနိုင်ရရှိသည့်အသင်းများကို  နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်  အမြော်အမြင်ရှိမှု၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ Solution  ၏ ဆင့်ကဲ တိုးတက်နိုင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အမြင်ရှိမှု၊ စီးပွားရေးဆိုင်ရာ တွေးခေါ်နိုင်မှု၊ နှစ်ဦးနှစ်ဖက် အကျိုးပြုနိုင်သော ဒီဇိုင်းပုံစံနှင့်   တီထွင်ကြံဆမှု ဟန်ပန်   စသည့် အသေးစိတ်ကျသော စံချိန်စံညွှန်းများပေါ်   မူတည်ဆုံးဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အသုံးပြုခဲ့သည့် Cloud နှင့် AI နည်းပညာအားလုံး ကို  Huawei  Cloud  Platform က ပံ့ပိုးပေးထားကြောင်း  သိရသည်။ 

အနိုင်ရရှိသော ပြိုင်ပွဲဝင် အသင်းများက Huawei တွင် အလုပ်သင်အဖြစ်  ဝင် ရောက် လုပ်ကိုင်နိုင်မည့်    အခွင့်အရေး၊ Huawei ထုတ်ကုန်များ၊ Huawei Certificate Voucher များနှင့် ပညာရေး ဝန်ကြီးဌာန၏ ဂုဏ်ပြုလက်မှတ်များ မတူညီသည့် ဆုအမျိုးအစားများ အတွက်  အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

Read 40 times Last modified on Monday, 09 September 2019 11:11