SJ WorldNews - шаблон joomla Авто

ebay နှင့် PayPal တို့ကိုသုံးပြီး နိုင်ငံခြားမှာ ရန်ပုံငွေ ရှာနေသည့် IS

Wednesday, 16 August 2017 12:37 Written by  font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်းဒေသ၌  တိုက်ပွဲများ ရှုံးနေသကဲ့သို့အရေးနိမ့်မည့် အလားအလာများ ရှိနေသည့် IS တို့သည် နယ်မြေသစ်များကို  မကြာမီ ရှာဖွေလာနိုင်ကြောင်း  နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားပြီး

မကြာမီ IS တို့၏  အခြေစိုက်ရာ နေရာသစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာသည်။ ယခုနှစ် မေလတွင် အမေရိကန်နိုင်ငံ မေရီလန်း၌ ဖမ်းမိခဲ့သည့်  IS ဘက်တော်သားတစ်ဦးက သူကောက်ခံရရှိသော ငွေများကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပေးရကြောင်း ဝန်ခံထားပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ရေး လုပ်ငန်းစဉ်များ အတွက်ဖြစ်ကြောင်း ပြောသည်။

IS တို့သည် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို ဝါဒဖြန့်ခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့ အတွက်  သုံးသည်သာမက  ယခုအခါ ကမ္ဘာပေါ်ရှိ  လူအများစု အသုံးပြုကြသည့် ebay နှင့် PayPal တို့တွင်လည်း ငွေလက်ခံမှု၊  ငွေလွှဲမှုအတွက် လက်နက်သစ်တစ်ခုအဖြစ် အသုံးပြုလာကြသည်။

ငွေလက်ခံမည့်သူများက ကမ္ဘာတစ်ဝန်းလုံးရှိ အလှူရှင်များ၏ အလှူငွေကို လက်ခံနိုင်ရန် ebay တွင် အရောင်းအဝယ်လုပ်သည်။ထို့နောက် ငွေကို PayPal မှတစ်ဆင့် လွှဲပေးသည်။ လက်ဆုပ်လက်ကိုင်ပြစရာ လုပ်ငန်းကလည်း ရှိနေသဖြင့် အကြမ်းဖက်လုပ်ငန်းအတွက်   ရန်ပုံငွေစုဆောင်းနေသည်ကိုမည်သူကမျှ ရိပ်မိသိရှိနိုင်ခြင်း မရှိပေ။

မေလက ဖမ်းမိခဲ့သည့်  IS ဘဏ္ဍာငွေ စုဆောင်းသူ အတ်ရှ်နာဝီဆိုလျှင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ကွန်ပျူတာ အရောင်းအဝယ် လုပ်ငန်းတစ်ခုကို ebay တွင် လုပ်သည်။ ထို့နောက် နိုင်ငံတကာမှ ပေးပို့သော အလှူငွေများကို လက်ခံသည်။  ထိုမှရရှိသည့်ငွေကို  ဘင်္ဂလားဒေ့ရှ်သို့ တစ်ဆင့်ထပ်မံ လွှဲပြောင်းပေးသည်။  ဘင်္ဂလားဒေ့ရှ်အပြင်  IS တို့ခြေကုပ်ယူ လှုပ်ရှားနေသည်မှာ    ဗြိတိန်နိုင်ငံဖြစ်ကြောင်း အတ်ရှ်နာဝီက ပြောသည်။

ဥရောပ၌  IS တို့ အကြမ်းဖက်မှုဒဏ်ကို အခံခဲ့ရဆုံးနှစ်နိုင်ငံမှာ   ပြင်သစ်နှင့်ဗြိတိန် တို့ဖြစ်သည်။   သို့သော်  ဥရောပသည် အကြမ်းဖက်လုပ်ငန်းများ အခြေချရန် မဖြစ်နိုင်ပေ။  ထို့ကြောင့် ခြေကုပ်ယူရန်  IS တို့က ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အကြမ်းဖက်ဝါဒဓာတ်ခံ ရှိသည့်နိုင်ငံကို ရွေးရသည်။၎င်းတို့နှင့် အကိုက်ညီဆုံးမှာ ဘင်္ဂလားဒေ့ရှ် ဖြစ်သည်။  ဘင်္ဂလားဒေ့ရှ်သည်  ယခင်က အလယ်အလတ်ဝါဒီများ နေထိုင်သည့်နိုင်ငံဟု ပြောစမှတ်ပြုကြသော်လည်း  ယခုဘင်္ဂလားဒေ့ရှ်၌   အစွန်းရောက်ဝါဒီများ ကိန်းအောင်းလာပြီဖြစ်သည်။

ဘာသာရေးနှင့်အမြင်မတူသူ၊ အယူဝါဒ ကွဲလွဲသူမှန်သမျှကို   ဘင်္ဂလားဒေ့ရှ် အစွန်းရောက်တို့က သတ်ပစ်လေ့ရှိသည်။ ထို့ပြင် လောကုတ္တရာရေးရာများကို ဦးစားပေးသူဆိုလျှင်လည်း အွန်လိုင်းက ဘလော့ဂါပင် မချန်ဘဲ ဘင်္ဂလားဒေ့ရှ် အစွန်းရောက်တို့က သတ်သည်။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ IS တို့ရောက်လာချိန်တွင် IS တို့က သတ်လိုက်၊ ဘင်္ဂလားဒေ့ရှ် အစွန်းရောက်တို့က  သတ်လိုက်နှင့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

မြို့တော်ဒါကာ၌ပင်  အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ခရစ်ယာန် ဘုန်းတော်ကြီးနှင့်  ကမ္ဘာလှည့်ခရီးသွားများကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ဘင်္ဂလားဒေ့ရှ်အစိုးရက ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းအထိ  ၎င်းတို့နိုင်ငံ၌   IS တို့မရှိဟူ၍     ကြွေးကြော်ထားခဲ့သော်လည်း နောက်ပိုင်းတွင် IS တို့၏  သိသာသည့် အကြမ်းဖက်မှုများနှင့် ပြန်ပေးဆွဲစီးနင်းမှုများက သက်သေခံနေသဖြင့် ၎င်းတို့နိုင်ငံ၌ ISတို့ စိမ့်ဝင်နေသည်ကို ဝန်ခံခဲ့သည်။

ယင်းတို့အနက် ၂ဝ၁၆ ခုနှစ် ဇူလိုင်လက မြို့တော်ဒါကာရှိ စားသောက်ဆိုင်ကို ဝင်စီးခဲ့သည့်အဖြစ်က  ဘင်္ဂလားဒေ့ရှ်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည်။ နိုင်ငံခြားသားများနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဆိုင်ထဲ၌ အကြမ်းဖက်သမားငါးဦးက  ပြန်ပေးဆွဲခေါ်ထားပြီး ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ကြကာ သေဆုံးသူ ၂၉ ဦး အထိရှိခဲ့သည်။

IS တို့က ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက်  ဘင်္ဂလားဒေ့ရှ်၌  အကြမ်းဖက် တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။ လူအများစုရှိသည့်နေရာများကို ဆိုင်ကယ်နှင့် လာကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့်  ဝင်ခုတ်ခြင်းနှင့်  ကားဗုံးခွဲခြင်းတို့က ဘင်္ဂလားဒေ့ရှ်၌    တစ်ပတ်တစ်ကြိမ်ခန့်ဖြစ်ပေါ်နေပြီးIS တို့နှင့် ဒေသခံအကြမ်းဖက်သမားတို့ ပေါင်းစည်းခြင်းက အဆိုးရွားဆုံး အခြေအနေဖြစ်သည်။

သို့သော် ယခု IS တို့  အကြမ်းဖက်မှုများက တစ်ကမ္ဘာလုံး၌  ငြိမ်သက်နေပြီး နောက်ထပ်ကြီးမားသည့်  အကြမ်းဖက်မှုကြီး တစ်ခုကို ကြံစည်နေသည့်ပုံစံဖြစ်သည်။ထို့ကြောင့် ရန်ပုံငွေများကို  နည်းလမ်းအကုန်သုံးပြီး လိုက်စုနေခြင်းဖြစ်သည်။ ဖမ်းမိခဲ့သည့် အတ်ရှ်နာဝီ တစ်ဦးတည်းစုဆောင်း ရရှိခဲ့သည့်ငွေမှာ အမေရိကန်ဒေါ်လာ ၉ဝဝဝ နီးပါးရှိသည်။နောက်ထပ် အမေရိကန်နှင့်  အနောက်နိုင်ငံများ၌   လူဦးရေမည်မျှ  ebay နှင့် PayPal သုံးပြီး  ရန်ပုံငွေ စုဆောင်းနေသည်။

တခြားနည်းလမ်းများဖြင့် ရန်ပုံငွေ စုဆောင်းနေသည်ကို မည်သူမျှမသိနိုင်ဘဲ အမေရိကန်အစိုးရက ယခု ebay နှင့် PayPal တို့ကို စတင်ခြေရာခံနေပြီဖြစ်သည်။ebay တာဝန်ရှိသူက ebay မှာအကြမ်းဖက်မှုနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်စွမ်းက သုညအခြေအနေဟုဆိုကာ ငြင်းဆိုထားပြီး PayPal က သူတို့ Platform ၌ ကြိုတင် ကာကွယ်မှုများ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

IS တို့၏အဓိက ပစ်မှတ်သည် အမေရိကန်၌ အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ်ရန်ဖြစ်ပြီး   ထိုတစ်ခုတည်းနှင့် ISကို သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူကာ လူသစ်ထပ်မံ စုဆောင်း၊  ဝါဒဖြန့်ကာ ISအသက်သွေးကြောကို  ပိုမိုရှည်လာစေရေး ဆွဲဆန့်ထားရန်ဖြစ်သည်။

အိုစမာဘင်လာဒင် အသုံးပြုခဲ့သည့် ၉/၁၁ ဖြစ်စဉ်ကဲ့သို့ဖြစ်သည်။    ၉/၁၁ ကြောင့် အိုစမာဘင်လာဒင်နှင့် အယ်လ်ကိုင်ဒါ ပိုမိုနာမည်ကြီးသွားခဲ့ပြီး ထိုဖြစ်စဉ် နောက်ပိုင်း အကြမ်းဖက်အုပ်စု အများစုသည် အယ်လ်ကိုင်ဒါကို သစ္စာခံခဲ့ကြသည်။ ယခု IS တို့  အာဆီယံဘက်၌   ပိုမိုခြေကုပ်ယူ လှုပ်ရှားနေပြီး     ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ဖိလစ်ပိုင်က ဒုတိယဖြစ်သည်။

ဖိလစ်ပိုင်၌  ယခင်က  အကြမ်းဖက်အုပ်စုများ  ရှိနေခဲ့သည့်အတွက်  ၎င်းတို့ သစ္စာခံခံချင်းပင်  မာရာဝီမြို့ကို  ဝင်သိမ်းသည်အထိ အချိန်ခဏလေး အတွင်းမှာပင် ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်ထိ မာရာဝီမြို့မှ ဓားစာခံများ IS သစ္စာခံတို့၏ လက်ထဲတွင် ရှိနေသေးသည်။ထို့ကြောင့် အရှေ့အလယ်ပိုင်း၌ IS တို့အမြစ်ပြတ်သွားသော်လည်း အရှေ့တောင်အာရှဘက်၌   နောက်တစ်ဖန်ပြန်လည် အသက်ဝင်လာနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။   

Read 592 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 08:43

Latest from ကေတု