SJ WorldNews - шаблон joomla Авто

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပိုမို အားကောင်းလာသည့် တရုတ်

Thursday, 04 January 2018 11:16 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းသည် ၎င်းတို့အကျိုးအမြတ်အတွက်   အသုံးချစရာအဖြစ်  ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဈေးပေါသော အလုပ်သမားများကို   မျက်စိကျကြသည်။ ဥပမာ-အမေရိကန်ဆိုလျှင် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှင့်  လုပ်သားအင်အားက မိမိနိုင်ငံထက် လေးဆကျော် ပိုမိုများပြားသည့် တရုတ်ကို   မျက်စိကျနေသည်။  ဂျပန်နိုင်ငံသည်လည်း  အာဆီယံမှ လုပ်သားများအပေါ် အားထားနေရသည်။

အမေရိကန်သမ္မတ      အဆက်ဆက်က ဒေါ်နယ်ထရမ့် တံတိုင်းခတ်သည့် မက္ကဆီကို နယ်စပ်ကို အလုံခြုံဆုံးဖြစ်အောင် မလုပ်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ဈေးပေါသည့်  မက္ကဆီကို လုပ်သားများကို လိုချင်သောကြောင့်ပင်ဖြစ်သည်။ ဂျပန်နိုင်ငံသည်လည်း ထိုနည်း တူပင်ဖြစ်သည်။ နောက်ဆုံး  ဂျပန်နိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားထု တစ်ရပ်မရှိပါက ဂျပန်နိုင်ငံ၏  စီးပွားရေး လည်ပတ်နိုင်ပါ့မလားဆိုသည့် သံသယမကင်းသော အသံများပင် ထွက်ပေါ်လာရသည်အထိ ဖြစ်နေသည်။

သို့သော် ယခု အမေရိကန်တို့အနေဖြင့် တရုတ်တို့၏ ဈေးပေါလုပ်သားဈေးကွက်ကို   မကြာမီ  လက်လွှတ်ရတော့မည်ဖြစ်သည်။  ၂ဝ၁၇   ခုနှစ်တွင်  တရုတ်လုပ်သားဈေး နှုန်းများ   အဆမတန် မြင့်တက်ခဲ့ပြီး  အမေရိကန်တွင် လုပ်သားတစ်ဦးနှုန်းက တရုတ်တွင် ခြောက်ဦးနှုန်းနှင့်  ညီမျှသည်ဟုဆိုခဲ့သော Apple ကုမ္ပဏီ CEO တင်ကွတ်ခ်၏ စကားများလည်း မကြာမီ အဆုံးသတ်ရတော့မည် ဖြစ်သည်။

အဓိကအကြောင်းရင်းမှာ  တရုတ်တွင် ပညာတတ်အရေအတွက် များပြားလာခြင်း နှင့် တရုတ်အစိုးရသည်  ပညာတတ်များအပေါ် အခြေခံတည်ဆောက်မည့် နိုင်ငံ၏ မူဝါဒများကြောင့်ဖြစ်သည်။ ၂ဝ၂၅  ခုနှစ် တွင်  နိုင်ငံ၏ မူဝါဒများကို ပညာတတ်များအပေါ်တွင် အခြေခံကာ တည်ဆောက်မည့် နှစ်ဟု တရုတ်အစိုးရက  ကြုံးဝါးထားပြီး နှစ်စဉ်ပညာရေးဘတ်ဂျက်နှင့်  တက္ကသိုလ်များကို အဆင့်မြှင့်တင်လျက်ရှိသည်။

၁၉၉၉ ခုနှစ် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုခန့်က တရုတ်တို့ ပညာရေးကိုရှေ့တန်းမတင် သေးသည့်အချိန်ဖြစ်ကာ   မည်သူမျှလည်း  ပညာသင်ရန်    လိုလိုလားလား မရှိခဲ့ပေ။ သို့သော် ယခုပညာရေး ရည်မှန်းချက်များက  ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ ပညာရေးကို နံပါတ်တစ် စီမံကိန်းအနေဖြင့်   တရုတ်တို့ လျင်မြန်စွာ လုပ်ဆောင်နေပြီး ၂ဝ၁၅ ခုနှစ် နှင့်ယှဉ်လျှင်   ၂ဝ၁၇ ခုနှစ်တွင်  တရုတ် တက္ကသိုလ်များမှ ဘွဲ့ရအရေအတွက်သည်   ရှစ်သန်းအထိ ရှိလာခဲ့သည်။

ထိုအရေအတွက်က ၂ဝ၁၃ ခုနှစ်ကရှိခဲ့သည့် ဘွဲ့ရအရေအတွက်ထက် ၁ဝ ဆ ကျော်မြင့်တက်လာခဲ့သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု တစ်ခုတည်း၌ တရုတ် လူမျိုးဘွဲ့ရနှင့် ပညာတော်သင် အရေအတွက် သည် ၂ဝ၁၆ ခုနှစ်ကထက်  ၂ဝ၁၇ ခုနှစ်တွင်      နှစ်ဆထပ်မံမြင့်တက်လာခဲ့ပြီး အများစုက နည်းပညာ ITကဏ္ဍများတွင်ဖြစ် သည်။

သို့သော်၂ဝ၁၅ ခုနှစ်အထိ တရုတ်ပညာတတ်များ၏ လစာက ရွှေ့ပြောင်းလုပ်သား တစ်ဦး၏ လစာနှင့်ပင်   တန်းတူရှိနေသေးသည့်အတွက် တရုတ်အစိုးရ ထပ်မံ စဉ်းစားခဲ့ရသည်။  ဘွဲ့ရ ပညာတတ်များကို လုပ်ခလစာများများနှင့်  အလုပ်အကိုင် ရရှိရေးလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ပညာရေးရန်ပုံငွေကို   ထပ်မံတိုးမြှင့်ခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်များနှင့် တက္ကသိုလ်များကိုပင်  ထပ်မံတိုးချဲ့ခဲ့ကြသည်။

ယခု  တရုတ်အစိုးရ၏  ၂ဝ၂၅ ခုနှစ် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရာခိုင်နှုန်း  ပိုများနေသည်ဟု ဆိုနိုင်သည်။ တရုတ်တွင် အခြေခံလုပ်ခ လစာတိုးမြှင့်မှုမှာ တစ်နှစ်ထက်တစ်နှစ် အားကောင်းလာပြီး အမြင့်ဆုံးက  တရုတ်ယွမ် ၆ဝဝဝ အထိပင် ဖြစ်နေပြီဖြစ်သည်။

ထို့ပြင်  တရုတ်၏ရေရှည်ရည်မှန်းချက် သည်  ကျောင်းသားတစ်ဦး ဘွဲ့ယူပြီးနောက် လုပ်ငန်းခွင် ဝင်နိုင်ရေးဖြစ်သည်။ ထိုရည်မှန်းချက်က ၂ဝ၂၅ ခုနှစ် တရုတ်ရေရှည်စီမံကိန်း အတွက် အဓိကသော့ချက်ဖြစ်ကာ တရုတ်နိုင်ငံ၏  အဖွံ့ဖြိုးဆုံး ကဏ္ဍမှာ  ITဟုဆိုရ မည်ဖြစ်သည်။  ITနယ်ပယ်တွင် ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံအများစုသည်  တိုးတက်မှု ဆီသို့ အမြန်ဆုံး ဦးတည်နေကြပြီး MyCOS  ၏ စစ်တမ်းများအရ တရုတ်နိုင်ငံ၌ လုပ်ခအများဆုံး နယ်ပယ်ခြောက်ခုကလည်း   IT  နှင့်ပင် ဆက်နွှယ်နေသည်။

တရုတ်တွင်   လုပ်ခအများဆုံးရသည့် အလုပ်များက Web Developer ၊ Software ၊ Applications Engineer၊ Computer Game Developer ၊ Software Systems Engineer ၊ General Manager၊ Network Designer/Architect ၊ Bank Employee ၊  Product Engineer နှင့်Marketing Manager တို့ဖြစ်သည်။ ထို့ကြောင့်   တရုတ်ကျောင်းသား အများစုက တခြားဘာသာရပ်များထက်IT  ပိုင်းကို ပိုမိုဦးစားပေး လေ့လာကြပြီး အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမည်ဆိုလျှင်ပင် နည်း ပညာ ကုမ္ပဏီများကို တရုတ်တို့ အများဆုံး ဝယ်ယူကြသည်

နောက်ဆုံး အမေရိကန်အစိုးရက တရုတ်တို့ကို    မရောင်းရစာရင်းပင်  ထုတ်လိုက်ရသည် အထိဖြစ်သည်။ တရုတ်တို့က ၎င်းတို့၏နည်းပညာများကို ဖွံ့ဖြိုးအောင် ထပ်မံပြုလုပ်ပြီး ၎င်းတို့ထက် သာသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုနှစ်နိုင်ငံကြားတွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကဏ္ဍတစ်ခုက လည်းရှိနေသေးသည်။ ထိုအရာမှာ Cyber တိုက်ခိုက်မှုဖြစ်သည်။

နှစ်စဉ်အမေရိကန်နှင့် တရုတ်ကြားတွင် Cyber  တိုက်ခိုက်မှုပေါင်း  သိန်းချီရှိကာ နှစ်နိုင်ငံ ခေါင်းဆောင်ချင်း Cyber လုံခြုံရေး အတွက် ဆွေးနွေးကြသော်လည်း အချည်း အနှီးဖြစ်သည်။ တရုတ်တို့က ၎င်းတို့ IT နှင့် Cyber  နည်းပညာများ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းများဖွဲ့ကာ  ဆောင်ရွက်နေပြီး ဆိုက်ဘာတိုက်ခိုက်မှုကို လက်နက်တစ်ခုနှင့် ၎င်းတို့၏ အရည်အသွေးမြင့်တက်လာစေရန် လေ့ကျင့်မှုအနေဖြင့် အသုံးပြုသေးသည်။

နောက်ဆုံး      ပင်တဂွန်အနာဂတ် လက်နက်စီမံကိန်းများ အထိပင် တရုတ်တို့  ဝင်ရောက် ခိုးယူနိုင်ခဲ့သောကြောင့် IT ဖြင့် တရုတ်တို့ အမြတ်ကြီး မြတ်ခဲ့ကြသေးသည်။ မည်သည့် ပြည်ပနိုင်ငံကို မဆို ထုတ်မရောင်း ရဆိုသည့်  လွှတ်တော်တိုက်ရိုက် ပိတ်ပင်မှုဖြင့်   မရောင်းရသည့် ဂျက်တိုက်လေယာဉ် F 22 နည်းပညာများကိုပင် တရုတ်တို့ခိုးယူ ခဲ့ကြသေးသည်။ ထို့ကြောင့် တရုတ်တို့၏ ဂျက်တိုက်လေယာဉ်များ မျိုးဆက်တစ်ခုပြီး တစ်ခု   ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်လာ ခဲ့ကြပြီး   ကိုယ်ပိုင်ဖွံ့ဖြိုးမှု ကဏ္ဍကိုလည်း     ပိုမိုဦးစားပေးထားသောကြောင့်  ထပ်ဆင့်  အဆင့်မြင့် လာခြင်းဖြစ်သည်။

ယခုကမ္ဘာ့စစ်ရေးလောကတွင် တရုတ်ကို ကမ္ဘာက  စောင့်ကြည့်ရဦးမည့် အရာနှစ်ခု ရှိသည်။ နောက်ထပ်  တရုတ်စစ်တပ်မှ ပိုင်ဆိုင်ဦးမည့် လေယာဉ်တင် သင်္ဘောများနှင့် တရုတ်၏ ဂျက်တိုက်လေယာဉ် J31j ဖြစ်သည်။နိုင်ငံတစ်နိုင်ငံ၌ တစ်ခုတည်းချွန်ပြီး ဖွံ့ဖြိုးတိုးတက် လာခြင်းက မညီမျှမှုကိုဖြစ်စေကာ  ယခု တရုတ်၏ အားနည်းမှုသည် ဥပဒေပိုင်းနှင့် ဘဏ္ဍာရေး ကဏ္ဍပင်ဖြစ် သည်။

ထိုအတွက် တရုတ်အစိုးရ ဥပဒေရေးရာ နှင့် ဘဏ္ဍာရေးပိုင်းကို ပိုမိုဦးစားပေးလာကာ အမေရိကန်တွင် ရှိသည့် ဥပဒေအကျိုးဆောင် ကုမ္ပဏီများ တည်ထောင်နိုင်သည် အထိ  စီမံကိန်း ရေးဆွဲထားသည်။   ဥပဒေရေးရာနှင့်   ဘဏ္ဍာရေးကဏ္ဍက  ယခု အားအနည်းဆုံး ဖြစ်နေသော်လည်း သင်ယူမှု အများဆုံးနေရာတွင်  ၂ဝ၁၇  ခုနှစ်က  ထိပ်ဆုံးမှရပ်တည်နေပြီး ၂ဝ၂၅ ခုနှစ် ပညာရေး ရည်မှန်းချက်ပန်းတိုင်ကို လိုက်မီနိုင်ရန် တိုးမြှင့်လာနေသည့်     တရုတ်အစိုးရ၏ မူဝါဒများကြောင့်ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏  စီးပွားရေး ပြောင်းလဲမှု ပဲ့ကိုင်ရှင်ပညာရှိ တိန့်ရှောင်ဖိန်က စတင်ကာ ၁၉၉၉ ခုနှစ် နောက်ပိုင်းနှစ် ၂ဝ  ရည်မှန်းချက်က တရုတ်ပညာရေး၊  စီးပွား ရေးနှင့် အဘက်ဘက်ကို    ဒေါက်တိုင်များသဖွယ် ထောက်ပံ့ပေးနေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Read 429 times
Rate this item
(0 votes)
Last modified on Thursday, 04 January 2018 11:18