SJ WorldNews - шаблон joomla Авто

ဆန္ဒပြမှု အဆုံးသတ်သွားပြီ ဖြစ်သည့် အီရန်

Saturday, 06 January 2018 10:17 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာတွင် အတင်းကျပ်ဆုံး ဥပဒေများဖြင့် ဆန္ဒပြမှုကို ကန့်သတ်ထားသည့် နိုင်ငံများကို ပြပါဆိုလျှင် အရှေ့ အလယ်ပိုင်းမှ ဘာသာရေး စည်းမျဉ်းများဖြင့် အုပ်ချုပ်နေသော အီရန်ကို ထိပ်ဆုံးမှ လက်ညှိုးထိုးရမည်ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုမှာမှ ဆန္ဒပြမှုတစ်ကြိမ်၊ နှစ်ကြိမ်သာဖြစ်ပြီး ကမ္ဘာ့ သတင်းမီဒီယာ၌ အီရန်ဆန္ဒပြပွဲများ၏ အရိပ် အယောင်ကိုပင် တွေ့ရခဲသည်။

ယခု အကြီးမားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်သည့် ခြောက်ရက်ကြာ ဆန္ဒပြမှုက အီရန်တွင် ဖြစ်ပေါ်ခဲ့ပြီဖြစ်ကာ အဆိုးရွားဆုံး အစိုးရဆန့်ကျင် ဆန္ဒပြမှုဖြစ်သည်။ မြို့တော် တီဟီရန်အပါအဝင် ဆယ်နှင့်ချီသော အီရန်နိုင်ငံမြို့ကြီးများမှ လူပေါင်း သောင်းနှင့်ချီကာ ဆန္ဒပြကြပြီး တဖြည်းဖြည်း နွံနစ်လာသည့် အီရန်စီးပွားရေးနှင့် လူနေမှု အဆင့်အတန်း များကြောင့်ဖြစ်သည်။တစ်ချိန်က အီရန်ဆိုသည်မှာ အရှေ့အလယ်ပိုင်းတွင် ခေတ်မီသည့် နိုင်ငံတစ်နိုင်ငံ၊ သိပ္ပံပညာနယ်ပယ်တွင် အမျိုး သမီးများပင် ကမ္ဘာကျော်ခဲ့ဖူးသည့်နိုင်ငံ ယခုဘာသာရေး စည်းမျဉ်းများ နောက်လိုက် ရင်း နျူကလီးယားပါအဆစ်ပါလာသောအခါ အီရန်သည် အဆိုးရွားဆုံးအနောက်တိုင်း၏ အရေးယူပိတ်ဆို့မှုကို ခံရကာ အကြွယ်ဝဆုံး ရေနံကိုပင် အကန့်အ သတ်ဖြင့် တင်ပို့ခွင့်ရတော့သည်။

ထို့ကြောင့် အီရန်စီးပွားရေး အောက်ဆုံးအထိ ကျဆင်းလာကာ အဓိက အထိနာခဲ့ရသူများမှာ ပြည်သူများ ပင်ဖြစ် သည်။ ထိုကြားထဲ လူနေမှုစရိတ်က လည်းထောင်း၊ ဝင်ငွေကလည်း နိမ့်ကျလာကာ လွတ်လပ်ခွင့်ကလည်း မရှိတော့သဖြင့် အီရန် ပြည်သူတို့အတွက် မခံစားနိုင်တော့ပေ။ နောက်ဆုံး အကြီးမားဆုံး ဆန္ဒပြမှုကြီးဖြစ်လာ သည်အထိ ပေါက်ကွဲခဲ့သည်။ အီရန်အစိုးရက ယခု ဆန္ဒပြသူအရေအတွက် ၁၅ဝဝဝ ခန့်ရှိသည်ဟု ထုတ်ပြန် ထားသော်လည်း အမှန်တကယ် ထိုထက်ပမာဏက ပိုများသည်။

ထိုထက်ပိုဆိုးသည်က လူငယ်လူရွယ်အများစု၊ ကျောင်းသားများနှင့် မိသားစုလိုက် အလွှာပေါင်းစုံ ဆန္ဒပြမှုထဲတွင် ပါဝင်လာခြင်းဖြစ်သည်။ အစိုးရ TV Channelများက ထုတ်လွှင့်သည့် ဆန္ဒပြသတင်းများတွင် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့ကိုသာ ရိုက်ပြထားကာ လူငယ်အများစုပါသည်ကို ဖုံးကွယ်ထားခဲ့သည်။ နောက်ဆုံး ထုတ်ပြန် ချက်များက အီရန်ဆန္ဒပြမှု ဇန်နဝါရီ ၃ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဟု ဆိုသည်။ သို့သော်ဇန်နဝါရီ ၂ ရက်အထိ အီရန် မြို့ကြီး ၁ဝမြို့၌ ဆန္ဒပြမှုများ ထပ်ဖြစ်နေသည်ဟုတိုက်ရိုက် သတင်းများကဆိုထားပြီး ယခုအချိန်ထိ တရားဝင် အတည်ပြုမှု မရှိသေးပေ။ဆန္ဒပြမှုအတွင်း အီရန် တော်လှန်ရေး အစောင့်ရဲတပ်ဖွဲ့သုံးဦး အနည်းဆုံး သေဆုံးခဲ့ပြီး လူပေါင်းရာနှင့်ချီ အဖမ်းခံခဲ့ရသည်။

ထိုဆန္ဒပြမှုက အဆုံးမသတ်၍လည်းမဖြစ်။ တဖြည်းဖြည်းနှင့် အကြမ်းဖက်သည့်အသွင် ဆောင်လာကာ လူအင်အားကလည်း တစ်နေ့တခြား ပိုမိုအင်အားကြီးထွားလာသည်။ အပြန်အလှန် အကြမ်းဖက်မှုများကြောင့် သေဆုံးသူဦးရေ ၂၁ ဦး အထိမြင့်တက်လာကာ အီရန်သမိုင်းတွင် ၂ဝဝ၉ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုဟုမှတ်တမ်းဝင်ခဲ့သည်။

၂ဝဝ၉ ခုနှစ် အီရန်ဆန္ဒပြပွဲက သမ္မတရွေးကောက်ပွဲကို ဆန့်ကျင်သည့် ရွေးကောက်ပွဲဖြစ်ကာ ရွေးကောက်ပွဲ ကျင်းပ နေတုန်းကလည်းဖြစ်၊ ရွေးကောက်ပွဲပြီးနောက် ထပ်ဖြစ်ခဲ့သည့်ဆန္ဒပြမှုဖြစ်သည်။ အတိုက်အခံပါတီ ခေါင်းဆောင်များကို အီရန်ပြည်သူတို့ သဘောကျနေသည့်အချိန် အမာဒီနီဂျက်က မဲအပြတ်အသတ်ဖြင့် အီရန် သမ္မတဖြစ်လာသည့်အခါ ဆန္ဒပြမှုများက ပိုမိုဆိုးရွားလာကာ လမ်းပိတ်၊ ကားများမီးရှို့သည်အထိ ပြုလုပ်ခဲ့ကြ သည်။

ထို့ပြင် အာဏာရှင်ကျဆုံးပါစေ၊ ငါတို့မဲတွေပြန်ပေး စသည်ဖြင့် နည်းလမ်းမျိုးစုံသုံးကာ အမာဒီနီဂျက် ပြုတ်ကျရေး အတွက် ဆန္ဒပြခဲ့ကြသည်။ သို့သော် အမာဒီနီဂျက်က အာဏာကို အဓွန့်ရှည်အောင် ဆက်လက် ဆုပ်ကိုင်ထားနိုင် ကာ အီရန်၏ အဆိုးရွားဆုံး နေ့ရက်များကိုပင် ဖန်တီးပေးခဲ့သေးသည်။ နျူကလီးယား လက်နက်ပိုင်ဆိုင် ရေး ကိုတစ်လမ်းသွားစနစ်ဖြင့် အမာဒီနီဂျက်ကြိုးပမ်းခဲ့ကာ ယခုအထိ ဖွတ်မရ ဓားမဆုံးအဖြစ်နှင့် ရင်ဆိုင်နေရ တုန်းဖြစ် သည်။ ယခု ရိုဟာနီ အစိုးရလက်ထက်ဖြစ်နေသည့် ဆန္ဒပြမှုကလည်း အမာဒီနီဂျက် လှိုင်းများရိုက်ခတ် မှုဖြစ် သည်။ အမေရိကန် သေဆုံးချိန်ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အမာဒီနီဂျက်က လုပ်ခဲ့သောကြောင့် အီရန်ကို အမေရိကန်ဦးဆောင်ပြီး နျူကလီးယား လက်နက်မပိုင်ဆိုင်စေရန် အဆိုးရွားဆုံး ပိတ်ပင်မှုများ လုပ်ခဲ့သည်။

ထိုပိတ်ပင်မှုများကို ဖွင့်ပေးလိုက်သော်လည်း ကမ္ဘာ့ ရေနံဈေးကျဆင်းမှုက ထပ်မံထိုးနှက်ခဲ့ပြန်သည်။ ထိုကြားထဲ ကုန်ဈေးနှုန်းနှင့် နေထိုင်ရေးစရိတ်က နှိပ်စက်လာသည့်အခါ ရိုဟာနီအစိုးရကို ပြည်သူများ ယုံကြည်မှုအားနည်း လာခဲ့သည်။ ထို့ကြောင့် အစိုးရဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဆန္ဒပြပွဲအတွင်း အီရန်အစိုးရက လူပေါင်း၄၅ဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆန္ဒပြပွဲကို ကြိုးကိုင်သည့် သူများကို ပိုက်စိပ်တိုက်ရှာဖွေနေသည်။ အီရန်၌ ဆန္ဒပြရန် အစိုးရဆီခွင့်တောင်းရသည်။ ယခုဆန္ဒပြမှုက ခွင့်မ တောင်းဘဲ ချက်ချင်းဖြစ် လာသည့် ဆန္ဒပြမှုဖြစ်ကာ ထိုအကြာင်းပြချက်ဖြင့်ပင် အီရန်အစိုးရက ဖမ်းဆီးပြီး ထောင်ချ နေခြင်းဖြစ်သည်။

အကယ်၍ အနောက်နိုင်ငံများကဲ့သို့ အယုံအကြည်မရှိ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ခွင့်ရမည်ဆိုလျှင် ရိုဟာနီ အစိုးရ ဆင်းပေးရရန် သေချာသလောက်ရှိနေသည်။ သို့သော် ဘာသာရေးခေါင်းဆောင် ခါမေနီကလည်း ရှိနေ သေးသည်။ ရိုဟာနီနောက်တွင် ခါမေနီ ရှိနေသေးသည်ဆိုလျှင် ရိုဟာနီသက်တမ်းက ထပ်ရှည်ချင်ရှည်ဦး မည်ဖြစ် သည်။ အီရန်တွင် ဘာသာရေးခေါင်းဆောင်အင်အားကသမ္မတထက်ပင် တစ်ခါတစ်ရံ အင်အားကြီးထွား တတ်သောကြောင့် သမ္မတပင် ဘာသာရေးခေါင်းဆောင်ကို ကပ်ရသည့်အချိန်လည်းရှိသည်။ ယခု ရိုဟာနီလည်း ခါမေနီကို ကပ်ရမည်ဖြစ်သည်။ ခါမေနီကအီရန်၌ သြဇာအရှိဆုံး ဘာသာရေး ခေါင်းဆောင်ဖြစ်ကာ ၄င်း၏ စကားတစ်ခွန်းကို အီရန်ပြည်သူများက အလေးထား ကြသည်။

ထို့ကြောင့် မကြာမီ ခါမေနီ လူကြားထဲသို့ ထွက်ပေါ်လာနိုင်ကာ ယခု ဆန္ဒပြပွဲကပေးသည့် သင်ခန်းစာတစ်ခုမှာ အီရန်ပြည်သူအများစုက အနောက်အုပ်စုကို ပစ်ပယ်သည့်အီရန်အစိုးရအား မနှစ်သက်ခြင်းဖြစ်သည်။ ၄င်းတို့ သဘောက အနောက်အုပ်စုနှင့် အဆင်ပြေစွာပူးပေါင်းကာ ၄င်းတို့နိုင်ငံကို ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုး တိုးတက်စေရန် ဖြစ်သည်။ထိုကြားထဲ မဆီမဆိုင်ပင် အီရန်အစိုးရ၏ အပြစ်တင်မှုကို ခံလိုက်ရသည့်သူက အမေရိကန်ဖြစ်သည်။ အမေရိကန်တို့ လှုံ့ဆော်နေ သောကြောင့်ဖြစ်ရခြင်းဟု အီရန်နိုင်ငံပိုင်ရုပ်သံများက ထုတ်လွှင့်ကာ အမေရိကန် သေဆုံးရမည်ဆိုသည့် ကြုံးဝါးမှုပင် ပါဝင်ခဲ့သေးသည်။ယခုဆန္ဒပြမှုများက အဆုံးသတ်သွားပြီဟု ဆိုသော်လည်း အီရန်ပြည်သူများ၏ ရင်ဘတ်ထဲက အစိုးရပေါ် အယုံအကြည်ကင်းမဲ့မှုမှာ အဆုံးသတ်ဦးမည် မဟုတ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Read 433 times
Rate this item
(0 votes)
Last modified on Saturday, 06 January 2018 10:48