SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား၏ နျူကလီးယား အရေးဖြေလျှော့ပေးရန် ကြားဝင် လာနိုင်သည့်ရုရှား

Friday, 12 January 2018 12:23 Written by  font size decrease font size decrease font size increase font size increase font size

ကိုးရီးယားကျွန်းဆွယ်ရှိ ၇၅ သန်းသော ပြည်သူများ၏  ငြိမ်းချမ်းရေးသံစဉ်များမှာ ဒုံးကျည်များကြားမှ   အောင်မြင် စွာ ထွက်ပေါ်လာနေပြီဖြစ်သည်။ ဇန်နဝါရီ ၉ ရက်က တွေ့ဆုံသည့်  တောင်ကိုရီးယားနှင့်   မြောက်ကိုရီးယားနိုင်ငံ ဆွေးနွေးပွဲက ၁၂နာရီအထိ ကြာမြင့်ပြီး  နှစ်နိုင်ငံစစ်ဘက် အရေးပေါ်  ဖုန်းလိုင်းကိုလည်း ပြန်လည် ဖွင့်လှစ်နိုင် ခဲ့ကာ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ မြောက်ကိုရီးယား အားကစားသမားများကို ပါဝင် စေရန်နှင့်   သံတမန်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ရန်လည်း မြောက်ကိုရီးယား ဘက်က သဘော တူညီပေးခဲ့သည်။

နှစ်နိုင်ငံကြားစစ်မဲ့ ဇုန်၌ ရှိသည့် ပန်မန်ဂျူတွင်   မြောက်ကိုရီးယား ကိုယ်စားလှယ် ရီဆွန်ဂွမ်အား တောင်ကိုရီးယား အာဏာပိုင်တို့က နွေးထွေးစွာကြိုဆိုခဲ့ကြပြီး  နှစ်နှစ်ကြာ ပြတ်တောက်နေသည့် ဆက်ဆံရေးပြီးနောက် ပထမဆုံး အကြိမ် အောင်မြင်မှုများဖြင့် ပြန်လည်ဖွင့်လှစ်နိုင်သည့်  ဆွေးနွေးပွဲဖြစ်သည်။ မြောက်ကိုရီးယားတို့၏ ယခု ငြိမ်းချမ်း ရေးကို လက်ခံသည့်ပုံစံက  အမေရိကန်တို့၏ ဖိအားကို ဆက်လက် မခံနိုင်တော့၍လား သို့မဟုတ်  တောင်ကိုရီးယား ဘက်မှ ငြိမ်းချမ်းရေးလမ်းစဉ်များကိုပဲ နားလည်၍လား သို့မဟုတ် ၎င်းနိုင်ငံ၏ စီးပွားရေး အဆင်ပြေစွာ ဆက်လက် မလည်ပတ်နိုင်၍လား သို့မဟုတ် ကင်ဂျုံအွန်ကိုယ်တိုင်က အမှန်တကယ်  ငြိမ်းချမ်း ရေးကို လိုလားလာ၍ လားဆိုသည့်  မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။

သို့သော်   ထိုနှစ်နိုင်ငံကြားမှ   အဓိကပြဿနာမှာ နျူကလီးယား အရေးဖြစ်သည်။ မြောက်ကိုရီးယားက နျူကလီး ယားကို အထိမခံ ကြွေပန်းကန် အဖြစ်  သဘောထားကာ  တောင်ကိုရီးယားနှင့် တစ်ကမ္ဘာလုံးကလည်း  ထိုအရေး ကိုသာ ဖြေရှင်းချင်နေကြသည်။

ယခုအဆင်ပြေနေသည့် ထိုအရာအားလုံးမှာ အခန့်မသင့်လျှင် တစ်ချက်တည်းကြောင့် အားလုံးအဆက်ပြတ် သွားနိုင် သည်။

ထို့ကြောင့်  သူတို့နှစ်ဦးအတွက်  ကြားခံနိုင်ငံတစ်နိုင်ငံက ကြားဝင်ပေးရန် လိုလာသည်။ ထိုနိုင်ငံသည်  တောင်ကို ရီးယားနှင့်လည်း အဆင်ပြေရမည်။ မြောက်ကိုရီးယား နှင့်လည်း အဆင်ပြေရမည်။ ကမ္ဘာလုံးဆိုင်ရာ သြဇာလည်း ရှိရ မည်။ အမေရိကန်က မြောက်ကိုရီးယားဘက်ကို  စကားဝိုင်းမှာ ဖိအားပေးညှိနှိုင်းရန်  မဖြစ်နိုင်ပေ။ သူက ယခင်က တည်းကပင်   မြောက်ကိုရီးယား ဆန့်ကျင်ရေးမူဝါဒများကို  ဆုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့်  အမေရိကန်တို့   စကားဝိုင်းတွင် ပါဝင်လာနိုင်သော်လည်း  အဓိက လူမဖြစ်နိုင်ချေ။  မြောက်ကိုရီးယား တို့ကလည်း အမေရိကန်ကို အယုံအကြည်မရှိ။   ထို့ကြောင့် ဖြစ်နိုင်စရာ နှစ်နိုင်ငံသာ ဆန်ခါ တင်ကျန်ရစ်ခဲ့သည်။ မြောက်ကိုရီးယား အပေါ်တွင် သြဇာအတန်အသင့်ရှိသည့် တရုတ်နှင့် ရုရှားတို့ဖြစ်သည်။

သို့သော် အမေရိကန်နှင့် နိုင်ငံတကာ ဖိအားကြောင့်   မြောက်ကိုရီးယားတို့၏ လုပ်ရပ်များကို ရှုတ်ချပြီး အရေးယူ ပိတ်ဆို့ မှုတွင် တရုတ်ပါဝင်လာပြီး  နောက်ပိုင်းတွင် တရုတ်နှင့် မြောက်ကိုရီးယားတို့  အဆင်မပြေဖြစ်လာကာ ကင်ဂျုံ အွန်က တရုတ်ကို  နျူကလီးယားနှင့် ပစ်မည်ဟုပင်   ခြိမ်းခြောက်သည် အထိဖြစ်သည်။

ထိုကြားထဲတွင် တရုတ်တို့က ကုန်သွယ်ရေးကဏ္ဍ၌ မြောက်ကိုရီးယားကို တားမြစ် စာရင်းထည့်လိုက်သည့် အတွက် တရုတ်နှင့် မြောက်ကိုရီးယားကြား   ကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ  သန်းရာချီကျဆင်းကာ မြောက်ကိုရီးယားမှ ကျောက်မီးသွေးကို  တရုတ်တို့  လုံးဝမဝယ်ဘဲ လောင်စာဆီ တင်သွင်းမှုကိုလည်း အတိုင်း အတာတစ်ခု အထိ ဖြတ်ချထားခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယားတွင် လောင်စာဆီပြတ် တောက်မှုအထိ  ရှိခဲ့ပြီး ယခုလောင်စာကို အဓိကပံ့ပိုး ပေးနေ သူက ရုရှားဖြစ်သည်။  ပြီးခဲ့သည့်နှစ်များက တရုတ်တို့က  ရုရှားထက် မြောက်ကိုရီးယား ပေါ်လွှမ်းမိုးမှု ရှိခဲ့ပြီး ယခု ရုရှားက တရုတ်ထက်ပင် မြောက်ကိုရီးယားအပေါ်လွှမ်းမိုးမှုရှိလာသည်။ ထို့ကြောင့် ကြားနေအဖြစ် အကောင်းဆုံး နေပေးမည့်သူသည် ရုရှား ဖြစ်နေတော့သည်။

တစ်ချိန်တည်းမှာပင်  နိုင်ငံခြားရေးရာ မူဝါဒများချက်ချင်းပြောင်းလာသည့် သမ္မတပူတင်ကြောင့်  နိုင်ငံတကာ ဆက်ဆံ ရေးကို လေ့လာနေသူများက ရုရှားအနေဖြင့် တောင်မြောက်အရေးကို ကြားဝင်ပေးရန် အများ ဆုံးရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။  ထို့ပြင် တောင်ဘက်နှင့်ရော   မြောက်ဘက်နှင့်ပါ ရုရှားက ဆက်ဆံရေး အဆင်ပြေ နေသဖြင့် ရုရှားအတွက်လည်း    အဆင်ပြေခဲ့လျှင်  နိုင်ငံတကာအမြင်တွင် ပွဲလည်တင့်သွားမည် ဖြစ်သည်။

ထိုအခွင့်အရေးကို ရုရှားတို့ လက်လွှတ်ခံ လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကြားဝင်ပေးမည့် နိုင်ငံစာရင်းတွင် ရုရှားက နံပါတ် တစ်ဖြစ်နေတော့သည်။ ရုရှားတို့က ၂ဝ၁၄ခုနှစ် ခရိုင်းမီးယားကို   ကျူးကျော်သည့် အတွက် နာမည်ပျက် စာရင်းဝင်ခဲ့ပြီး ထိုအရိပ်မည်းကြီးကို ချှေဖျက်နိုင်ရန် ကြိုးစားနေသည့်အချိန်လည်းဖြစ်သည်။ ပထမ ဆုံး ဆီးရီးယားနှင့် အီရတ်ရှိ IS တို့ကိုတိုက်ခိုက်ရန်  အမေရိကန်တို့က  လူသားချင်းစာနာ ထောက်ထားသည်ဟု အကြောင်း ပြချက်ဖြင့် လက်ရှောင်နေသည့်အချိန်တွင် ရုရှားတို့က IS တို့ကို အပြင်းထန်ဆုံးချေမှုန်းခဲ့သည်။

ထိုအချက်ကြောင့်  ကမ္ဘာ့စင်မြင့်တွင် အမေရိကန်တို့  အရှက်ရကာ ရုရှားတို့ နာမည်တက်ခဲ့သည်။ ယခုတောင် မြောက် နျူကလီးယားအရေးကိုသာ ရုရှားတို့ အောင်မြင်စွာဆောင်ရွက်နိုင်လျှင် ရုရှားသည် ကမ္ဘာ့ငြိမ်းချမ်းရေး လောကတွင်   တစ်ဖန် ရှင်သန်လာဦးမည်ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ရုရှားတို့   အရှေ့အလယ်ပိုင်းမှ  လစ်ဗျား အရေးကို ဝင်ရောက်ရန်လည်း ကြိုးပမ်းနေပြီး ဆိုဗီယက်သြဇာကျယ်ပြန့်ရန် ပူတင်ကြိုးပမ်း နေခြင်းဖြစ် သည်။

ယခုငြိမ်းချမ်းရေးလောကနှင့် ရုရှားတို့ ရှေ့ထွက်ရန် အချိန်တန်ပြီဖြစ်ကာ တောင်ကိုရီးယားနှင့်  မြောက်ကိုရီးယား စစ်ရေးကလည်း နျူကလီးယားပါဝင်ပတ်သက်လာသည့် အတွက် ကမ္ဘာ့အရေးဖြစ်လာသဖြင့် အတတ် နိုင်ဆုံး အဖြေရှာရန် လိုအပ်နေပြီဖြစ်သည်။

ထိုသို့မဟုတ်ပါက ကြာလေလေ ဖြေရှင်းရခက်လေဖြစ်ကာ နောက်ဆုံးတွင် လူတိုင်းစိုးရိမ်နေသည့်  နျူကလီးယား စစ်ပွဲ အထိပင် ဖြစ်လာနိုင်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် ကလည်း အစကတည်းက သံတမန်ရေးကို လိုလားသူဖြစ်သည့်အတွက် နျူကလီးယား အရေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်  အချိန်မရွေး တွေ့ဆုံရန်   အဆင်သင့်ရှိ သည်ဟု ဆိုထားသောကြောင့်  ပို၍ပင်   ရုရှားတို့အတွက် ကြားဝင်ပေးရန် အဆင်ပြေနေသည်။

ယခုအချိန် တောင်ကိုရီးယားဘက်မှရော မြောက်ကိုရီးယားဘက်မှပါ အချိန်စောလွန်း သေးသည့်အတွက်  တိကျ သည့် ခန့်မှန်းချက် များကို  မပေးကြသေးဘဲ  ကင်ဂျုံအွန်၏  နှစ်သစ်ဆုမွန်ကောင်းတောင်းပေးသည့် ဖြစ်စဉ်က  ငြိမ်းချမ်းရေးဘက်ကို အလေး သာနေသည်ဟု လူတိုင်းက ခန့်မှန်းထားကြသည်။ ထို့ကြောင့်   တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ   စကားဝိုင်းများ လျင်မြန်စွာဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခု နောက်ထပ်ဆွေးနွေးမှုစကားဝိုင်း အချိန်ဇယားတစ်ခုပင် ရှိနေသေးသည်ဟု တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ထားကာ ယခုတစ်ပတ်အတွင်းပင် ဖြစ်လာနိုင်သည်။ အီရန် နျူကလီးယားအရေးလည်း ကမ္ဘာ့  ခေါင်းဆောင်တို့ ဆွေးနွေးပွဲ အဆက်ဆက် နှင့်   ခက်ခက်ခဲခဲရယူခဲ့ရသည့် အတွက် မြောက်ကိုရီးယားအရေးမှာ လည်း ထိုသို့ပင် ဖြစ်လာနိုင်သည်။

ထို့ကြောင့် စိတ်ရှည်ရှည်နှင့်ပျော့ပျောင်း သည့်အတိုးအလျှော့နည်းလမ်းများကို သုံးမည်ဆိုပါက မြောက်ကိုရီး ယား၏ နျူကလီး ယားအရေးက အောင်မြင်လာနိုင်ပါကြောင်းတင်ပြလိုက်ရပါသည်။         

ရှိန်းထက်

Read 341 times
Rate this item
(0 votes)
Last modified on Friday, 12 January 2018 12:25