SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် မည်သည့်နိုင်ငံက နည်းပညာ ထောက်ပံ့ခဲ့သလဲ

Saturday, 13 January 2018 09:58 Written by  font size decrease font size decrease font size increase font size increase font size

ဆီးရီးယားနိုင်ငံရှိ ရုရှားစစ်အခြေစိုက် စခန်းနှစ်ခုကို အကြမ်းဖက်သမားများက မောင်းသူမဲ့ လေယာဉ်များအသုံးပြု၍ တိုက်ခိုက်ခံရခြင်းသည် ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားပြည်တွင်းစစ်ပွဲကို အောင်မြင်စွာ ကြားဝင်ဖြေရှင်း ပေးနိုင်သော်လည်း အဆင့်မြင့်နည်းပညာအသုံးပြု၍ လုပ်ဆောင်လာနိုင်သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရာတွင် အားနည်းလျက်ရှိပြီး တိုက်ခိုက်ခံရမည့်အခြေအနေတွင် ရှိနေဆဲပင်ဖြစ်သည်ဟု တချို့ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်ကို တွေ့ရသည်။ လေ့လာကြည့်မည်ဆိုပါက အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယားတွင် ရုရှားကအာဆတ် အစိုးရအတွက် အထောက်အကူပြုစေရန် စစ်သွေးကြွများအား လေကြောင်းမှ တိုက်ခိုက်မှုများကို စတင်လုပ်ဆောင်သည့် ၂ဝ၁၅ ခုနှစ်မှစ၍ ရုရှားစစ်ဘက်အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုဟုလည်း ဆိုနိုင်ပေသည်။ လေတပ်အခြေစိုက်စခန်းအား တိုက်ခိုက်ရာတွင် မောင်းသူမဲ့လေယာဉ် ၁၃ စင်းကိုအသုံးပြုခဲ့ပြီး ယင်းတို့အနက် ခုနစ်စင်းကို ရုရှားတပ်များက ပစ်ချခဲ့ကာ ကျန်ခြောက်စင်းကို အီလက်ထရွန်စနစ်များ အသုံးပြု၍ မြေပြင်သို့ အပျက်အစီးမရှိ ဆင်းသက်လာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ အိတ်မိန်နင် လေတပ်အခြေစိုက် စခန်းတွင်ဖြစ်ပွားသည့် အဆိုပါတိုက်ခိုက်မှုသည် တွေးရခက်ခဲသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်ဟု ရုရှားအစိုးရက ထုတ်ပြန်ထားသော်လည်း နောက်ကွယ်မှ အဓိကပါဝင်သည့်နိုင်ငံကို အစောပိုင်းတွင် တရားဝင်ထုတ်ပြန်၍ ပြစ်တင် ရှုတ်ချခဲ့ခြင်းမရှိသော်လည်း နောက်ပိုင်းတွင် ရုရှားသမ္မတပူတင်က ရုရှားသတင်း မီဒီယာများနှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုတွင် ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။ အဆိုပါတိုက်ခိုက်မှုသည် တူရကီ၏ လက်ချက်မဟုတ်ကြောင်း၊ တူရကီအစိုးရနှင့် သက်ဆိုင်မှုမရှိကြောင်း ယုံကြည်သည်ဟုပူတင်က ယင်းဆွေးနွေးပွဲတွင် အတိအလင်း ပြောကြားထားသည်။ အကြောင်းမှာ ရုရှားစစ်အခြေစိုက်စခန်းကို တိုက်ခိုက်သည့် မောင်းသူမဲ့လေယာဉ်များကို တူရကီက ပေးအပ်ခဲ့သည်ဟူသော စွပ်စွဲမှုများ ထွက်ပေါ်နေခြင်းကို ပူတင်က ငြင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။ စင်စစ်တွင် လေတပ်အခြေစိုက်စခန်းအား တိုက်ခိုက်ရာတွင် အသုံးပြုသည့် မောင်းသူမဲ့လေယာဉ် (ဒရုန်း)များကို ဒေသတွင်းနိုင်ငံတစ်နိုင်ငံရှိ မှောင်ခိုဈေးကွက်တစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ရာတွင် ဂြိုဟ်တုလမ်းကြောင်း ရှာဖွေရေးစနစ်ဖြင့် အသုံးပြုတိုက် ခိုက်ခြင်း ဖြစ်သောကြောင့် ဂြိုဟ်တုလမ်းကြောင်း ရှာဖွေရေးနည်းပညာ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံ၏ အကူအညီကို မဖြစ်မနေရရှိရန် လိုအပ်မည်ဖြစ်သည်။ ယင်းအချက်ကို ပူတင်ကထောက်ပြထားပြီး အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်ပါဝင်နေသည်ဟု စွပ်စွဲထားသည်။ ယင်းတိုက်ခိုက်မှုသည် ဆီးရီးယားတွင် အောင်ပွဲခံနိုင်ခဲ့ပြီး ဒေသတွင်း၌လည်း စစ်ရေးအရလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ခဲ့သည့် ရုရှားစစ်ဘက်၏ ဂုဏ်သိက္ခာကို ကျဆင်းလာစေရန် ရည်ရွယ်သည်ဟုလည်း ဆိုနိုင်သည်။ အသေအချာလေ့လာမည်ဆိုပါက အဆိုပါတိုက်ခိုက်မှုကို စီစဉ်သူများသည် တိုက်ခိုက်မည့် အစီအစဉ်မလုပ်ဆောင်မီ စနစ်တကျကြိုတင်ပြင် ဆင်ခဲ့သည်ကို တွေ့နိုင်သည်။ တိုက်ခိုက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရုရှားနှင့်ဆီးရီးယားတို့ကြား အစောပိုင်းက ချမှတ်ခဲ့သည့် သဘောတူညီချက်များကို ပျက်စီး စေရန်ဖြစ်ပြီး ဒုတိယမြောက်ရည်ရွယ်ချက်မှာ ရုရှားနှင့် ဒေသတွင်းနိုင်ငံ များဖြစ်သည့် အီရန်၊ တူရကီတို့၏ဆက်ဆံရေးကို ပျက်ပြားစေရန်ဖြစ်သည်။ တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် အမေရိကန်ထောက်လှမ်းရေး လေယာဉ်တစ်စင်းသည် ရုရှားစစ်အခြေစိုက် စခန်းများအနီးရှိ မြေထဲပင်လယ်၏ အထက်ဝေဟင်တွင် ပျံသန်းနေသည့်အချက်က တိုက်ဆိုင်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ရုရှားအစိုးရ၏ သံသယဖြစ်မှုကို ပိုမိုကြီးထွားစေခဲ့သည်။ သို့သော် ရုရှားသမ္မတပူတင်၏ စွပ်စွဲချက်ကို အမေရိကန် ပင်တဂွန်က ငြင်းဆိုထားပြီး ယင်းတိုက်ခိုက်မှုတွင် အမေရိကန်ပါဝင်နေသည်ဟူသော ပြောဆိုမှုသည် တာဝန်မဲ့ရာရောက်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။ ထို့ပြင် အဆင့်မြင့်နည်းပညာသုံး မောင်းသူမဲ့လေယာဉ်များနှင့် ဒရုန်းနည်းပညာများကို အကြမ်းဖက်သမားများက ဈေးကွက်အတွင်း၌ အလွယ်တကူဝယ်ယူနိုင်ခြင်းသည် စိုးရိမ်ဖွယ်ကောင်းလှသည်ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အေဒရီယန်ရန် ကင်ဂါလာဝေးက နောက်ပိုင်းတွင်ပြောကြားခဲ့သည်။ ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက် စခန်းများသည် မကြာမီကာလအတွင်း အဓိကပစ်မှတ်ထားခြင်းခံနေရသည်ကို တွေ့ရသည်။ မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုသည် အဆိုပါစစ်အခြေစိုက်စခန်းကို အတိုက်အခံသူပုန်အဖွဲ့က အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရက်သတ္တ နှစ်ပတ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရုရှားစစ် သည်နှစ်ဦးသေဆုံးပြီး စစ်လေယာဉ်ခုနစ်စင်း ပျက်စီးသွားသည်။ ပျက်စီးသွားသော စစ်လေယာဉ်များတွင် Su-24 အမျိုးအစား ဗုံးကြဲလေယာဉ် လေးစင်း၊ Su-35 တိုက်လေယာဉ်နှစ်စင်း၊ An-72 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတို့ပါဝင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားသည်။ ထို့ကြောင့် အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မောင်းသူမဲ့လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခြင်း တို့ကိုကြည့်မည်ဆိုပါက ဆီးရီးယားရှိ ရုရှား၏ အဓိက စစ်ဌာနဟုခေါ်ဆိုနိုင်သည့် စခန်းအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ရုရှားစစ်ဘက်သည် ၄င်းတို့၏ အိတ်မိန်နင်လေတပ်အခြေ စိုက်စခန်းအား ဆီးရီးယားတပ်များက ထိန်းချုပ်ထားသည့် နယ်မြေအတွင်းပိုင်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းမခံရမီအချိန်ထိ လုံခြုံမှုရှိသည့် အခြေစိုက်စခန်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အဆိုပါ စစ်အခြေစိုက်စခန်းနှင့် အနီးဆုံးရှိနေသည့် IS စစ်သွေးကြွအဖွဲ့များသည် မိုင်ရာနှင့်ချီ၍ ကွာဝေးလျက်ရှိနေသည်။ ထို့ပြင် IS စစ်သွေးကြွများသည် များသောအားဖြင့် အမေရိကန်နှင့် မဟာမိတ်တပ်များကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်ဟု လန်ဒန်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ စိစစ်လေ့လာရေး အဖွဲ့ကြီးတစ်ခုဖြစ်သည့် IHS Markit Group က သုံးသပ်ထားသည်။ အဆိုပါ စစ်သွေးကြွများအသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်များကို လေ့လာကြည့် မည်ဆိုပါက အကွာအဝေးတစ်ကီလိုမီတာ သို့မဟုတ် နှစ်ကီလိုမီတာအထိ မောင်းနှင် ပျံသန်းနိုင်ခြင်းမရှိပေ။ အိတ်မိန်နင်လေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မောင်းသူမဲ့လေယာဉ်များသည် အဆိုပါစစ်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ၅ဝ ကီလိုမီတာမှ ၁ဝဝ ကီလိုမီတာကြားကွာဝေးသည့် အီဒလစ်ပြည်နယ် တောင်ပိုင်းရှိ အတိုက်အခံတပ်များ ထိန်းချုပ်ထားသော မူအက်ဇာရာကျေးရွာမှ ပျံသန်းလာခဲ့ရသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကြောင့် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ စဉ်းစားစရာဖြစ်လာခဲ့သည်။ အကယ်၍ အဆိုပါမောင်းသူမဲ့လေ ယာဉ်ဖြင့်တိုက်ခိုက်မှုကို စစ်သွေးကြွများသို့မဟုတ် အတိုက်အခံများက မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှမပါဘဲ ၄င်းတို့ကိုယ်တိုင် စီစဉ်လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပါက ယင်းတိုက်ခိုက်မှုသည် ပထမအကြိမ်အဖြစ် စစ်သွေးကြွ သို့မဟုတ် အမေရိကန်အစိုးရက လက်နက်ခဲယမ်းများ အကူအညီပေးနေသည့် ဆီးရီးယားအတိုက်အခံ တပ်များက ခေတ်မီအီလက်ထရွန်နစ် ပဲ့ထိန်းနည်းပညာကို အသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုရမည် သာဖြစ်ပေတော့သည်။ ။

Read 349 times
Rate this item
(0 votes)
Last modified on Saturday, 13 January 2018 11:13