SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကနေဒါ နိုင်ငံ၏ ဖက်ဒရယ်ပုံရိပ်

Monday, 21 August 2017 10:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

၎င်းနောက် FOF နှင့် ပူးပေါင်းဆောင်ရွက်သည့် Inter Mediate အဖွဲ့မှ Mr.Johnatand Powell က ယခုဆွေးနွေး ခဲ့ပြီးသည့် အတိုင်းအတာတွင် လေ့လာရေး ခရီးစဉ်မှာ ဘာများရသွား ခဲ့ပါသလဲ၊ ဘာများ လိုပါသေးသလဲ၊ မည်သည့်အချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးလိုပါသလဲ စသည်ဖြင့် ပြောကြားခဲ့ရာ ကိုယ်စားလှယ် အများစုက အလေး အနက်ထား ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း တွေ့ရှိရပါသည်။ အဓိကအားဖြင့် တပ်မတော် ကိုယ်စားလှယ်မှ ''ကနေဒါနိုင်ငံ၏ ဗဟိုအစိုးရ အနေဖြင့် ပြည်နယ် ၁ဝ ခုရှိသော်လည်း ကွီဘက် ပြည်နယ်ကို ကျန်ပြည်နယ်များ၏ အထူးအခွင့်အရေး အမျိုးမျိုး ပိုမိုပေးအပ်ထားရ သည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့အခွင့်အရေးများ ပေးနေရခြင်းသည် ပြည်ထောင်စုမှ ခွဲမထွက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၎င်းသည်ပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်နယ်များအားလုံး ခွဲထွက်ခြင်း မပြုရ'' ဟူသော သတ်မှတ် ပြဋ္ဌာန်းထားမှု မရှိ၍ဟု ယူဆရကြောင်း၊ ခွဲထွက်ခြင်း မပြုရဟူသော စကားလုံးထည့်သွင်း ပြဋ္ဌာန်းခဲ့လျှင် ထိုပြဿနာမျိုးရော၊ အထူးအခွင့်အရေးများ ပေးရန်မလိုဘဲ ပြည်နယ်အားလုံး တန်းတူ အခွင့်အရေး ရရှိနိုင်မည်ဟု မြင်တွေ့ရကြောင်း ဆွေးနွေးခဲ့ရာ ပြန်လည်ဖြေကြားမှု မပြုဘဲ ခရီးစဉ် နောက်ဆုံးမှသာ ပြန်လည်ဆွေးနွေးရန် ဖြစ်ကြောင်းနှင့် ကနေဒါ နိုင်ငံပင်လျှင် ဖက်ဒရယ်စနစ် ပြောင်းလဲမှုကာလ မြောက်မြားစွာ ရှည်ကြာပြီး တဖြည်းဖြည်းချင်း သွားရမည်ဟု စဉ်းစားနိုင်ပါကြောင်း ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နောက်နေ့များတွင် အခြားတစ်နိုင်ငံသို့ ခရီးဆက်ရန် ရှိသဖြင့် ဇွန် ၈ ရက်နေ့ နံနက်ပိုင်း ဆွေးနွေးမှုများ အပြီးတွင် လေ့လာဆွေးနွေး ပြီးသလောက် ရရှိမှုများ၊ ထင်မြင်ချက်ယူဆချက် များကို လေ့လာရေး အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ   ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် သင်ခန်းစာများ အားလုံးမတက်ရသည့် အတွက်   အားလုံးအပေါ် မှတ်ချက်ပေးရန် မရှိပါကြောင်း၊ မိမိတို့၏ အဖွဲ့ဝင်များ တစ်ယောက်နှင့် တစ်ယောက် မတူညီသည့် ထိလွယ်ရှလွယ်သည့် အတွေးအခေါ်များ၊ မတူညီသည့် ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ ရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းများအကြား ကွာဟချက်များကို နီးစပ်စေလိုပါကြောင်း၊ ငြိမ်းချမ်းရေး ကဏ္ဍတွင် ပါဝင်သည့် သူများအားလုံး အနေဖြင့် မိမိကိုယ်တိုင် သမာသမတ် ရှိရန်နှင့် တိုင်းပြည်အပေါ်မှာ သစ္စာရှိရန်၊ ထွက်ပေါ်လာသည့် အခြေအနေ တောင်းဆိုချက်များ အပေါ် အပေးအယူလုပ်ရန်၊ တစ်ခါတလေ လိုက်လျောသင့်သည် များကို လိုက်လျောရန်အတွက် သတ္တိရှိရန် လိုပါကြောင်း၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ အနေဖြင့် ပိုပြီးလေ့လာ မိပါကြောင်း ပြောဆိုသံများ ကြားရသည့် အတွက်လည်း များစွာအားတက် မိပါကြောင်း၊ မိမိတို့ အားလုံးသည် တစ်နိုင်ငံတည်းသားများ ဖြစ်သည့်အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးသည်    တစ်နိုင်ငံတည်းသား ဆိုသည့် အသိစိတ်ဓာတ်ကို မွေးရမည် ဖြစ်ပါကြောင်း ရှေ့ဆက်ပြီး ဒီမိုကရေစီ ကျင့်စဉ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံ တစ်ခုကို အဖွဲ့အားလုံး တက်ညီလက်ညီ သွားမည်ဆိုသည့် ခံယူချက်များဖြင့် သွားကြရန်လိုပါကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီခွဲအထိ ကနေဒါနိုင်ငံ ရဲချုပ်ဟောင်း၊ အထက်လွှတ်တော်အမတ်  Vernon White က ကနေဒါနိုင်ငံ ရဲလုပ်ငန်းအကြောင်း ဆွေးနွေးပြီး အော့တာဝါမြို့ လေ့လာရေး ခရီးစဉ်ကို အဆုံးသတ်ကာ တည်းခိုရာ ဟိုတယ်သို့ပြန်ပြီး ကွီဘက်သို့ ခရီးဆက်ရန် ပစ္စည်းသိမ်း၊ လေဆိပ်သို့ ညနေ ၄ နာရီခွဲတွင် မော်တော်ယာဉ်ဖြင့်ထွက်၊ အော့တာဝါလေဆိပ်မှ Air Canada ဖြင့် ည ၇ နာရီချိန် ဆက်ထွက်ကြရာ Quebec City  လေဆိပ်သို့ ည ၈ နာရီရောက်ခဲ့ ပါသည်။ တည်းခိုရန် Hilton ဟိုတယ်သို့ ရောက်ချိန်သည် ည ၉ နာရီရှိပြီးဖြစ်၍ ညစာ အပြေးအလွှားစားကာ နားကြတော့သည်။ ကွီဘက်မြို့ တည်နေရာသည် တောင်ကြီးမြို့နှင့် တူသော်လည်း တောင်ကြီးမြို့လောက် မြင့်မား မတ်စောက်ခြင်း မရှိသည့် ဆင်ခြေလျှောတစ်လျှောက် မြစ်ကမ်းနံဘေးတွင် တည်ရှိသော ရှေးဟောင်း မြို့ရိုးများဖြင့် ကာရံထားသည့် လှပသော မြို့ကြီးတစ်မြို့ဖြစ်၍ ကွီဘက်နယ် သားတို့ ဂုဏ်ယူရမည် ဆိုလည်း ဂုဏ်ယူစရာပင် ဖြစ်ပါသည်။

ကွီဘက်မြို့ လေ့လာရေး အစီအစဉ်မှာ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် တည်းခိုရာ ဟိုတယ်၌ ရှင်းလင်းဆွေးနွေးကြသည်။ နေ့လယ်စာ စားပြီးနောက် ပါလီမန်သို့သွား၍ ပြည်နယ် အစိုးရ အဖွဲ့ဝင်၊ ဆက်ဆံရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ အတိုက်အခံ ပါတီမှ ပြောရေးဆိုခွင့် ရှိသူနှင့် တွေ့ဆုံမေးမြန်းကြသည်။ ဟိုတယ်သို့ ပြန်လည်ရောက်ရှိလျှင် Forum of Federations ဥက္ကဋ္ဌနှင့် လေ့လာရေးခရီးစဉ် တစ်ခုလုံးအတွက် လေ့လာရေးခရီး နှုတ်ဆက် ညစာစားပွဲ ပြုလုပ်ရန် ညှိနှိုင်း သုံးသပ်ကြပါသည်။ ဇွန်လ ၉ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ Laval တက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံဌာန၊ ပါမောက္ခ Eric Montigny က ''ဖက်ဒရေးရှင်း အတွင်း Quebec ပြည်နယ်၏ ရပ်တည်မှုနှင့် ပြည်နယ်ရှုထောင့်''ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ ကနေဒါ နိုင်ငံ၏ ဖက်ဒရယ် သမိုင်းကြောင်းမှာ နှစ်ပေါင်း ၁၅ဝ ရှိသော်လည်း၊ ကွီဘက်ပြည်နယ် ဥပဒေ သမိုင်းကြောင်းက ထိုထက်ပိုမို သက်တမ်းရင့်ကြောင်း၊ ၁၇၇ဝ ပြည့်နှစ်တွင် ပြင်သစ်က အင်္ဂလိပ်ကို ကိုလိုနီ စစ်ပွဲရှုံးနိမ့်၍ အင်္ဂလိပ်တို့ လက်အောက် ကျရောက်ချိန်တွင် ပြည်နယ် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းမတိုင်မီက ပြင်သစ်တို့ အုပ်ချုပ်ခဲ့ပြီး ပြင်သစ် တရားဥပဒေကို ကျင့်သုံးပုံ၊ နောက်ပိုင်းတွင် ၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေဖြင့် ကနေဒါ Confederation အတွင်း ပါဝင်ခဲ့ပုံ၊ ထိုဥပဒေအပြင် ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကိုလည်း ကွီဘက် နိုင်ငံရေးသမား အများစုက ယင်းတို့အတွက် သီးခြားအခွင့်အရေး (Collective Rights) များကို အသိအမှတ် မပြုဟု ယူဆကြကြောင်း၊ ကွီဘက်အနေဖြင့်   ပြည်ထောင်စု အစိုးရ၏ အခွင့်အာဏာများကို လေးလေးစားစား လိုက်နာကြောင်း၊ သို့သော် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အပေါ် ဝင်ရောက် စွက်ဖက်မှုကိုလည်း မလိုလားကြောင်း၊ ထို့ကြောင့်ပင် ကနေဒါ၏ ဗဟိုဦးစီး ချုပ်ကိုင်မှု ဖြေလျှော့လာရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်၏ ခွဲထွက်ရေး ကြိုးပမ်းမှုအပေါ် ပြည်နယ်တွင်း ထောက်ခံမှု အလုံအလောက် မရရှိခဲ့သလို၊ ပြည်ထောင်စု အစိုးရ၏ ဖက်ဒရယ်မူကို ပြင်ဆင်ပေးရန်၊ တစ်နည်းအားဖြင့် အခြေခံ ဥပဒေပါ အချက်များကို ပြင်ဆင်ပေးရန် ကွီဘက်ပြည်နယ်က တောင်းဆိုကြိုးစားမှု ကိုလည်း ပိတ်ပင်ထားကြောင်း၊ နောက်ဆုံး သုတေသနပြု စစ်တမ်းကောက်ယူ မှုများအရ ခွဲထွက်ရေးကို ကွီဘက်လူထုက စိတ်ဝင်စားမှု လျော့လာသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုချက်ကိုလည်း ဝန်လေးနေကြကြောင်း စသဖြင့် ဆွေးနွေးပြောကြား ပါသည်။ တပ်မတော် ကိုယ်စားလှယ် အဖွဲ့က နိုင်ငံတကာ၌ နိုင်ငံတစ်ခု ခွဲထွက်ခြင်းနှင့် ပတ်သက်၍ မည်သည့် အချက်များနှင့် ပြည့်စုံမှ ခွဲထွက်ခွင့် ရှိသည်ဟူသော စံသတ်မှတ်ချက်များ၊ ဥပဒေ သတ်မှတ်ချက်များ ရှိ၊ မရှိမေးမြန်းရာ Mr.Montigny က ဒေသတစ်ခု အချုပ်အခြာ အာဏာမှ ခွဲထွက်မှုသည် သက်ဆိုင်ရာ နိုင်ငံ၏ အခြေအနေ ပေါ်တွင်သာ မူတည်ကြောင်း၊ ခွဲထွက်၍ ရ၊ မရ အများသဘောတူ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်၊ မဖြစ် ခွဲထွက်မှုသည် မျှတမှု ရှိ၊ မရှိ အခြေအနေများ ပေါ်တွင် မူတည်ကြောင်း ဖြေကြားပါသည်။ ထို့နောက် နံနက် ၁ဝ နာရီခွဲတွင် အစီအစဉ် ပြောင်းလဲမှုကြောင့် လေ့လာရေး အဖွဲ့သည် ကွီဘက်ပါလီမန်သို့ အပြေးချီတက်ရသည်။ တော်သေးသည်။ ပါလီမန်က ဟိုတယ်နှင့် လမ်းမတစ်ခုသာ ခြားနေ၍ ၁၅ မိနစ်အတွင်း ရောက်သွားကြသည်။

ပါလီမန်တွင် ပြည်နယ် အစိုးရအဖွဲ့ လွှတ်တော်ရေးရာ တာဝန်ခံ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး၊ အာဏာရ လေဘာပါတီဝင် Jean-Mare Fournier က နံနက် ၁၁ နာရီမှ ၁၁ နာရီခွဲ အထိ အတိုက်အခံ Parti Quebecois မှ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ပါလီမန်အမတ် Nicolas Marceau က နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ လက်ခံတွေ့ဆုံစဉ် မိမိတို့ သိလိုသည်များ မေးမြန်းခဲ့ကြ ပါသည်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးက ပြည်နယ်အစိုးရ အဖွဲ့ ဖွဲ့စည်းပုံနှင့် တာဝန်များကို ရှင်းပြခဲ့ပြီး အတိုက်အခံ ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ခွဲထွက်လိုသော ပါတီ၏ သဘောထား ဆန္ဒများကို ရှင်းပြသည်။ တပ်မတော် ကိုယ်စားလှယ်က ကွီဘက်ပြည်နယ်ကို လွတ်လပ်သော ဖက်ဒရယ်နိုင်ငံ တစ်ခုအဖြစ် ထူထောင်နိုင်ဖို့ ကာကွယ်ရေးအင်အား၊ စီးပွားရေးစွမ်းအား စသည်ဖြင့် အဘက်ဘက်က ပြည့်စုံနေပြီလို့ ထင်မြင်ပါသလားဟု မေးမြန်းစူးစမ်းခဲ့ရာ Mr.Marceau က ကွီဘက်ပြည်နယ် ခွဲထွက်မည် ဆိုပါက လက်ရှိကနေဒါ တပ်မတော်မှ တပ်ဖွဲ့များကို ကွီးဘက်ပြည်နယ်တွင် ဖြန့်ကြက် ချထားကြောင်း၊ ယင်းတပ်ဖွဲ့များကို ကွီဘက် တပ်မတော်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ အရွယ်အစားကို ပြည်သူက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း၊ ကွီဘက်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် အခြားဒေသမှ ကနေဒါ တပ်ဖွဲ့ဝင်များမှာ ကွီဘက်တွင်နေလျှင် ကွီဘက်သားအဖြစ် ခံယူရမှာ ဖြစ်ကြောင်း၊ ကွီဘက်သည် လက်ရှိ ကမ္ဘာ့စီးပွားရေးတွင် ကမ္ဘာ့အဆင့် ၂၇ ရှိ၍ ဆောင်ရွက်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ မိမိတို့ ပါတီ၏ အစီအမံမှာ လာမည့် ၂ဝ၁၈ ခုနှစ် ကွီဘက်ပြည်နယ် ရွေးကောက်ပွဲတွင် အနိုင်ရအောင် လုပ်မည်။ ၂ဝ၂၂  ခုနှစ်တွင် ခွဲထွက်ရေး လူထုဆန္ဒ ခံယူပွဲ ပြုလုပ်မည်။ လတ်တလော ပြည်နယ်သားများက ခွဲထွက်လိုစိတ် လျော့ပါးနေခြင်းကို ပြန်လည်စည်းရုံး မည်ဟု ဖြေကြားခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ်ကပင် ကွီဘက်နိုင်ငံ တည်ဆောက်နိုင်ဖို့ နိုင်ငံတကာမှ ထောက်ခံသလား။ အသိအမှတ် ပြုပါသလား။ အိမ်နီးချင်း အမေရိကန်ကရော ဘယ်လိုသဘောထား ရှိနိုင်သလဲဟု ဆက်လက် မေးမြန်းခဲ့ရာ ကွီဘက် ခွဲထွက်ရေးကို လတ်တလော နိုင်ငံတကာ ထောက်ခံမှု မရှိသေးသော်လည်း ရအောင် လုပ်မည်။ အိမ်နီးချင်း အမေရိကန် နိုင်ငံကလည်း ခွဲထွက်ရေးကို သဘောမကျဟု သိရသော်လည်း ဒီမိုကရေစီ ရွေးချယ်မှုဆိုလျှင် လက်ခံလိမ့်မည်ဟု ယူဆသည်။ ပြင်သစ်နိုင်ငံ ကတော့ ထောက်ခံနိုင်သည် စသည်ဖြင့် ရှင်းပြရာ ခွဲထွက်ရေးကိုသာ အလေးပေးနေ သော်လည်း ကာကွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်များ အတွက် အပြောလွယ်လှ ပါလားဟု အတွေး ဝင်မိပေသည်။

ပြည်နယ်ပါလီမန်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် တည်းခိုရာ Hilton ဟိုတယ်သို့ ပြန်ခဲ့ကြကာ နေ့လယ်စာကို အစည်းအဝေး ခန်း၌ပင် ပုံစားဖြစ်ကြသည်။ နေ့လယ်စာစားရင်း ကွီဘက် ပြည်နယ်၏ နိုင်ငံတကာ ဆက်ဆံရေး အကြောင်း၊ ပြည်ထောင်စု၊ ပြည်နယ်အစိုးရ များနှင့် အစိုးရချင်း ဆက်ဆံရေးအကြောင်း ပြည်နယ်ဆက်ဆံရေး ဌာနမှ Mathieu Parenteau ၊ Josee Bergeron အမျိုးသမီး ဝန်ထမ်းနှစ်ဦး တို့၏ ရှင်းလင်း ဆွေးနွေးမှုများကို နားထောင်ကြ၏။ ဆွေးနွေးမေးမြန်းချက်များ အရ ကွီဘက်ပြည်နယ် အနေဖြင့် အိမ်နီးချင်း ပြည်နယ် အစိုးရများနှင့် လည်းကောင်း၊ ပြည်ထောင်စု အစိုးရနှင့် လည်းကောင်း၊ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ၊ ကမ်းလွန်၊  ပင်လယ်ရေကြောင်း၊ ဆိပ်ကမ်းဆိုင်ရာ၊ သဘာဝ သယံဇာတ ဆိုင်ရာဖြေရှင်း မရသေးသော အငြင်းပွားမှုများစွာ ရှိနေကြောင်း သိရှိရသဖြင့် ကွီဘက် ခွဲထွက်ရေးဆိုင်ရာ နောက်ခံ အကြောင်းများကို ထပ်မံတွေ့မြင်လိုက် ရသည်။ ဆွေးနွေးမှုများကို ညနေ ၃ နာရီတွင် အဆုံးသတ်ကာ Forum of Federations ဥက္ကဌ၊ Rupak Chattopadhyay နှင့် လေ့လာရေးခရီးစဉ် တစ်လျှောက် မိမိတို့ ဘာတွေရခဲ့ သည်ကို လေ့လာရေး အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင်များက ဆွေးနွေးကာ Forum of Federations ဥက္ကဋ္ဌက ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ခရီး အတွက် သင်ခန်းစာ ကောင်းများ ရရှိနိုင်လိမ့်မည်ဟု ယူဆကြောင်းနှင့် မြန်မာနိုင်ငံ ဖက်ဒရယ် ခရီးအောင်မြင် ပါစေကြောင်း ဆုတောင်းစကားဖြင့် လေ့လာရေး အစီအစဉ်ကို အဆုံးသတ်ကြသည်။ လေ့လာရေး အဖွဲ့သည် ဇွန် ၁ဝ ရက်တွင် Quebec City မှ သက်ဆိုင်ရာလေကြောင်း ခရီးစဉ် အသီးသီးဖြင့် ကနေဒါကို နှုတ်ဆက်ကာ အမိမြန်မာပြည်သို့ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ လေ့လာရေး ခရီးစဉ်အတွင်း ကနေဒါ၏ ဖက်ဒရယ်ပုံရိပ်ကို ကောက်ကြောင်းဆွဲကြည့်သော အခါ ရောက်ရှိခဲ့ရာ မြို့ကြီးများ၌ နှစ် ၁၅ဝ အထိမ်းအမှတ်စာ၊ ဆိုင်းဘုတ် အမှတ်အသားများ ပြုလုပ်ထားသည့် အတိုင်း ၁၈၆၇ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ နှစ်ပေါင်း ၁၅ဝ ကာလသက်တမ်း ရှိပြီးဖြစ်သော်လည်း ဖက်ဒရယ်ဟူ၍ ချက်ချင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ တဖြည်းဖြည်း ချင်းသာ တည်ဆောက်ခဲ့ရပြီး ကနေဒါ ပြည်ထောင်စု မပြိုကွဲရေး အတွက် လိုအပ်ချက်ပေါင်း များစွာကို ဖြေရှင်းနေရဆဲ၊ ဖြေရှင်းရန် ကျန်ပြည်တွင်းရေး ပြဿနာများစွာ ရှိနေဆဲဖြစ်ပါသည်။ ကနေဒါ နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အခြေအနေ များကို နှိုင်းယှဉ်ကြည့်ပါက နိုင်ငံ၏ အကျယ်အဝန်း ပမာဏက အစ၊ နိုင်ငံရေး ပထဝီ၊ ပထဝီ နိုင်ငံရေး ဖြစ်စဉ်များ၊ သမိုင်းကြောင်းနောက်ခံ၊ နေထိုင်ကြသူများ၏ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ စီးပွားရေး၊ လူမျိုးရေး၊ လူမှုရေး၊ ကြွယ်ဝချမ်းသာမှု၊ အိမ်နီးချင်း ပတ်ဝန်းကျင်၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကာကွယ်ရေး၊ သဘာဝ သယံဇာတ အရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ် စသည့် နိုင်ငံ့စွမ်းအား၊ နိုင်ငံ့အကျိုး စီးပွားများ မတူညီသည်ကို တွေ့ရှိရသည်။ ကျွန်တော်တို့ လေ့လာရေး အဖွဲ့အနေဖြင့် အော့တာဝါ မြို့တော်၌ ပညာရှင်များ၏ ဆွေးနွေးချက်များကို နားထောင်ကြည့်စဉ် ကွီဘက်ပြည်နယ်အား ခွဲထွက်ခြင်း မပြုလိုသော ဆန္ဒများရှိသည့် အနေအထားမျိုး တွေ့ရှိခဲ့ရပြီး ကွီဘက်ပြည်နယ်ကို ရောက်သည့် အချိန်တွင် ဆွေးနွေးချက်များ အရ ကွီဘက်ပြည်နယ်သည် ခွဲထွက်လိုစိတ် ပြင်းပြနေသည်ဟု ခန့်မှန်း တွေ့ရှိရပြန်ပါသည်။ သို့သော် ဆွေးနွေးချက်များကို အားလုံးအပြန်ပြန် အလှန်လှန် လေ့လာကြည့်မှ ကွီဘက်သည် နိုင်ငံရေး အရထက် စီးပွားရေးအရ အရင်းအမြစ် ကြွယ်ဝမှု အပေါ် အကျိုးစီးပွား ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ပိုမိုတိုးမြှင့်ရရှိရေး အတွက် ခွဲထွက်မည်ဟု အကြောင်းပြ ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း၊ အမှန်တကယ် ခွဲထွက်ရန် ရည်ရွယ်ချက် မရှိကြောင်း စီးပွားပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ပိုမိုတိုးမြှင့် ရရှိရေးအတွက် ခွဲထွက်မည်ဟု အကြောင်းပြ ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း၊ အမှန်တကယ် ခွဲထွက်ရန် ရည်ရွယ်ချက် မရှိကြောင်း သုံးသပ်တွေ့ရှိ ရပါသည်။

မိမိတို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို အနာဂတ်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် တည်ဆောက်နိုင်ရန် အခုကနေဒါ နိုင်ငံလေ့လာရေး ခရီးစဉ်က အထူးအထောက်အကူ ပြုလှပါသည်။ ဘာကြောင့်လဲဟု ဆိုလျှင် ကနေဒါ နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု အဖြစ် တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ၁၅ဝ  ရှိခဲ့သည့်တိုင် အောင်မြင်အောင် အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသည့် အတွက်  ကျွန်တော်တို့ နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ကိုလည်း အဘက်ဘက်က အကောင်းဆုံး အပြည့်စုံဆုံး ဖြစ်အောင် တဖြည်းဖြည်း အချိန်ယူ လုပ်ဆောင်သွားရမည်။ စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရမည် ဟူသော အသိအမြင် ဖော်ထုတ်သုံးသပ် နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဖက်ဒရယ် ကျင့်သုံးမှု (ဖက်ဒရယ်ပုံရိပ်)သည် ဖက်ဒရေးရှင်း နိုင်ငံတိုင်းတွင် မည်သူမျှ ထပ်တူညီ၍ မရနိုင်၊ ထပ်တူပြု၍ မရနိုင်ဘဲ မိမိနိုင်ငံ၏ နိုင်ငံအကျိုးစီးပွား ဆိုင်ရာ အချက်အလက်များ အပေါ်မူတည်၍ သင့်တော်သော ဖက်ဒရယ်စနစ်ကို ရွေးချယ်လက်ခံ ကျင့်သုံးရကြောင်း ထပ်လောင်း သတိပြုမိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်)သည် ဖက်ဒရယ်ဟု သတ်မှတ်သည့်စံနှုန်း သတ်မှတ်ချက်များနှင့် ရာနှုန်းပြည့်နီးပါး ကိုက်ညီအောင် ရေးဆွဲထားသည် ကိုလည်း ဤခရီးစဉ် ဆွေးနွေးလေ့လာမှုများ အရ မြင်သာထင်ရှားပါသည်။ ဖက်ဒရယ် ဆိုသည်မှာ နာမည်တပ်ရုံဖြင့် ဖက်ဒရယ် ဖြစ်မလာနိုင်၊ လက်တွေ့ကျင့်သုံးမှုက အဓိက ကျသည်ဖြစ်ရာ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီ စနစ်ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်ရာ၌ နိုင်ငံသားတို့၏ ရင့်ကျက်မှုဖြင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးရန်၊ ပြည်ထောင်စုအတွင်း မှီတင်း နေထိုင်ကြသော နိုင်ငံသား၊ တိုင်းရင်းသား များအားလုံး စုစည်းညီညွတ်ကြရန်၊ မိမိတို့ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီး မည်သည့် အကြောင်းနှင့်မျှ ပြိုကွဲမသွားရန် ဟူသည့် မြန်မာနိုင်ငံအတွက် အသက်တမျှ အရေးကြီးသော အကျိုးစီးပွား (Vital Interest) များသည်သာ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပုံရိပ် အတွက် နိမိတ်ကောင်းများ ဖြစ်သည်ဟု ဆိုချင်ပါသည်။

မောင်ခြိမ့်

Read 460 times
Rate this item
(0 votes)
Last modified on Monday, 21 August 2017 10:08