SJ WorldNews - шаблон joomla Авто

ရွှေ့ပြောင်း ဒုက္ခသည်များ လက်ခံမှုကြောင့် နိုင်ငံရေးအရ ထိခိုက်လာနေပြီဖြစ်သည့် စပိန်အစိုးရ

Thursday, 02 August 2018 10:24 Written by  font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဥရောပ တိုက်သို့ ဒုက္ခသည်များဝင်ရောက်ရာအဓိက လမ်းကြောင်းများ တစ်လျှောက်၌ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဝင်ရောက်မှုကို ထိန်းချုပ်နိုင်သည်ဟုဆိုကာ ဥရောပနိုင်ငံများ မှအစိုးရများက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ ဝံ့ကြွားခဲ့သည်။

၂ဝ၁၆ ခုနှစ်အတွင်း  ဥရောပသမဂ္ဂက ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့်စပ်လျဉ်း၍ တူရကီအစိုးရနှင့် သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်အရ ဥရောပ သမဂ္ဂက တူရကီအားငွေကြေးထောက်ပံ့ပေး မည်ဖြစ် သည်။   အပြန်အလှန်အနေဖြင့်  တူရကီက အရှေ့အလယ်ပိုင်းဒေသမှ ဒုက္ခသည်များကို ဥရောပနယ်စပ် အပြင်ဘက်ရှိ  ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းကာ ထိုဒုက္ခသည်များ ဥရောပဒေသသို့ခြေမချ နိုင်ရေး လုပ်ဆောင် ရမည်ဖြစ်သည်။

ထို့ပြင် မြေထဲပင်လယ် အတွင်းရေကြောင်း ကင်းလှည့်မှုတိုးမြှင့်ခြင်းနှင့် စစ်မက်ဖြစ်ပွား နေသည့် လစ်ဗျားနိုင်ငံရှိ မြောက်မြားစွာသော ပြည်သူ့စစ်အဖွဲ့များအပြင် တူနီးရှားအစိုးရ နှင့်သဘောတူညီချက်များရရှိသောကြောင့် အီတလီမှတစ်ဆင့် ဥရောပဒေသသို့ ဒုက္ခသည် များဝင်ရောက်မှုကို လျှော့ချနိုင်ခဲ့သည်။

သို့သော် ယခုနှစ်အတွင်း ရွှေ့ပြောင်းဒုက္ခ သည်များသည် နောက်ထပ်လမ်းကြောင်း တစ်ခုမှတစ်ဆင့်    ဥရောပဒေသ သို့ပိုမို ဝင်ရောက် လာနေသည်ကိုတွေ့ရသည်။ ထိုလမ်းကြောင်းမှာ ဥရောပဒေသသို့ဝင်ပေါက် ဖြစ်သည့် စပိန်နိုင်ငံပင်ဖြစ်သည်။

ယခုနှစ်၏ပထမခြောက်လအတွင်း ဂရိနိုင်ငံသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခ သည်အရေအတွက်မှာ ၁၅ဝဝဝ ခန့်ဖြစ်ပြီး အီတလီနိုင်ငံ၌ ၁၈ဝဝဝ ခန့်ဖြစ်သည်။ သို့ သော် စပိန်နိုင်ငံသို့ ဝင်ရောက်လာသည့်ဒုက္ခသည် အရေအတွက်မှာ ၂၄ဝဝဝ ခန့်ရှိသည် ကိုတွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကယ်ဆယ် ရေးသင်္ဘောနှစ်စင်းမှ ရွှေ့ပြောင်းဒုက္ခသည် ၁၂ဝဝခန့်ကို စပိန် အစိုးရက လက်ခံလိုက်သည်။ ထို့ပြင် အာဖရိက ရွှေ့ပြောင်းဒုက္ခသည် များမှာလည်း  နေ့စဉ်ဆိုသလို တစ်နည်း မဟုတ်တစ်နည်းဖြင့် စပိန်ကမ်းခြေများသို့ ရောက်ရှိလာနေသည်။   ထို့ကြောင့်  စပိန်နိုင်ငံသည် ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ဖိအားများကို ပိုမိုရင်ဆိုင်လာနေရပြီဖြစ်သည်။

ထိုသို့ ရွှေ့ပြောင်းဒုက္ခသည်များဝင်ရောက် မှုပုံစံပြောင်းလဲလာခြင်းက လူကုန်ကူးသူများ သည် ဥရောပဒေသ၏ နိုင်ငံရေး အခင်း အကျင်းကိုပိုမိုနားလည်လာပြီး အခွင့်အရေးကို ပိုမိုရယူလာသည့်အနေအထားမျိုးဖြစ်နေသည်။

လက်ယာစွန်းရောက် အီတလီအစိုးရသည် မကြာသေးမီက စပိန်နိုင်ငံ၌အစိုးရအပြောင်း အလဲဖြစ်သည်နှင့် တစ်ပြိုင် နက် ရွှေ့ပြောင်းဒုက္ခ သည်များ ဝင်ရောက်ရာနယ်စပ်များကို ပိတ်ရန်ဆုံးဖြတ်ခဲ့သည်။  အဘယ်ကြောင့် ဆိုသော် ဗဟိုလက်ဝဲယိမ်း အစိုးရဖြစ်သည့် စပိန်ခေါင်းဆောင်များက ရွှေ့ပြောင်း ဒုက္ခသည်များကို ပိုမိုလက်ခံလိုသည့် သဘောထားရှိနေသော ကြောင့်ဖြစ်သည်။

စပိန်ဝန်ကြီးချုပ်  ပီဒရိုဆန်းချက်သည် မေလနှောင်းပိုင်းတွင် တာဝန်စတင်ထမ်းဆောင် ပြီးနောက် ရက်အနည်းငယ် အတွင်း ဒုက္ခသည် မူဝါဒအသစ်ကိုပြဋ္ဌာန်းကာ ဆူဒန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းဒုက္ခသည် ၆ဝဝ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးသင်္ဘောကို ဆိုက်ကပ်ခွင့်ပြုလိုက်သည်။ အဆိုပါကယ် ဆယ်ရေးသင်္ဘောသည် အီတလီအစိုးရက လက်မခံခြင်းကြောင့် စပိန်နိုင်ငံသို့ရောက်ရှိ လာခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံ၏ နယ်စပ်ခြံစည်းရိုးများတွင် တပ်ဆင်ထားသော ဓားသွား သံဆူးကြိုးများ ကိုလည်းဖြုတ်သိမ်းရန် စီစဉ် ထားကြောင်း စပိန်ပြည်ထဲရေးဝန်ကြီး ဖာနန်ဒိုဂရန်းမာလက် စကာကကြေညာခဲ့သည်။ ထို့ကြောင့် စပိန် နိုင်ငံသည် လူကုန်ကူးသူများအကြိုက်တွေ့ သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။

လက်ရှိတွင် စပိန်နိုင်ငံသို့ ရွှေ့ပြောင်းဒုက္ခ သည်ဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ် အလား တူကာလနှင့် နှိုင်းယှဉ် ပါက သုံးဆကျော်ပိုမို များပြား နေသည်ကိုတွေ့ရသည်။ ဝင်ရောက် လာသည့် ဒုက္ခသည်များမှာလည်း ဂျီဘရော် တာရေ လက်ကြားမှ တစ်ဆင့်နှင့် မော်ရိုကို ပိုင်နက်ရှိ ဆူတာနှင့် မယ်လီလာ ဒေသတို့ရှိ ခြံစည်းရိုးများကို ကျော်၍  ဝင်ရောက် လာခြင်း ဖြစ်သည်။

ထိုသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခ သည်များကိုတားဆီးရေးအတွက် စပိန်အစိုးရ အနေဖြင့် ဗြိတိန်အပြင် မော်ရိုကိုအစိုးရနှင့် တိုင်ပင်ညှိနှိုင်းရမည်ဖြစ်သည်။  သို့သော်သမိုင်းကြောင်းအရ ပိုင်နက်အငြင်းပွားမှုများ ကြောင့် ထိုသို့ဆွေးနွေး ညှိနှိုင်းရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။

လက်ရှိတွင် စပိန်အစိုးရသည် ၎င်းတို့ထံ ဒုက္ခသည်များဝင်ရောက်လာမှုပြဿနာကို ဥရောပတိုက်တစ်ခုလုံး၏ ပြဿနာ အဖြစ် ပုံဖော်ရန်ကြိုးပမ်း လာနေသည်။ ထို့ကြောင့် ၎င်းတို့၏ စပိန်နိုင်ငံကို ဥရောပနိုင်ငံများက လက်ပိုက်ကြည့် မနေရန် စပိန်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆပ်ဘော်ရဲက  တောင်းဆိုထားသည်။

အကယ်၍  လက်ရှိဖြစ်ပွားနေသောရွှေ့ပြောင်းဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို မဖြေရှင်းနိုင်လျှင် နောက်တစ် ကြိမ်ရွေးကောက်ပွဲတွင်ရှုံးနိမ့်မည်ကို စပိန်၏ အာဏာရအစိုးရ အဖွဲ့ ခေါင်းဆောင်များက သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး အရ ရပ်တည်မှုကိုပါ ထိခိုက်လာစေသည့် ရွှေ့ပြောင်း ဒုက္ခသည်များ လက်ခံမှု သည် စပိန် အစိုးရ အတွက် ဖိအားတစ်ရပ် ဖြစ်ပေါ်လာစေ ခြင်းဖြစ်သည်။    

ဆောင်းပါးရှင်-ထက်မြတ်

 

Read 203 times
Rate this item
(0 votes)
Last modified on Thursday, 02 August 2018 10:33

Latest from စကားဝါ