SJ WorldNews - шаблон joomla Авто

မဆုံးနိုင်တဲ့ ၂ဝ၂၂ ကာတာကမ္ဘာ့ဖလား အိမ်ရှင် အရှုပ်တော်ပုံ

Friday, 03 August 2018 14:35 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၈  ကမ္ဘာ့ဖလားပြိုင်ပွဲ ကတော့  ဇူလိုင် ၁၅ ရက်ကတည်းက  အောင်မြင်စွာ ပြီးဆုံးသွားလို့ ပြင်သစ် အသင်း ချန်ပီယံ အဖြစ် ပြည်တော်ပြန် လှခဲ့ပါတယ်။ ၂ဝ၂၂   ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည်ကျရောက်ဖို့က လေးနှစ်သာ လိုတော့ချိန်မှာ ဒီကမ္ဘာ့ဖလားပွဲကို ကာတာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပဖို့အရေးကတော့  မဆုံးနိုင်တဲ့ တစ်ထောင့် တစ်ညပုံပြင်လိုပဲ ရှုပ်ထွေးမှု တွေနဲ့  ဇာတ်လမ်း ရှုပ်နေဆဲပါပဲ။  ဖီဖာဥက္ကဋ္ဌအဖြစ် ဘလတ္တာရှိနေစဉ် ၂ဝ၁ဝ  ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်ကတည်းက ဒီကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်ကို ရုရှားနဲ့ ကာတာ တို့က အိမ်ရှင်လုပ်ခွင့် ရကြောင်း မဲခွဲဆုံးဖြတ် အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ အိမ်ရှင်လုပ်ခွင့်ကို အမျိုးမျိုးသော လာဘ်ထိုး မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကျူးလွန်ပြီး ရယူသွား တယ်ဆိုတဲ့ စွပ်စွဲမှုတွေ၊ အထောက် အထားတွေ ဟိုးလေး တကျော်ထွက်ပေါ်လာပြီး ဘလတ္တာနဲ့ ဖီဖာအမှုဆောင် တွေအားလုံးနီးပါး ထောင်နန်း စံသူစံ၊ ထွက်ပြေးသူပြေး နဲ့ ဖီဖာသမိုင်းမှာ ဖျက်မရတဲ့ အဆိုးရွားဆုံး အမည်းစက် ကြီးစွန်း ထင်းခဲ့ရ ပါတယ်။ ဒီလိုအငြင်းပွားမှုတွေကြားက ၂ဝ၁၈   ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲက    အောင်မြင်စွာ  ပြီးဆုံးသွားခဲ့ပါပြီ။   ဒါပေမဲ့   နောက်လေးနှစ်သာ လိုတော့ချိန်မှာ ကျင်းပမယ့် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကတော့ ကာတာက မသမာ တဲ့  ဗျူဟာအမျိုးမျိုးသုံးပြီး ငွေနဲ့ဖိလို့   အိမ်ရှင်လုပ်ခွင့်   ရယူသွားတယ်ဆိုတဲ့ နောက်ထပ် သက်သေ အထောက်အထားနဲ့ စွပ်စွဲမှုတွေ ထပ်မံ ထွက်ပေါ်လာလို့    အရှုပ်အထွေးတွေ ထပ်ဖြစ် လာပါတယ်။

၂ဝ၁၈ နဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လုပ်ခွင့် တွေကို မသမာမှုပြုခဲ့ကြခြင်းအတွက် တောက်လျှောက်  စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့  သတင်းဌာနက  The Sunday Times ဖြစ်ပါတယ်။ အခုနောက်ဆုံး ဒီသတင်း စာက သက်သေအထောက်အထားတွေနဲ့ ကာတာရဲ့ မသမာတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်လုပ်ခွင့်ရရေး လျှို့ဝှက်  စီမံကိန်းကို ထပ်မံဖော်ထုတ်လိုက်ပြန်ပါတယ်။ ကာတာ ကမ္ဘာ့ဖလားအိမ်ရှင် လုပ်ခွင့်ရရေး ဦးဆောင်အဖွဲ့က ပြင်ပဆက်ဆံရေး အေဂျင်စီတစ်ဖွဲ့နဲ့  စီအိုင်အေ အတွက် အရင်က အလုပ်လုပ်ပေးတဲ့ မဟုတ်မမှန် သတင်းနဲ့ ဝါဒ ဖြန့်ရေးအဖွဲ့ တွေကို ငွေပေးပြီး အိမ်ရှင် လုပ်ခွင့်ပြိုင်ဘက်  နိုင်ငံတွေ အောင်မြင်မှုမရအောင်လုပ် ခဲ့ကြောင်း The Sunday Times က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

၂ဝ၂၂ ကမ္ဘာ့ဖလားအိမ်ရှင်လုပ်ခွင့်ရရေးကို အမေရိ ကန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က လည်း လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြတာဖြစ်ပါတယ်။ ကာတာ ကမ္ဘာ့ဖလားအိမ်ရှင်လုပ်ခွင့် ရရေး ဦးဆောင်အဖွဲ့လုပ်ဆောင်ခဲ့တဲ့ စီမံချက်ကတော့  အိမ်ရှင်လျှောက်တဲ့ပြိုင် ဘက်နိုင်ငံတွေက အေဂျင်စီတွေနဲ့  ပြင်ပဆက်ဆံရေးအဖွဲ့တွေကို ငွေပေးပြီး ကိုယ့်နိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်လျှောက်ထားရေးကို ကန့်ကွက်ကြဖို့ လှုံ့ဆော်တာဖြစ်ပါတယ်။The Sunday Times က လက်ရှိ  ဖီဖာကောင်စီလူကြီးတွေကို  ဆက်သွယ်မေး မြန်းပြီး မှတ်ချက်ပေးဖို့တောင်းခံတော့ အကြောင်းမပြန် ဘဲနေပါသတဲ့။ The Sunday Times က ဒီလိုဖော်ပြ မှုတွေမှာ သက်သေတွေပါတဲ့အတွက် လွတ်လပ်သော  စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပြီး သက်သေတွေ ထပ်ရှာဖို့နဲ့  စုံစမ်းဖော်ထုတ်ဖို့  တောင်းဆိုထားပါတယ်။ အမည်မဖော်ပြတဲ့ ဖီဖာကောင်စီလူကြီးတစ်ဦးကတော့ ဒီလိုစွပ်စွဲ ချက်တွေ လောက်နဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားအိမ်ရှင် လုပ်ခွင့်ကို ကာတာကိုပေး ထားရာကနေ ပြန်ဖျက်သိမ်း ဖြစ်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

The Sunday Times ရဲ့ဖော်ပြမှုမှာ ကာတာ တာဝန်ရှိသူတွေက  ပရော်ဖက်ဆာ တစ်ဦးကို  ပေါင် ၆၉ဝဝ  ပေးပြီး  အမေရိကန်အနေနဲ့  ကမ္ဘာ့ဖလား အိမ်ရှင်လုပ်ရင်  ကုန်ကျမယ့် စရိတ်နဲ့  နိုင်ငံစီးပွားရေး အခြေအနေကို  မကောင်းမြင်တဲ့ စိတ်နဲ့  ရေးသားဖော် ပြဖို့ လုပ်ဆောင်ခဲ့သတဲ့။ အိမ်ရှင်လျှောက်ထားတဲ့ နိုင်ငံ အသီးသီးက နာမည်ကြီး ဂျာနယ် လစ်တွေ၊ ဘလော့ဂါ တွေနဲ့ အရေးပါသူတွေကို  နိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင် လုပ်လို့  ထိခိုက်ရမယ့် အခြေအနေတွေ ဖြစ်လာနိုင်တဲ့ အကြောင်းတွေလည်း ငွေကြေးမက်လောက်အောင် ပေးပြီး  ရေးသား ဖော်ပြခိုင်းတယ်လို့ ဆိုတယ်။  သြစတြေးလျရဲ့ အိမ်ရှင်လျှောက်ထားမှုကို သူတို့နိုင်ငံက ဒီငွေတွေ သုံးမယ့်အစား အောင်မြင်နေတဲ့ ရပ်ဂ်ဘီလိဂ်အတွက်   ငယ်မွေးခြံပေါက် လူငယ်ကစားသမား စီမံကိန်းအတွက် သုံးဖို့   ဝိုင်းဝန်းဆန့်ကျင်ဖို့လည်း   လုပ်ခိုင်းခဲ့ရာမှာ  ဆန့်ကျင်ခဲ့ကြတယ်လို့ဆိုတယ်။

ဖီဖာရဲ့စည်းမျဉ်းမှာ အိမ်ရှင်လုပ်ခွင့်လျှောက်ထားတဲ့ နိုင်ငံက တခြားပြိုင်ဘက် အိမ်ရှင်လုပ်ခွင့်လျှောက်ထား တဲ့နိုင်ငံအကြောင်း  ဘယ်လိုမှတ်ချက်မျိုး၊  ထင်မြင်ချက်မျိုး၊  ရေးသားမှုမျိုးကိုမှ  သားပုပ်လေလွင့်မပြောရဘူးလို့ ဖော်ပြထားတဲ့အတွက်  ကာတာရဲ့လုပ်ရပ်တွေက တကယ်ဆိုရင် သူတို့ရဲ့ အိမ်ရှင်လုပ်ခွင့်ရထားမှုကို ပြန် လည်ပယ်ဖျက်ရမယ့် အရေးယူမှုခံရနိုင်ပါတယ်။ ကာတာ ဘက်ကတော့ The Sunday Times သတင်းစာရဲ့ ဖော်ပြမှု အားလုံးကို ငြင်းဆိုထားပါတယ်။

ဖီဖာက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေမှာ အိမ်ရှင်လုပ်ခွင့် လျှောက်ထားတဲ့နိုင်ငံက  သူတို့နိုင်ငံ အရပ်ဘက်က ဒီလျှောက်ထားမှုကို အင်အားတောင့်တင်းစွာနဲ့ ထောက်ခံအားပေးဖို့ဆိုတဲ့လိုအပ်ချက်ကို အဓိက ထားထည့်သွင်းစဉ်းစားပါတယ်။  ဒါကြောင့်  ကာတာက ပြိုင်ဘက်နိုင်ငံတွေ  လျှောက်ထားရာမှာ  မအောင်မြင် စေဖို့အတွက်  သူတို့နိုင်ငံအတွင်းမှာ ဆန့်ကျင်ကန့် ကွက်မှုတွေဖြစ်အောင် ငွေပေးပြီး စီစဉ်ခဲ့တာပါ။ အိမ်ရှင် လုပ်ခွင့်ရဖို့ ရေပန်းစားတဲ့ အမေရိကန်အသင်း လျှောက်ထားမှု မအောင်မြင်စေဖို့အတွက် အမေရိကန်မှာ ဝါဒဖြန့်မှု တွေလုပ်ဖို့ ကာတာ ဘက်က အလုပ်အပ်ခဲ့တဲ့ အဖွဲ့အစည်းကတော့  နယူးယောက်လူမှု အဖွဲ့အစည်းအဖြစ်   အဲဒီ အချိန် က Brown  Lloyd  Jones (BLJ) အဖွဲ့အဖြစ် ရပ်တည်ခဲ့တဲ့ ယနေ့ BLJ Worldwide အဖွဲ့အစည်း ဖြစ်တယ် လို့ ဆိုပါတယ်။ ဒီအဖွဲ့အစည်းရဲ့ခေါင်းဆောင်က  စီအိုင်အေ အေးဂျင့်ဟောင်းတွေနဲ့  ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း ထောင်ပြီး  စီမံကိန်းချပြီး လုပ်ဆောင်ခဲ့ပါတယ်။

The Sunday Times က ကြားဖြတ်အီးမေးလ် ပေါက်ကြားမှုကနေရရှိတဲ့သက်သေအဖြစ်    ကာတာ  ကမ္ဘာ့ဖလား   အိမ်ရှင်လုပ်ခွင့်လျှောက်ထားရေးအဖွဲ့ ဒုတိယခေါင်းဆောင်  အလီအယ်လ်သာဝဒီက  အမေ ရိကန်အစိုးရရဲ့ အိမ်ရှင် လျှောက်ထားမှုကို ကန့်ကွက်ဖို့  အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေးကျောင်းဆရာများ အဖွဲ့တစ်ဖွဲ့ကို စည်းရုံး ခိုင်းပြီး ကမ္ဘာ့ဖလားအိမ်ရှင် လုပ်ဖို့ထက် အထက်တန်းကျောင်းတွေရဲ့ အားကစားလုပ်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပါလီမန်အမတ်တစ်ဦး ကနေတစ်ဆင့်  ဆန္ဒထုတ်ဖော်တောင်းဆိုခိုင်းခဲ့တယ် လို့ဆိုပါတယ်။

ဒီလိုစွပ်စွဲမှုတွေ ထွက်ပေါ်လာတဲ့အခါ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း လော့ဒ်ထရီရက်စ်မန်းက ဖီဖာ အနေနဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်ကို ကာတာ ကိုရုပ်သိမ်းပြီး  မိမိတို့နိုင်ငံကို  ခွင့်ပေးဖို့  တိုက်တွန်း တောင်းဆို လာတယ်။ ထရီရက်စ်မန်းက ''ထွက်ပေါ်လာ တဲ့ သက်သေတွေအရ ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင် လုပ်ခွင့် မပေးသင့်တော့ဘူး။ သူတို့ရဲ့ အိမ်ရှင်လုပ်ခွင့်ကို ဆိုင်းငံ့ပြီး စုံစမ်း ဖော်ထုတ်တဲ့အခါ ဖီဖာရဲ့စည်းမျဉ်း တွေကို ချိုးဖောက်တာတွေ့ရင် ဖီဖာရဲ့ တာဝန်ရှိသူတွေက  ပြိုင်ပွဲကျင်းပဖို့ အခြေခံ အဆောက်အအုံသာမက အရာ အားလုံး အသင့်ရှိနေတဲ့  အင်္ဂလန်ကို  အိမ်ရှင်လုပ်ခွင့် ပြောင်းပေးခဲ့ရင်  မှားတယ်လို့  ဘယ်သူမှထင်မှာ မဟုတ်ဘူး''လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကတည်းက ဒီသတင်းတွေကို နောက်ကွယ် ကနေ ဖော်ထုတ်သူရဲ့ ခိုင်လုံမှု ရှိလောက်တဲ့ စာရွက် စာတမ်းတွေကို ဖီဖာအနေနဲ့ ကြည့်ရှုပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးစစ်ဖို့ ဗြိတိန်ပါလီမန် အမတ် ယဉ်ကျေးမှု၊ မီဒီယာနှင့်အားကစားရွေးချယ်ရေး  ကော်မတီဥက္ကဋ္ဌ ဒါမီယန်းကောလင်းက ဘီဘီစီသတင်း ဌာနမှာ   ဖွင့်ပြောခဲ့ပါတယ်။     ဒါမီယန်းကောလင်းက ''ကာတာသာ စည်းမျဉ်းချိုး ဖောက်တယ်ဆိုရင် သေချာ ပေါက် အရေးယူရမှာပါ''လို့ တိုက်တွန်းခဲ့ပါတယ်။

အရင်ကလည်း ကာတာရဲ့ အိမ်ရှင်လုပ်ခွင့် အတွက် The Sunday Times က ဖော်ထုတ်ရေးသားခဲ့တဲ့ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အမေရိ ကန်ရှေ့နေ မိုက်ကယ်ဂါစီယာဦးဆောင်ပြီး နှစ်နှစ်ကြာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ဂါစီယာက သူရှာဖွေစုံစမ်း မှုတွေမှာ မေးခွန်းထုတ်စရာအပြုအမူတွေ သေချာပေါက် ရှိနေပေမယ့် ကာတာရဲ့ အိမ်ရှင်လျှောက်ထားမှုမှာ အစိတ်အပိုင်းအများစုက  မျှတစွာယှဉ်ပြိုင်တယ်လို့  ဆိုပြီး ၂ဝ၁၄ ခုနှစ်မှာ ဒီအမှုကို ပိတ်သိမ်းလိုက်ပါတယ်။  စုံစမ်းဆဲကာလမှာလည်း The Sunday Times ကို  ရရှိခဲ့တဲ့ သဲလွန်စတွေ၊ အထောက်အထားအချက်အလက် တွေကို ဖော်ပြခွင့်ပိတ်ပင်ခဲ့တယ်။ ကာတာ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီကိုလည်း နှစ်နှစ်ကြာ စုံစမ်းစစ်ဆေး အပြီး ဖီဖာကျင့်ဝတ် ကော်မတီက ပြစ်မှုကင်းရှင်း ကြောင်း ကြေညာပေးခဲ့တယ်။

ကာတာဘက်က ဒီသတင်းတွေ ထပ်မံထွက်ပေါ်လာ အပြီးမှာတော့ ''ကျွန်တော်တို့ကို စွပ်စွဲသမျှ အရာတိုင်း က သတင်းစာက လုပ်နေတာသာဖြစ်ပါတယ်။ ငြင်းဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို အမေရိကန်ရှေ့နေ  မိုက်ကယ်ဂါစီယာ ပြုလုပ်စဉ်မှာ အချက်အလက် အားလုံးကို ထောက်ပံ့ပေးပြီး ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ အိမ်ရှင် လုပ်ခွင့် လျှောက်ထားမှုမှာ   တိကျစွာနဲ့ အသေးစိတ်ဆန်စွာ  ချဉ်းကပ်ပြီး  မျှတစွာယှဉ်ပြိုင်ခဲ့တာပါ''လို့ သတင်း ထုတ်ပြန် ခဲ့ပါတယ်။      

ဆောင်းပါးရှင်-ဇေယျာ

Read 170 times
Rate this item
(0 votes)
Last modified on Friday, 03 August 2018 14:38