SJ WorldNews - шаблон joomla Авто

ဆီးရီးယားနှင့် အီရတ်တို့ IS ကို မောင်းထုတ် လိုက်နိုင်ပြီ ဖြစ်သော်လည်း မလေးရှားအစိုးရက IS တို့ကို မောင်းထုတ်ရန် အဆင်သင့် ဖြစ်ပြီလား

Wednesday, 06 September 2017 10:30 Written by  font size decrease font size decrease font size increase font size increase font size

၂၀၁၇ ခုနှစ် မေလက ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း အရှေ့အလယ်ပိုင်းအကြမ်းဖက်အဖွဲ့ အစည်း IS ၏ နိဂုံးက အမှန် တကယ်ပင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုအချိန်က ပထမဆုံး အမေရိကန်က IS တို့ကို အမြစ်ဖြုတ် တော့မည်ဟု ဆိုခဲ့ပြီး ဇူလိုင်လတွင် ဆီးရီးယား သမ္မတ အာဆတ်၏လုံခြုံရေးအကြံပေးကလည်း IS တို့မကြာမီ ၎င်းတို့၏ မြေပေါ်မှ ထွက်ခွာရတော့မည်ဟု ထပ်မံအတည်ပြုလိုက်ပြန်သည်။

ယခု အမှန်တကယ်ပင IS တို့ ဆီးရီးယား၊ တူရကီအစိုးရတို့နှင့် စစ်ပြေငြိမ်းရေး သဘော တူညီချက်များ ရယူပြီး ထွက်ပြေး နေရပြီဖြစ်သည်။ ကံဆိုးစွာပင် အီရတ်အစိုးရနှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် တို့က IS တို့နှင့် သဘောတူညီချက် မယူခဲ့ပေ။ အီရတ်အစိုးရကလည်း ၎င်း၏နယ်မြေ၌ IS တို့ လုံးဝဖြတ်သန်း သွားလာခွင့် မပြုဟု ဆိုခဲ့သည်။

ယခုဆိုလျှင် ညွန့်ပေါင်းတပ်ဖွဲ့၏ ဗုံးကြဲမှုကြောင့် မိသားစုနှင့် နယ်စပ်ဖြတ်ကျော်မည့် IS ကားတန်းကြီး အီရတ် နယ်စပ် သဲကန္တာရထဲ၌ သောင်တင် နေပြီဖြစ် သည်။ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်၊ ခေါင်းဖြတ် ခဲ့သည့် အကြမ်းဖက်သမားတို့၏ ဝဋ်လည်မှု ပင်ဖြစ်သည်။ အီရတ်တွင် မိုဆူးမှဆုတ်ခဲ့စဉ်က ကလေး နှင့် အမျိုးသမီးများ ပါမချန် ထွက်ပြေးရန်ကြိုးစားသူများ အားလုံးကို IS တို့က တန်းစီပစ်သတ်ခဲ့ကြသည်။

မိုဆူးကိုပြန်ရသည့်အခါတွင် အီရတ်တပ်ဖွဲ့သည် အလောင်းလိုက်ကောက်သည့် အဖွဲ့နှင့်ပင် တူနေသေး သည်။ သို့သော် ယခု ထိုအရာများအားလုံး၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဆီးရီးယား၌ IS တို့ ကြာကြာနေ၍ မရတော့။ အီရန် ဒုံးစခန်းများလည်း ဆီးရီးယားသို့ ထပ်မံရောက်ရှိလာပြီဖြစ်သလို ရုရှား စစ်ဘက်က လည်း အခိုင်အမာနေရာယူ ထားပြီဖြစ်သည်။

အီရတ်၌ ညွန့်ပေါင်းတပ်ဖွဲ့များ အခိုင်အမာ တပ်စွဲထားနိုင်ပြီဖြစ်ရာ ယခု IS တို့ နေစရာပျောက်နေပြီဖြစ်သည်။ အရှေ့ အလယ်ပိုင်း၌ IS တို့ ပျောက် ကွယ်သွားသော်လည်း အာဆီယံ၌ အင်အားကောင်းနေဆဲဖြစ်သည်။ အထူးသဖြင့် ဖိလစ်ပိုင်နှင့် မလေးရှား၌ဖြစ်သည်။ မာရာဝီမြို့ တိုက်ခိုက်မှုဖြစ်စဉ် ဆိုလျှင် နိုင်ငံခြားတိုက်ခိုက်ရေး သမားများစွာ ပါဝင်ခဲ့ပြီး ထိုအထဲမှ မလေးရှားနိုင်ငံသားဦးရေ များစွာ ပါဝင်သည်။

ထိုလူများသည် မာရာဝီမြို့ကိုတိုက်ခိုက်မှုပြုလုပ်ရန် မလေးရှားမှ ဖိလစ်ပိုင်သို့ ကြိုတင်ထွက်ခွာသွားသူများ ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း မလေးရှားမှ အီရတ်နှင့် ဆီးရီးယားသို့သွားပြီး IS တို့နှင့် ပူးပေါင်း ခဲ့သည့် ဦးရေသည် ရာနှင့်ချီရှိသည်။

ထိုအထဲမှ မလေးရှားနိုင်ငံ၌ပင် IS နှင့်ချိတ်ဆက် သည့်သူများကို ဖမ်းဆီးရမိခဲ့သည့်ဦးရေက သုံးနှစ်အတွင်း ၄ဝဝ ကျော်ရှိခဲ့သည်။

IS တို့သည် အရှေ့အလယ်ပိုင်းပြီးလျှင် ၎င်းတို့၏ နိုင်ငံတော်တစ်စိတ်တစ်ပိုင်းက အာဆီယံနိုင်ငံများထဲမှ မလေးရှား ဖြစ်သည်ဟု အတိအလင်း ကြေညာထားဖူးသည်။ ထို့ကြောင့် မလေးရှားအစိုးရက အကြမ်းဖက် ဥပဒေများ အပူတပြင်းပြဋ္ဌာန်းခဲ့ရကာ မလေးရှားရဲများကို ဝရမ်းမပါဘဲ ရှာဖွေဖမ်းဆီးမှုများပြုလုပ်နိုင်သည်

အထိ လုပ်ခဲ့ရသည်။ သို့သော် ထိုဥပဒေသည် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏နိုင်ငံရေးဗျူဟာ တစ်စိတ် တစ်ပိုင်းဟုလည်း ဝေဖန်ခံခဲ့ရသည်။

နာဂျစ်သည် ထိုအချိန်က အမေရိကန်ဒေါ်လာ သန်း ၇ဝဝ တန်ဖိုးရှိသော လာဘ်စားသည့်ပြဿနာနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ အတိုက်အခံခေါင်းဆောင်များ ကလည်း နာဂျစ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြ ပြီး မလေးရှား၌ နာဂျစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများပင် ဖြစ်ခဲ့သည်။ ထို့နောက် တိုက်ဆိုင်စွာပင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကိုပြဋ္ဌာန်းပြီး ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်လိုက်သောကြောင့် အတိုက်အခံ ခေါင်းဆောင်များပင် နာဂျစ်၏စက်ကွင်းထဲ၌ ၎င်းတို့ ပါဝင်မည်ကို စိုးရိမ်ခဲ့ရသည်။

နာဂျစ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်း ခဲ့သော်လည်း ရာနှုန်းပြည့်အောင်မြင်မှုရရှိစေရန် မစွမ်း ဆောင်နိုင် ခဲ့ပေ။ ယခုအချိန်ထိ မလေးရှား၌ အကြမ်းဖက်အချိတ်အဆက်များစွာရှိနေပြီး ဖိလစ်ပိုင် နိုင်ငံ၌ မာရာဝီမြို့တိုက်ခိုက်မှုနှင့် မလေးရှားနိုင်ငံသားများ သွားရောက်ပူးပေါင်းခဲ့ခြင်းက သက်သေဖြစ်သည်။

IS တို့က မွတ်စလင်အများစုရှိရာ နိုင်ငံများကို ပစ်မှတ်ထားလေ့ရှိပြီး အင်ဒိုနီးရှားထက် အစွန်းရောက် ဘာသာရေး စိတ်ဓာတ် ပြင်းထန်သည့် မလေးရှား ကို ပိုမိုပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ မလေးရှား၌ IS တို့၏ အောင်မြင်သည့် ပထမဆုံးအကြမ်းဖက် တိုက်ခိုက်မှုမှာ ၂ဝ၁၆ ခုနှစ်က မြို့တော်ကွာလာလမ်ပူရှိ နိုက်ကလပ် တိုက်ခိုက် ခံရမှုဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင်ပါဝင်သည့် ဖမ်းဆီးရမိသူ ၁၅ဦးအထိရှိခဲ့ပြီး နောက်ကွယ်မှကြိုးကိုင်သည့် အဓိက လူများကို မလေးရှားတို့ မဖမ်းဆီးနိုင်ခဲ့ချေ။ ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မလေးရှား၌ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း သည့်ဖြစ်ရပ် ဆယ်နှင့်ချီရှိခဲ့ပြီး ထိုအထဲမှ ၁၄ ခုကို မလေးရှားရဲတို့ ကြိုတင်တားဆီးနိုင်ခဲ့သည်။

IS တို့က မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် SEA Games ကိုပင် တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့ပြီး ထိုအတွက် မလေးရှားအစိုးရက လုံခြုံရေးကို များစွာအာရုံစိုက်ခဲ့ရကာ ကြိုတင်ပြင်ဆင်မှုကို လနှင့်ချီပြု လုပ်ခဲ့ရသည်။

မလေးရှားတို့ စိုးရိမ်နေရသည့် အဓိကအကြောင်းရင်းက ပြည်တွင်း၌ပင် အယ်လ်ကိုင်ဒါနှင့် IS တို့အပါအဝင် အကြမ်းဖက် အဖွဲ့ပေါင်း ၁ဝ ခုကျော်ရှိနေသောကြောင့်ဖြစ်သည်။ ထိုအထဲမှာပင် တချို့အဖွဲ့များက IS တို့ သစ္စာ ခံခဲ့ကြသောကြောင့် မလေးရှား၌ IS  တို့ ပိုမိုအင်အားကြီးထွားလာခဲ့ခြင်းဖြစ်သည်။

ယခု ISတို့ စတင်အမြစ်တွယ်ခဲ့သည့် ဆီးရီးယားနှင့် အီရတ်မှ ထွက်ပြေးနေရပြီဖြစ်ကာ အဝေးရောက်ဖွဲ့စည်း ခဲ့သည့် မလေးရှားမှာ ယခုအချိန်ထိ အမြစ်မပြတ် သေးပေ။ ယခင်အချိန်များက အလယ်အလတ်ဘာသာ ရေးဝါဒထွန်းကားခဲ့သည့် မလေးရှား၌ ယခုအစွန်းရောက် ဝါဒ ပိုမိုထွန်းကားလာခဲ့ပြီး အကြမ်းဖက်မှုများကို စိုးရိမ်နေ ရပြီဖြစ်သည်။

အစွန်းရောက်ဝါဒ ထွန်းကားလာနေသည်ကို မလေးရှားအာဏာပိုင်များကိုယ်တိုင်ကပင် ဝန်ခံထားခြင်းဖြစ်ကာ ယခု အမြစ်ပြုတ်သွားသည့် အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်လှိုင်းများက မလေးရှားသို့ ရိုက်ခတ်လာ မည်ကို စိုးရိမ်နေရပြန်သည်။

ထို့ကြောင့် အီရတ်နှင့် ဆီးရီးယားတို့မှ နှင်ထုတ် လိုက်ပြီဖြစ်သည့် IS အကြမ်းဖက် သမားများကို မလေးရှား၌ ရော အမြစ်ဖြုတ် သုတ်သင်ရန် အဆင်သင့် ဖြစ်နေပြီလား ဆိုသည့်မေးခွန်း ထွက်ပေါ်လာရပါကြောင်း ရေးသား တင်ပြ လိုက် ရပါသည်။ ။

ဘာသာပြန် ဆောင်းပါးရှင်- ရှိန်းထက်

Ref;The Deplomatic Magazine

Read 397 times
Rate this item
(0 votes)
Last modified on Wednesday, 06 September 2017 10:32