SJ WorldNews - шаблон joomla Авто

စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် တရုတ်နိုင်ငံ နည်းတူ ဖြစ်လာမည့် အိန္ဒိယ

Tuesday, 09 October 2018 13:45 Written by  font size decrease font size decrease font size increase font size increase font size

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကာလတုန်းက တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံထက် ပိုမိုလုံခြုံ စိတ်ချရမှုရှိပြီး အာမခံချက်ရှိတဲ့ ဈေးကွက် ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံသူအများအပြား က ရှုမြင်ခဲ့ကြပါတယ်။  ဒါကြောင့်  ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ တစ်ကမ္ဘာလုံး တွေ့ကြုံရတဲ့ စီးပွားရေးကျဆင်းမှုရဲ့ အိန္ဒိယနိုင်ငံအပေါ် ရိုက်ခတ်မှုက တရုတ်နိုင်ငံအပေါ် ရိုက်ခတ် မှုထက် ပိုမိုပြင်းထန် ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်ရောက်တဲ့အချိန်မှာ အိန္ဒိယ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းက  အမေရိကန်ဒေါ်လာ ၈ ဘီလီယံ အထိ ကျဆင်းသွားပါတယ်။ အဲဒီအချိန်တုန်းက  တရုတ်နိုင်ငံရဲ့  ပြည်ပရင်းနှီးမြှုပ်နှံမှု  ပမာဏက  အမေရိကန် ဒေါ်လာ   ၁၁၈  ဘီလီယံရှိပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးထက် ငါးဆပိုမိုကြီးမား ပါတယ်။ 

ဒါ့ပြင် တရုတ်နိုင်ငံရဲ့စီးပွားရေးက လျင်မြန်စွာတိုးတက်လာပါတယ်။   ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်အလား အလာကို သုံးသပ် ရာမှာ အဓိကအချက်ဖြစ်တဲ့ စားသုံးမှုပမာဏကလည်း များစွာ တိုးတက်လာပါတယ်။

အဲဒီအချိန်အတောအတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ် မှုတန်ဖိုး (GDP) က အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံရှိပြီး တရုတ်နိုင်ငံရဲ့  GDP ကတော့ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ ထရီလီယံ ရှိပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ GDP က တရုတ်နိုင်ငံ GDP ရဲ့  ၂၃ ရာခိုင်နှုန်းသာ ရှိပါတယ်။  ဒါ့ပြင် အိန္ဒိယ နိုင်ငံသား ၅ ရာခိုင်နှုန်းက အလွန် အမင်းဆင်းရဲနေချိန်မှာ တရုတ်နိုင်ငံမှာတော့ ဆင်းရဲမှုက ၁ ရာခိုင်နှုန်း အောက်သာရှိတာကို တွေ့ရပါတယ်။

၂ဝ၁၈ ခုနှစ်အရောက်မှာတော့ အိန္ဒိယ နိုင်ငံရဲ့ စီးပွားရေးက လားရာအသစ်တစ်ခု အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။  ပထမ သုံးလ အတွင်းမှာပဲ  အိန္ဒိယနိုင်ငံရဲ့ GDP က ၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်လာပြီး တရုတ် နိုင်ငံမှာတော့ ၆ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုက Low Base Effect ကြောင့် သာ ဖြစ်ပြီး  တရုတ်နိုင်ငံ ကတော့ မတူညီတဲ့ အဆင့်နဲ့ တိုးတက် နေတာဖြစ်တယ်လို့ ဒေလီ တက္ကသိုလ်ရဲ့ အရှေ့အာရှ ရေးရာ လေ့လာ ရေးဌာနမှ ပါမောက္ခဒေါက်တာ ရာဗနီသာခါ ကပြောပါတယ်။

''ကျွန်တော်ထင်တယ်၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ကြီးပွား တိုးတက်မှုက မတူညီတဲ့ အဆင့်တွေ ကနေ သွားတာဖြစ်တဲ့အတွက်  အဆင့်တစ်ခု တည်းမှာထားပြီး   နှိုင်းယှဉ်လို့မရပါဘူး။  တရုတ်နိုင်ငံ က သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍကိုအလေးပေးပြီး ခေတ်မီတဲ့ ကြီးပွားတိုးတက်ရေး မဟာဗျူဟာ လမ်းကြောင်း အတိုင်း သွားနေပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ကတော့  ရိုးရှင်းတဲ့ ကဏ္ဍတွေ ဖြစ်တဲ့ တိုးတက်လာတဲ့ ကုန်ထုတ်လုပ်မှုနဲ့ အလုပ်အကိုင် ဖန်တီးပေး ရေး ကဏ္ဍတွေနဲ့ သာ ရုန်းကန် လှုပ်ရှားနေရတာ ဖြစ်ပါတယ်'' လို့ ဒေါက်တာ ရာဗနီသာခါက ပြောထားပါတယ်။

ဒါပေမဲ့ ၂ဝ၁၈ခုနှစ်က  အိန္ဒိယနိုင်ငံ အတွက် စီးပွားရေးမှာ ထိုးဖောက် ကျော်လွှားနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၆၄ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးတက်သွား ပါတယ်။  ဝေါမာ့ကုမ္ပဏီတစ်ခုတည်းကပဲ အိန္ဒိယနိုင်ငံရဲ့ အီလက်ထရွန်နစ်နည်းပညာ ကုန်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့   ဖလစ် ကာ့မှာ  ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိပါတယ်။ နိုင်ငံပေါင်းစုံ ပါဝင် တဲ့စီးပွားရေး လုပ်ငန်းစု ဘာ့ရှိုင်း ယားဟတ် သာဝေးကဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ အီလက်ထရွန်နစ် နည်းပညာ ကုန်သွယ်ရေး  ငွေပေးချေမှု စနစ်ဖြစ်တဲ့ Paytm မှာ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံထား ပါတယ်။

အခုလိုမျိုး ရင်းနှီးမြှုပ်နှံသူတွေရဲ့အမြင်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲ ဆောင် နေ တယ်လို့ မြင်ရတာက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး မူဝါဒ အောင်မြင်မှုရှိတယ် ဆိုတာကို ညွှန်းဆိုနေတာ

ဖြစ်ကြောင်း ရုရှားနိုင်ငံ အခြေစိုက် ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာ အလက်ဆီ ကူပရီယာနော့က ပြောပါတယ်။

''အိန္ဒိယနိုင်ငံအတွင်း   ရင်းနှီးမြှုပ်နှံမှု ပမာဏ လျင်လျင်မြန်မြန်တိုးတက်လာတာက ဝန်ကြီးချုပ်နာရန်ဒရာမိုဒီရဲ့ မူဝါဒ အောင်မြင် မှုပဲ ဖြစ်ပါတယ်။ သူ့မူဝါဒရဲ့ရည်ရွယ်ချက်က နိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ဝင်လာစေဖို့  အိန္ဒိယ နိုင်ငံအသစ် ၂ဝ၂၂ ဆိုတဲ့ မဟာဗျူဟာရဲ့   မူဘောင်အတွင်းကနေ ဆွဲဆောင်စည်းရုံးနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး အိန္ဒိယနိုင်ငံရဲ့တိုးတက်အောင်မြင်မှုက   နောင်နှစ်ပေါင်းများစွာ ကြာအောင် ဆက်လက်ဖြစ် ပေါ် နေမှာဖြစ်ပါတယ်'' လို့ ဒေါက်တာ အလက်ဆီ ကူပရီယာနော့က ရှင်း ပြပါတယ်။

နာရန်ဒရာမိုဒီရဲ့ ပြုပြင်ပြောင်းလဲမှုတွေဆိုရင်  သူ့အစိုးရ အဖွဲ့ အုပ်ချုပ်မှုရဲ့ ပထမဆုံးနဲ့ အထင်ရှားဆုံး တိုးတက်မှု ဖြစ်ပါ တယ်။ ၂ဝဝ၉ ခုနှစ်မတိုင်မီက အိန္ဒိယနိုင်ငံသား ထက်ဝက်ခန့်က  မှတ်ပုံတင်စာရွက်စာတမ်း တွေမရရှိပါဘူး။ အဲဒီ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်တွေအနက် တစ်ခုက တရားမဝင်စီးပွားရေးမှာ အထောက်အထား မဲ့ငွေကြေးတွေ အမြောက်အမြားစီးဆင်းနေ တာဖြစ်ပါတယ်။ ဒီပြဿနာကို ထိန်းချုပ်ဖို့ အတွက် ၂ဝဝ၉ ခုနှစ်မှာ ဗေိ့မေ ဆိုတဲ့ မှတ်ပုံတင်စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန် ထမ်းဆောင် ရတဲ့ နာရန်ဒရာမိုဒီက အဲဒီစနစ်ကို ပိုမိုခိုင်မာလာအောင် တွန်းအားပေးပြီး လုပ်ဆောင်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ် အစောပိုင်းမှာတော့ လူဦးရေ စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းက မှတ်ပုံတင်တွေရရှိပါတယ်။ ၂ဝ၁၆ ခုနှစ် အတွင်းမှာပဲ  နိုင်ငံအတွင်းလည်ပတ်စီးဆင်းနေတဲ့ ရူပီး ၅ဝဝ တန်နဲ့ ၁ဝဝဝ တန်တွေကို ပြန်လည် သိမ်းဆည်းခဲ့ပါ တယ်။ အဲဒီနောက် တရားမဝင် စီးပွားရေးတွေကိုဖြိုခွင်းခဲ့ပြီး  ငွေကြေးလွှဲ ပြောင်းမှုပွင့်လင်းမြင်သာမှုရှိရေးကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက နိုင်ငံ သားအများစုကို အခြေခံလူမှုရေးနဲ့ငွေကြေး ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ခြင်း ကလည်း ရင်း နှီးမြှုပ်နှံသူတွေကို ပိုမိုဆွဲဆောင်မှု ဖြစ်စေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးလာပြီး အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ တို့ကြား ကုန်သွယ်ရေး စစ်ပွဲဖြစ် ပွားနေခြင်းကလည်း အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်ထွက်ပေါ်လာပါ တယ်။ ဒါပေမဲ့  ရေရှည်မှာတော့ ဒီအချက်တွေက အိန္ဒိယနိုင်ငံအတွက် အလိုအလျောက် အားသာမှုဖြစ်လာမှာ    မဟုတ် ကြောင်း ဒေါက်တာ ရာဗနီသာခါက ပြောပါတယ်။

''အိန္ဒိယနိုင်ငံက  တရုတ်နိုင်ငံနဲ့ယှဉ်ရင် ကြီးမားတဲ့အလားအလာ၊ ကြီးပွားတိုးတက်မှု အတွက်စနစ်တကျ ဖွဲ့စည်း ထားတဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ စီးပွားရေး အခြေခံကောင်းတွေ များစွာရှိပြီး အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ပံ့ပေးခြင်းဖြင့်  ရေရှည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ကြောင်း သက်သေပြ နေပါ တယ်။ အမေရိကန်ပြည်ထောင်စုရဲ့  တရုတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲ တွေက တရုတ်နိုင်ငံအတွက် ရေတိုမှာ အခက် အခဲဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရေရှည် မှာတော့ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးကို အကျိုးအမြတ်ရှိစေတဲ့  ကြီးမားတဲ့ယှဉ်ပြိုင်မှုတွေ   လုပ်ဆောင်လာနိုင်ပါတယ်''  လို့  ဒေါက်တာရာဗနီ သာခါက ပြောပါတယ်။

ဒါ့ပြင်  အိန္ဒိယနိုင်ငံရဲ့ ကြီးပွားတိုးတက် မှုက  တရုတ်နိုင်ငံနဲ့ ပြိုင်ဘက် အနေနဲ့ ယှဉ် ပြိုင်ခြင်း မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက် ခြင်း ကြောင့်သာဖြစ်လာမှာဖြစ်ကြောင်း ဒေါက်တာ အလက်ဆီကူပရီယာနော့က ပြောပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက အိန္ဒိယ နိုင်ငံအတွက် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပါ တယ်။ အိန္ဒိယ အစိုးရက ငွေကြေး အချို့ကို ဖျက်သိမ်းပြီး အီလက်ထရွန်နစ်စနစ်ဖြင့်ငွေ ပေးချေမှုကို စတင်မိတ်ဆက်လိုက်ပြီးနောက် ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ အိန္ဒိယ နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုက  အမေရိကန် ဒေါ်လာ ၂ ဘီလီယံအထိ ရှိလာ ပါတယ်။

တရုတ်နိုင်ငံရဲ့အကြီးမားဆုံး အွန်လိုင်း ကနေဈေးရောင်းတဲ့ကုမ္ပဏီဖြစ်တဲ့  အလီဘာဘာ ကုမ္ပဏီဆိုရင်လည်း အိန္ဒိယ နိုင်ငံရဲ့  Paytm စနစ်မှာ အများဆုံး ရင်းနှီးမြှုပ်နှံသူ များအနက် တစ်ဦးဖြစ်လာပါတယ်။ တရုတ်  သတင်း အချက်အလက်နှင့် နည်းပညာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ တန်းဆန့်ချိုင်းနား ဆိုရင်လည်း အိန္ဒိယ နိုင်ငံရဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ ဟိုက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံ လာပါ တယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလ အတွင်းက တရုတ်နိုင်ငံရဲ့ နည်းပညာ အခြေပြုစီးပွားရေး လုပ်ငန်းတွေက  တရုတ်နိုင် ငံရဲ့ စီးပွားရေး တိုးတက်မှု အတွက် အဓိကအစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ အခုအခါမှာလည်း အိန္ဒိယ နိုင်ငံမှာ  အလားတူဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာနေပြီး   တရုတ်နိုင်ငံရဲ့ငွေကြေး  ရင်းနှီးမြှုပ်နှံမှုနဲ့ အတွေ့အကြုံ တွေက အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုက နောင်တစ်ချိန်မှာ အိန္ဒိယနိုင်ငံ ကို ဒုတိယတရုတ်နိုင်ငံ အဖြစ်သို့ ရောက်ရှိအောင် တွန်းပို့နိုင်မှာ ဖြစ်ပေမယ့်လည်း တရုတ် နိုင်ငံရဲ့ အကူအညီနဲ့သာ ဒီလိုအောင်မြင်မှု မျိုးရရှိမှာ ဖြစ်ပါကြောင်း  ရေးသားတင်ပြ လိုက်ရပါတယ်။  

မင်းခန့်တင်

 

Read 192 times
Rate this item
(0 votes)
Last modified on Tuesday, 09 October 2018 13:46