SJ WorldNews - шаблон joomla Авто

အရှေ့တောင်အာရှ ဒေသအတွက် အကြီးမားဆုံး အကြမ်းဖက် ခြိမ်းခြောက်မှု အဖြစ်ရှိနေသေးတဲ့ ဂျမားအစ္စလာမ်မီးယား

Thursday, 11 October 2018 10:56 Written by  font size decrease font size decrease font size increase font size increase font size

လူပေါင်း ၂ဝဝ ကျော်သေဆုံးရတဲ့ အင်ဒို နီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်း ဗုံးခွဲမှုက ၂ဝဝ၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုဆိုရင် ၁၆ နှစ်ရှိ ပြီဖြစ်ပါတယ်။  ဒါပေမဲ့  အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့ကို သစ္စာခံပြီး  အဲဒီဗုံးခွဲမှုကို လုပ်ဆောင်ခဲ့တဲ့ ဂျမားအစ္စလာမ်မီးယား(JI)စစ်သွေးကြွတွေက  အရှေ့တောင်အာရှ ဒေသအတွက်  အကြီးမားဆုံး စစ်သွေးကြွအုပ်စုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ JI အဖွဲ့ရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် အများအပြား အဖမ်းခံလိုက်ရပြီးနောက် သူတို့ရဲ့အကြမ်းဖက်လုပ်ဆောင်မှုတွေက  အနည်းငယ်တိမ် မြုပ်ပျောက်ကွယ်ခဲ့ပါတယ်။ ဒါပေမဲ့ JI အဖွဲ့ ရဲ့ နိုင်ငံရေးနဲ့ သဘောတရားရေးက  ဒေသတွင်းမှာ  အမြစ်တွယ်နေရာယူထားပြီးဖြစ်ပါ တယ်။

၂ဝ၁၄ ခုနှစ်မှာ IS စစ်သွေးကြွအဖွဲ့ ပေါ်ပေါက်လာခြင်းက JI တွေအတွက် ဘုရား သခင်ဖန်ဆင်းပေးတဲ့ လက်ဆောင်ဖြစ်တယ် ဆိုပြီး ပြောစမှတ်တွင်စေခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် IS စစ်သွေးကြွတွေက လုံခြုံရေး ယန္တရားရဲ့အာရုံစိုက်မှုကို ရရှိထားချိန်မှာ JI တွေအနေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခြိမ်းခြောက်မှုတွေလုပ်ဖို့နဲ့   သူတို့အဖွဲ့ ရပ်တည်နိုင်ဖို့ လုပ်ဆောင်လာနိုင်တာကြောင့် ဖြစ်ပါတယ်။  အထူးသဖြင့်   အင်ဒိုနီးရှားနိုင်ငံက JI ရဲ့  အာရုံစိုက်မှုကို ခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုချိန်မှာ JI တွေက အကြမ်းဖက်မှုတွေ လုပ်ဖို့ အမြင့်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ယုံကြည်ထားပါတယ်။

JI သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်း

JI အဖွဲ့ရဲ့ ဒေသတွင်း ကွန်ရက်တွေအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင် မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးနဲ့ အဘူဆေယက်စ်အဖွဲ့၊ ထိုင်းနိုင်ငံမှာဆိုရင် ဂျီရာကန်မူဂျာဟီ ဒင်အစ္စလာမ်ပတ္တနီ၊ မလေးရှားနိုင်ငံမှာဆိုရင် ကမ်ပူလန်မူဂျာဟီဒင် မလေးရှား စတဲ့အဖွဲ့ ခွဲတွေရှိပါတယ်။ ဒါပေမဲ့ ယနေ့ JI တွေအဓိက ပစ်မှတ်ထားတဲ့ နိုင်ငံက  အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။

JI တွေက အရှေ့တောင်အာရှ ဒေသမှာ လေ့ကျင့်ရေး၊ ထောက်ပံ့ရေးနဲ့ စစ်ဆင်ရေး ဆိုတဲ့ အပိုင်းသုံးပိုင်းခွဲပြီး လှုပ်ရှားတာဖြစ်ပါတယ်။ လေ့ကျင့်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ ထောက်ပံ့ရေး အတွက် မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံ၊ စစ်ဆင်ရေးအတွက် အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ လုံခြုံရေးယန္တရား အနေနဲ့ စစ်သွေးကြွခေါင်းဆောင်တချို့ကို ဖမ်းဆီးနိုင်မှုနဲ့ သတ်ဖြတ်နိုင်မှုတို့အပြင် ၂ဝဝ၂ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အတွင်း စစ်သွေးကြွ အဖွဲ့ဝင် အများအပြားကို ချေမှုန်းနိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းနိုင်မှုတို့လို အကြမ်းဖက်မှု တိုက်ဖျက်ရေး အောင်မြင်မှုတွေကြောင့် JI အဖွဲ့ရဲ့ လှုပ်ရှားမှုနယ်မြေ ကျဉ်းမြောင်းခဲ့ရပါတယ်။ ၂ဝဝ၂ ခုနှစ်ကစပြီး အင်ဒိုနီးရှားနိုင်ငံအတွင်း မှာပဲ JI အဖွဲ့ဝင် ၁၅ဝ ကျော် ချေမှုန်းခံရပြီး ၁၅ဝဝ ကျော်  ဖမ်းဆီးထိန်းသိမ်း ခံရပါတယ်။

ဒါပေမဲ့ JI အဖွဲ့ရဲ့ အကြောင်းပြချက် တချို့ကြောင့်  ဒေသတွင်းမှာ ဆက်လက် ရှင်သန်ရပ်တည်နိုင်ခဲ့ပါတယ်။ ပထမအချက်ကတော့ အယ်လ်ကိုင်ဒါ အဖွဲ့နဲ့  JI အဖွဲ့ခေါင်း ဆောင်တွေ ကျန်ရှိနေသေးလို့ဖြစ်ပါတယ်။ အယ်လ်ကိုင်ဒါ အဖွဲ့မှာဆိုရင် အိုစမာဘင်လာဒင် ချေမှုန်းခံလိုက်ရပေမယ့်လည်း အီမန်ဇာဝါဟီရီက အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက် ခံယူခဲ့ပါတယ်။ JI အဖွဲ့မှာဆိုရင်လည်း အဗ္ဗဒူလာဆန်းကား ချေမှုန်းခံရပြီးနောက် အဘူ ဘေကာဘာရှာ၊ အဘူရူဆိုင်ဒန်၊ ဇာကာဆီနဲ့ အဒန်းတို့က ခေါင်းဆောင်တွေအဖြစ် အစဉ် အဆက်တာဝန်ယူခဲ့ပါတယ်။ သူတို့အနက် အဘူဘေကာဘာရှာ တစ်ဦးတည်းကသာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်သွယ်ပြီး  ဒီအချိန်ထိ ဖမ်းဆီးအကျဉ်းချ ခံထားရတာဖြစ်ပါတယ်။

JI အဖွဲ့အနေနဲ့ နိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာ လူသိနည်းပေမယ့်လည်း  JI အဖွဲ့ဝင်အများ စုကတော့ အယ်လ်ကိုင်ဒါ အဖွဲ့ကိုသစ္စာခံနေ ဆဲဖြစ်ပါတယ်။ ဒါ့ပြင် အင်ဒိုနီးရှား နိုင်ငံသား JI အဖွဲ့ဝင်တွေက အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်ပနိုင်ငံတွေမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

JI အဖွဲ့ရဲ့ သဘောတရားရေး ပျံ့နှံ့မှု

JI အဖွဲ့က သူတို့ရဲ့သဘောတရားရေးတွေကို ကိုယ်ပိုင်ပုံနှိပ်တိုက်တွေကနေ တစ်ဆင့်  ဖြန့်ဝေလျက်ရှိပါတယ်။ JI အဖွဲ့ရဲ့သဘောတရားရေး ဖြန့်ဝေမှုကို  တချို့ပညာရေးနဲ့ သုတေသနအဖွဲ့အစည်းတွေက ထောက်ပံ့ပေးပါတယ်။ JI အဖွဲ့က ကိုယ်ပိုင်ပုံနှိပ်တိုက် အများအပြားနဲ့ သတင်းဌာနတွေကို ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီထဲမှာဆိုရင် ရီဆာလာမူဂျာဟီဒင်းနဲ့ ဆိုင်မီနာ စာစောင်တွေက အဓိကနေရာက ပါဝင်ပါတယ်။ ArRahmah.com ဆိုရင် JI အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အဓိက အွန်လိုင်းဝက်ဘ်ဆိုက်ဖြစ်ပြီး အယ်လ်ကိုင်ဒါ နဲ့ JI အဖွဲ့တို့ရဲ့အလိုအတိုင်း သူတို့ရဲ့ သဘောတရားရေးတွေကို ဖြန့်ချိပေးနေပါတယ်။

JI က  လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေကနေ တစ်ဆင့်လည်း သူတို့ ရဲ့သဘောတရားတွေကို ဖြန့်ဝေပါသေးတယ်။ သူတို့နဲ့ စိတ်တူသဘောတူရှိတဲ့ အဖွဲ့အစည်း တွေနဲ့ အကူအညီ လိုအပ်နေတဲ့ မူဆလင်တွေကို ထောက်ပံ့ပေးပြီး သဘောတရားတွေကို ဖြန့်ဝေတာဖြစ်ပါတယ်။ အဲဒီထဲကမှ အဖွဲ့အစည်းတစ်ခုက အင်ဒိုနီးရှား ဟီလယ်အာမာ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့က အရှေ့အလယ်ပိုင်းမှာလည်း  လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အဲဒီအဖွဲ့က  အယ်လ်ကိုင်ဒါ၊ JI တို့နဲ့ ဆက်စပ် နေတယ်ဆိုပြီး တရားဝင် တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ JI အဖွဲ့က  ဂျာဘတ် အယ်နျူဆရာအဖွဲ့ လှုပ်ရှားတဲ့နေရာတွေမှာ တိုက်ပွဲဝင်နေတဲ့ သူတွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။ နောက်ထပ် JI အဖွဲ့နဲ့ဆက်စပ်တဲ့ လူသားချင်း စာနာထောက် ထားမှုအဖွဲ့ကတော့ လမ်ဘာဂါကီမာနူရှမ် ဝမ်းကဲအဖွဲ့ဖြစ်ပါတယ်။

ဒါ့ပြင်   JI မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့ ဝင် အများအပြားက၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝဝ၉ ခုနှစ်အတွင်း  အင်ဒိုနီးရှားနိုင်ငံမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းခြင်း ခံလိုက်ရတဲ့ အချိန်မှာတော့ အဲဒီ လက်နက်ကိုင် အဖွဲ့ဝင်တွေက  လုံးဝပျောက် ကွယ်သွားတာ မဟုတ်ဘဲ လှုပ်ရှားမှု ရပ်တန့် သွားတာဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ်ကစပြီး JI အဖွဲ့ရဲ့လက်နက် ကိုင်အဖွဲ့ဝင် တချို့က  အင်ဒိုနီးရှားနိုင်ငံ ပြင်ပမှာလုပ်တဲ့ အကြမ်းဖက်မှု တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အဓိကအားဖြင့် ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပြီး  အီရတ်နဲ့ ဆီးရီးယားတို့မှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

IS အဖွဲ့အပေါ် လူအများရဲ့တုံ့ပြန်မှုမှ

JI အဖွဲ့က အကျိုးကျေးဇူးများ ရရှိမှု

JI အဖွဲ့ပြန်လည်ထကြွလာရတဲ့ နောက်ဆုံးနဲ့ အဓိကအကျဆုံး အချက်ကတော့ IS အဖွဲ့အပေါ် လူအများရဲ တုံ့ပြန်မှုနဲ့   အများအားဖြင့် အရှေ့တောင်အာရှဒေသနဲ့ အရှေ့ အလယ်ပိုင်းဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံအတွင်းမှာ IS အဖွဲ့ကိုထောက်ခံသူတွေ ရှိတယ်လို့ ထင်ရပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံ က IS အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဒေသအတွင်း တိုက်ခိုက်မှုအတွက် အချက်အချာ နေရာဖြစ်ပါတယ်။ အကောင်းဆုံး ဥပမာကတော့ ၂ဝ၁၇ ခုနှစ် မေလကနေ အောက်တိုဘာလအထိ မာရာဝီမြို့ သိမ်းပိုက်ခံရခြင်းဖြစ်ပြီး အဲဒီကာလအတွင်း လူပေါင်း ၁ဝဝဝ ကျော်သေဆုံးပြီး  မြို့တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရပါတယ်။

အရှေ့အာရှဝီလာယာ သို့မဟုတ် ဝီလာယတ်ရှအဆီယာက ၂ဝ၁၇ ခုနှစ် နှစ်လယ် ပိုင်းကတည်းကစပြီး ဖိလစ်ပိုင်နိုင်ငံမှာ အခြေချခဲ့တာဖြစ်ပါတယ်။ သူက အရင်က အစ္စ နီလွန်ဟာပီလွန်ရဲ့ လက်အောက်မှာ အလုပ်လုပ်တာဖြစ်ပါတယ်။ အစ္စနီလွန်ဟာပီလွန် က ဖိလစ်ပိုင်တပ်ဖွဲ့တွေရဲ့ မာရာဝီမြို့သိမ်း တိုက်ပွဲအတွင်းမှာ ချေမှုန်းခံလိုက်ရတာဖြစ်ပါတယ်။

IS အဖွဲ့က တစ်ကမ္ဘာလုံးနဲ့ ဒေသတွင်း လုံခြုံရေးအဖွဲ့တွေရဲ့ အာရုံစိုက်မှုကို အဓိက ခံနေရတာကြောင့် JI အဖွဲ့အတွက် လွတ်လပ်စွာ လှုပ်ရှားမှုကို ရရှိစေခဲ့တာဖြစ်ပါတယ်။ အင်ဒို နီးရှားနိုင်ငံအတွင်းမှာရှိတဲ့ တချို့လုံခြုံရေး အေဂျင်စီတွေက IS အဖွဲ့ရဲ့ အကြမ်းဖက်မှု တွေကိုတုံ့ပြန်ဖို့  အင်အားညီမျှမှုနဲ့  ခွဲခြားအုပ်ချုပ်မှု ကစားပွဲတစ်စိတ်တစ်ပိုင်း အနေနဲ့  JI တွေကို အသုံးချခဲ့ဖွယ်ရှိပါတယ်။

အခုချိန်မှာ JI  အဖွဲ့ဝင်အများစုက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရပေမယ့် တချို့တွေကတော့ ပြန်လွတ်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်  တိုက်ပွဲဝင်ရာနဲ့ ဗုံးပြုလုပ်ရာမှာ  အတွေ့အကြုံရှိတဲ့အပြင် သေချာစွာ လေ့ကျင့်သင်ကြားပေးခြင်း ခံထားရပြီး   သဘောတရားရေးအရ လွှမ်းမိုးခံနေ ရပြီဖြစ်တဲ့    လက်နက်ကိုင် အကြမ်းဖက်သမား အများအပြားက  အပြင်ဘက်မှာ ရှိနေပါပြီ။

ဒီလိုအကြမ်းဖက်သမားတွေ လွတ်မြောက်မှုနဲ့ အများအပြား တည်ရှိမှုတို့က အင်ဒိုနီးရှား နိုင်ငံရဲ့လုံခြုံရေးကို အဓိကခြိမ်းခြောက်လာတာဖြစ်ပါတယ်။ဆစ်ဒနီဂျုန်းနဲ့ ရက်ကီယန်တို့လိုမျိုး လေ့လာရေး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ ယနေ့ JI အဖွဲ့ရဲ့ အမာခံ အဖွဲ့ဝင် အင်အားက ၂ဝဝဝ ကနေ ၃ဝဝဝ ကြားရှိပြီး  အားပေးထောက်ခံသူကတော့ ထောင်ပေါင်းများစွာ ရှိနေပြီလို့သိရပါတယ်။ IS အဖွဲ့ဆိုတာ တချို့အနောက်နိုင်ငံတွေ ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ JI အဖွဲ့ဝင် အများအပြားက ယူဆထားကြပါတယ်။

ဒါပေမဲ့ JI အဖွဲ့က IS အဖွဲ့လိုမဟုတ်ဘဲ  သီးခြားအဖွဲ့အစည်း တစ်ခုလိုဖြစ်နေပြီး ဒေသတွင်းနိုင်ငံတွေကို  ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။  အဓိကအား ဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်ပါတယ်။ နောက်ပြီး JI အဖွဲ့က၂ဝဝ၉ ခုနှစ်နောက် ပိုင်း ကြီးကြီးမားမား တိုက်ခိုက်မှုတွေမလုပ်ဘဲ သူတို့ရဲ့ရပ်တည်မှုကို ပိုမိုခိုင်မာစေဖို့လုပ် ဆောင်လာပါတယ်။

အခုချိန်မှာဆိုရင် JI  အဖွဲ့က အတော်အတန် အင်အားတောင့်တင်းတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာနေပါပြီ။ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလည်းဖြစ်လာနေပါပြီ။ ဒါကြောင့် အရှေ့တောင်အာရှ ဒေသရှိ နိုင်ငံတွေအတွက် JI အဖွဲ့က အဓိကကြီးမားတဲ့ ခြိမ်းခြောက်မှု အဖြစ်တည်ရှိလာတာကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ JI အဖွဲ့ရဲ့လှုပ်ရှား မှုတိုင်းကို သတိထား စောင့်ကြည့်ပြီး ကြိုတင် ချေမှုန်းမှုတွေ မဖြစ်မနေ လုပ်ဆောင်ရတော့ မှာဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။                      

Read 225 times
Rate this item
(0 votes)
Last modified on Thursday, 11 October 2018 10:58

Latest from ကေတု