SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင်နိုင်စေဖို့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတော့မယ့် တောင်ကိုရီးယား

Friday, 12 October 2018 12:58 Written by  font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနိုင်ငံက  နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာကြောင့် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခံရတာကြောင့် စီးပွားရေးကျဆင်းသွားတဲ့ မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အစောပိုင်းကနေစပြီး     ဒီနေ့အချိန်ထိ  သဘောထား ပျော့ပျောင်းပြီး  နိုင်ငံ တကာနဲ့ ဆက်ဆံရေး တိုးတက်လာအောင် အားသွန်ခွန်စိုက်  ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံရေးက    မထင်မှတ်ထားလောက်အောင် တိုးတက်လာပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်မှု ကနေရရှိတဲ့ ရလဒ်ကတော့ မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကိုတောင်ကိုရီးယားက အကြွင်းမဲ့ ရုပ်သိမ်းပေးဖို့  စဉ်းစားလာတဲ့ အထိပဲဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင် ပြီးမှသာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အမေရိကန်ပြည်ထောင် စုကတင်းခံထားပါတယ်။  ဒါပေမဲ့  အမေရိကန်ပြည်ထောင်စုရဲ့ အဓိက မဟာမိတ်နိုင်ငံ ဖြစ်တဲ့ တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နှစ်နိုင်ငံကုန် သွယ်ရေးနဲ့ စီးပွားရေး လဲလှယ်မှုဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့  စဉ်းစားနေတယ်လို့ အောက်တိုဘာ  ၁ဝ  ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က မြောက်ကိုရီးယားအနေနဲ့  နျူကလီးယား လက်နက်တွေကို အပြီးအပိုင် စွန့်လွှတ်နိုင်ဖို့အတွက် မက်လုံးအဖြစ် မြောက်ကိုရီးယား နိုင်ငံအတွင်းမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့နဲ့   ပူးတွဲစီးပွားရေး စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက ချမှတ် ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လေးစားလိုက်နာပြီး မြောက်ကိုရီးယားနဲ့ သိသာထင်ရှားတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်မယ်လို့ ကတိပြု ထားပါတယ်။

ဒါကြောင့် တောင်ကိုရီးယားက ရုပ်သိမ်းပေးမယ့် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေက ၎င်းတစ်နိုင်ငံတည်း သီးသန့်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖြစ်တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး ကန်ကျွန်းဝှါက ပြောတာဖြစ် ပါတယ်။  အောက်တိုဘာ ၁ဝ ရက်က ပြုလုပ် တဲ့လွှတ်တော်ကြားနာမှု တစ်ခုမှာ အာဏာရ ပါတီရဲ့ ထိပ်တန်းအမတ်တွေက တောင်ကိုရီး ယားအစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် ၂ဝ၁ဝ ပြည့်နှစ်မှာ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းချက် အပေါ် အစိုးရအဖွဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကိုရုပ်သိမ်းပေးနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့   ညှိနှိုင်း တိုင်ပင်နေပါတယ်လို့ ကန်ကျွန်းဝှါက အဖြေပြန်ပေးပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ကင်ဂျုံအွန်က နိုင်ငံရဲ့ အဓိကကျတဲ့ နျူကလီးယား စမ်းသပ်ရာနေရာ ဖြစ်တဲ့ ယုံဗြွန်းနျူကလီးယား စမ်းသပ်စခန်းကို အပြီးတိုင် ဖျက်သိမ်းသွားမယ်လို့ ထပ်လောင်း အတည်ပြုထားပါတယ်။ ဒါ့ပြင် ပြင်ပမှ စုံစမ်းစစ်ဆေးသူတွေကိုလည်း နိုင်ငံအတွင်း လာ ရောက်စစ်ဆေးဖို့ကို    သဘောတူထားပါတယ်။

ပြီးခဲ့တဲ့လအတွင်းကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ တစ်ဖက်သတ် လက်နက်ဖျက်သိမ်းတာမျိုးကို   လုပ်ဆောင်မှာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု အနေနဲ့ကလည်း မြောက် ကိုရီးယား နိုင်ငံအတွက် ခြိမ်းခြောက် မှုမဟုတ်ဘူးဆိုတာကို မဖြစ်မနေပြသဖို့ လိုအပ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက ပြောပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယား နိုင်ငံက   နျူကလီးယား ဖျက်သိမ်းရေးကို အမှန်တကယ်  လုပ်ဆောင်လိုတဲ့ ဆန္ဒရှိနေ တာကို တွေ့ရပါတယ်။ 

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု တွေချမှတ်ခဲ့တာက  ၂ဝ၁ဝ ပြည့်နှစ်ကဖြစ်ပါတယ်။ အဲဒီလိုအရေးယူ ပိတ်ဆို့မှု မချမှတ်မီ မြောက်ကိုရီးယား နယ်စပ်ရေပြင်အတွင်းမှာ တောင်ကိုရီး ယား စစ်သင်္ဘောတစ်စင်း ပေါက်ကွဲနစ်မြုပ်ပြီး  ရေတပ်စစ်သည်  ၄၆  ဦး သေဆုံးသွားပါတယ်။ ဒီလိုစစ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်ရခြင်းက  မြောက်ကိုရီးယားရေငုပ် သင်္ဘောက ပစ်ခတ်လိုက်တဲ့ တော်ပီဒိုထိမှန် ခြင်းကြောင့်ဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြား နိုင်ငံများက စုံစမ်းစစ်ဆေးသူတွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့အရေး ယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

အဲဒီအရေးယူ ပိတ်ဆို့မှုတွေထဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနဲ့ ကုန်စည်လဲလှယ်ရေး အားလုံး ပါဝင်ပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေအနေနဲ့ တောင်ကိုရီးယား ရေပြင် အသုံးပြုခွင့်ကိုလည်း ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်လိုက်ခြင်းကြောင့် မြောက်ကိုရီးယားကုန်တင်သင်္ဘောတွေအနေနဲ့ ကုန်ကျစရိတ် ပိုမိုကြီးမြင့်စေ ပါတယ်။  ဒါတင်မကသေးဘဲ မြောက်ကိုရီးယားကို ပေးအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုတွေကိုလည်း   ဖြတ်တောက်လိုက်ပါတယ်။

တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်မှုမှာ ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး မြောက်ကိုရီးယား အစိုးရကငြင်းဆန်ပေမယ့်လည်း တချို့သော ရှေးရိုးစွဲတောင်ကိုရီး ယား နိုင်ငံရေး သမားတွေက မြောက်ကိုရီးယား အနေနဲ့ တောင်ကိုရီးယားကို မတောင်းပန်မချင်း အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ချမှတ်ထားဖို့ အစိုးရကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ခရီးသွားလာမှု အပါအဝင် တောင်ကို ရီးယားရဲ့ တချို့သော အရေးယူပိတ်ဆို့မှုတွေကို တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်လက် ထက်မှာ ဖယ်ရှားပေးပြီးဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေ အနေနဲ့ တောင်ကိုရီးယား ရေပိုင်နက်ကနေ ဖြတ်သန်းသွားလာခွင့်ပြုဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့  ပြီးခဲ့တဲ့လက   မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်မှာ   မွန်ဂျေးအင်က သဘောတူခဲ့ပါသေးတယ်။

၂ဝ၁ဝ ပြည့်နှစ် အရေးယူပိတ်ဆို့မှုမချ မှတ်မီက တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံနဲ့ အပြိုင်အဆိုင်ဖြစ်ပါတယ်။ အခုတော့ တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့ အဓိကကုန်သွယ်ဖက် နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် မြောက် ကိုရီးယားနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုကို ဖြတ်တောက်ပါက မြောက်ကိုရီးယားနဲ့ တရုတ် ကြားဆက်ဆံရေးကို ပိုမိုနွေးထွေးသွားစေပြီး မြောက်ကိုရီးယားအပေါ် တောင်ကိုရီး ယားရဲ့လွှမ်းမိုးမှု ဆုံးရှုံးသွားမှာကို တောင်ကိုရီးယား လစ်ဘရယ် နိုင်ငံရေးသမားတွေက စိုး ရိမ်နေကြပါတယ်။ ဒီလိုစိုးရိမ်မှုတွေကြောင့်ပဲ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုန် သွယ်ရေးအရ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တောင်ကိုရီးယား အာဏာရ ဒီမို ကရက်တစ်ပါတီမှ လွှတ်တော်အမတ်တချို့က ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ တောင်းဆို ခဲ့ပါတယ်။

ဒီလို အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုလာတာကလည်း မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့က ဇွန်လအတွင်း စင်ကာပူနိုင်ငံမှာ တွေ့ဆုံပြီးနောက် မြောက်ကိုရီးယားရဲ့ နျူကလီးယား ကင်းစင်ရေးလုပ် ဆောင်မှုက  တိုးတက်မှုတွေ ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောပြီးနောက် ပိုင်းမှသာဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းပြီး ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက နျူ ကလီးယားခြိမ်းခြောက်မှုရှိတဲ့ နိုင်ငံမဟုတ်တော့ကြောင်း ထရမ့်က ဆက်ပြောခဲ့ပါသေးတယ်။ ဒါ့ပြင် မကြာသေးမီကလည်း အမေရိကန် -မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက် မှုတွေကနေတစ်ဆင့် နျူကလီးယား ဖျက်သိမ်းရေးမှာ ထင်မှတ်မထားလောက်တဲ့ တိုးတက် မှုတွေ ရရှိနေတယ်ဆိုပြီး ထရမ့်က မှတ်ချက် ပြုပြောခဲ့ပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား  ရှားရှားပါးပါး  သဘောထား ကွဲလွဲမှုတစ်ခု  ထွက်ပေါ်လာတာကိုလည်း တွေ့ရပါတယ်။ အဲဒါ ကတော့  မွန်ဂျေးအင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း    ကိုရီးယား နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ချမှတ်နိုင်မှုကို အမေရိကန်အစိုးရက မကျေနပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  မိုက်ပွန်ပီယိုက ထုတ်ဖော်ပြောဆို လာတာဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်မှာ ကိုရီးယား နှစ်နိုင်ငံအနေနဲ့ စစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ရေး၊ နယ်စပ်၌လေယာဉ် မပျံသန်းရ ဇုန်ထူထောင်ရေး၊ စစ်မဲ့ဇုန်အတွင်းရှိ လုံခြုံရေး စခန်းငယ်များနဲ့   မြေမြှုပ်မိုင်းများကို တဖြည်းဖြည်းချင်း ဖယ်ရှားရှင်းလင်း သွားရေးပဲဖြစ်ပါတယ်။

မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြောက် ကိုရီးယားရဲ့  နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ချက်ထက်   ပိုတဲ့ လိုက်လျောမှု တွေကို တောင်ကိုရီးယားက ပေးအပ်နေတဲ့ အပေါ် အမေရိကန်က ကန့်ကွက်လိုတာသာ ဖြစ်ကြောင်း   တောင်ကိုရီးယား စစ်ဘက် သတင်းအရင်းအမြစ် တစ်ခုကပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ တောင်ကိုရီးယား သမ္မတမွန်ဂျေးအင်ရဲ့ မြောက်ကိုရီးယားအ ပေါ်ဆက်ဆံရေးကို တောင်ကိုရီးယားပြည်သူ အများစုက သဘောတူကျေနပ်နေပါတယ်။ ဒါကြောင့် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားအနေနဲ့ အသက်ရှူချောင်စေဖို့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ ကိုမထိခိုက်စေဘဲ ၎င်းတစ်နိုင်ငံတည်းကနေ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုဖြေ လျှော့ပေးဖို့ စဉ်းစားလာတာဖြစ်ပါတယ်။

အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကို တစ်ဖက်တစ်လမ်းက အားပေးရာရောက်တဲ့ အပြင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက်စေပြီး တရားဝင်ငြိမ်းချမ်းရေး သဘောတူစာ ချုပ်ချုပ်ဆိုမှုကိုလည်း အဆင်ပြေလွယ်ကူစေ မှာဖြစ်ပါတယ်။ ဒါ့ပြင် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ပြီး   ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အတွက် အကောင်းဆုံးသော လိုက်လျောမှု တစ်ခုသာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  

မင်းခန့်တင်

Read 157 times
Rate this item
(0 votes)
Last modified on Friday, 12 October 2018 13:00

Latest from ကေတု