SJ WorldNews - шаблон joomla Авто

သောင်မတင် ရေမကျအခြေအနေတွင်ရှိနေသည့် ဆီးရီးယားပြည်တွင်းစစ်

Saturday, 13 October 2018 10:46 Written by  font size decrease font size decrease font size increase font size increase font size

လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်၌ အပစ်အခတ်ရပ်စဲရေးကိုချမှတ်ပြီး စစ်မဲ့ဇုန်တစ်ခုတည်ထောင်ရန် ရုရုားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်တို့က သဘောတူထားပြီးဖြစ်သော်လည်း ယင်းပြည်နယ်အတွင်းရှိ စစ်သွေးကြွများက စစ်မဲ့ဇုန်အတွင်းမှဆုတ်ခွာရန်ဆန္ဒမရှိသောကြောင့် ဆီးရီးယား၏ ပြည်တွင်းစစ် အခြေအနေသည် သောင်မတင်၊ ရေမကျသည့်အခြေအနေသို့ ရောက်ရှိလာသည်ကိုတွေ့ရသည်။

စစ်သွေးကြွများက အိုင်ဒလစ်ပြည်နယ်မှ ဆုတ်ခွာလိုခြင်းမရှိသည့်အခြေအနေကိုကြည့်မည်ဆိုပါက ၄င်းတို့အနေဖြင့် အဆိုပါပြည်နယ်အတွင်းမှ ဆုတ်ခွာပြီးနောက်ပိုင်းတွင် ၄င်းတို့၏ဘေးအန္တရာယ်ကင်းရှင်းမှု အတွက် တူရကီအစိုးရက အာမခံချက်ပေးထားခြင်းမရှိသောကြောင့်ဖြစ်ကြောင်းတွေ့ရသည်။ တူရကီအစိုးရက အာမခံချက်မပေးရသည့်အကြောင်းရင်းကလည်းရှင်းနေသည်။ အဆိုပါစစ်သွေးကြွများအနက်မှ တချို့သည် တူရကီနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီးနောက် နိုင်ငံ၏လုံခြုံရေးအခြေအနေအား ခြိမ်းခြောက်လာမည်ကို တူရကီအစိုးရက စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။

တူရကီနိုင်ငံသည် နဂိုကမှ ကားဒစ်တို့၏ အကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရသောကြောင့် အကယ်၍သာ အိုင်ဒလစ်ပြည်နယ်မှ ဆုတ်ခွာလာသည့်စစ်သွေးကြွများသာတူရကီနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည်ဆိုပါက တူရကီနိုင်ငံအဖို့ တွေ့ကြုံနေရသည့်ခြိမ်းခြောက်မှုမှာ ပိုမိုကြီးထွားလာနိုင်သကဲ့သို့ တူရကီပြည်သူများ အနေဖြင့်လည်း ကျီးလန့်စာစားအဖြစ်သို့ ရောက်ရှိလာမည်ကို တူရကီ အစိုးရအနေဖြင့် မလိုလားပေ။ ထို့ပြင် တူရကီအစိုးရအနေဖြင့် အစွန်းရောက်လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အဖြစ်ကိုလည်းလိုလားခြင်းမရှိပေ။

အိုင်ဒလစ်ပြည်နယ်အတွင်း၌ ဆက်လက်

တပ်စွဲထားသည့်စစ်သွေးကြွများမှာ တာဟီရာအယ်ရှမ်း၊ ဂျာဘတ်အယ်နျူဆရာတပ်ဦးနှင့် တခြားသော စစ်သွေးကြွအဖွဲ့များဖြစ်သော တာ့ကစ္စတန်အစ္စလာမ်မစ်ပါတီနှင့် ဟာရက်အယ်ဒင်တို့မှ စစ်သွေးကြွများဖြစ်ပြီး ၄င်းတို့သည် ယခင်က အမေရိကန်အစိုးရ၏ထောက်ပံ့ခံလက်နက်ကိုင်အကြမ်း ဖက်အဖွဲ့များဖြစ်သည်။ ထို့ပြင် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်အား ဆန့်ကျင်နေပြီး အာဆတ်ရာထူးမှပြုတ်ကျရေးကို မြင်တွေ့လိုသည့် ဒေသတွင်းရှိ နိုင်ငံများကလည်း ၄င်းတို့အား ငွေကြေးများကို ပုန်းလျှိုးကွယ်လျှိုးနှင့်တစ်မျိုး ပွင့်ပွင့်လင်းလင်းတစ်ဖုံထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သို့ရာတွင် ယင်းစစ်သွေးကြွအဖွဲ့သည် ဆီးရီးယားအစိုးရကို တိုက်ခိုက်နေရုံသာမက ဆီးရီးယားပြည်သူများ အတွက်ပါအလွန်အန္တရာယ်ကြီးမားလှသည့်အဖွဲ့များ

ဖြစ်သည်ကို ၄င်းတို့၏လုပ်ဆောင်ချက်များက သက်သေပြလျက်ရှိသည်။ ယခုအခါ အယ်နျူဆရာ တပ်ဦးအဖွဲ့သည် ကလိုရင်းများကို လက်နက်အဖြစ်အသုံးပြုနိုင်သည့် နည်းပညာရရှိထားပြီးဖြစ်သည်ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စတီဖင်ဒီမစ်စတာရာက ယခုလအစောပိုင်းတွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ထို့ပြင် အယ်နျူဆရာစစ်သွေးကြွအဖွဲ့၏ မဟာမိတ်စစ်သွေးကြွအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် တာဟီရာ အယ်ရှမ်းအဖွဲ့သည် အနောက်နိုင်ငံများကို လှုံ့ဆော်သည့်အနေဖြင့် အိုင်ဒလစ်ပြည်နယ်အတွင်း၌ ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုတစ်ရပ်လုပ်ဆောင်ရန် စီစဉ်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန က အစောပိုင်းတွင် ပြောကြားထားသည်။ အကယ်၍ တာဟီရာအယ်ရှမ်းအဖွဲ့အနေဖြင့် ဓာတု လက်နက်များအသုံးပြု၍ တိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဆိုပါက အဆိုပါ တိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရက အရပ်သားများအပေါ် အဓိက ပစ်မှတ်ထားသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု လက်ညှိုးထိုးလွှဲချနိုင်မည်ဖြစ်သည်။

ထို့ပြင် အနောက်နိုင်ငံများအနေဖြင့်လည်း ဘာဘာညာညာမစဉ်းစားဘဲ ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရ၏လက်ချက်ဖြစ်သည်ဟု တထစ်ချယူဆပြီး လက်တုံ့ပြန်သည့်အနေဖြင့်ဆီးရီးယားနိုင်ငံပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စစ်သွေးကြွအဖွဲ့များကကောင်းစွာသဘောပေါက်ထားသည်။ ထို့ကြောင့် လက်ရှိဆီးရီးယားအခြေအနေများသည် ရှုပ်ထွေးလျက်ရှိပြီး နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကိုအဆုံးသတ်နိုင်ရန် များစွာကြိုးပမ်းရမည့်အခြေအနေတွင်ရှိနေသည်။

ဆီးရီးယား အစိုးရတပ်များသည် လက်ရှိတွင် ဆီးရီးယားရှိ နယ်မြေအများစုကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်းအိုင်ဒလစ်ပြည်နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ယင်းပြည်နယ်သည် စစ်သွေးကြွများ၏ လှုပ်ရှားရာတစ်ခုတည်းသော ပြည်နယ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ရုရှားနှင့် တူရကီအစိုးရတို့ကယင်းပြည်နယ်အတွင်း စစ်မဲ့ဇုန်တစ်ခုကိုအောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားချမှတ်ရန် သဘောတူထားသော်လည်းစစ်သွေးကြွများက အဆိုပါပြည်နယ်မှဆုတ်ခွာလိုခြင်းမရှိသောကြောင့် ဆီးရီးယားလက်နက်ကိုင်ပဋိပက္ခတွင် ကြားမှဝင်ရောက်ဖျန်ဖြေပေးနေသည့်နိုင်ငံများကို အခက်တွေ့စေလျက်ရှိသည်။

ရုရှားနှင့် တူရကီတို့သည် အိုင်ဒလစ်ပြည်နယ်၌ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအဆုံးသတ်ရေးအတွက် စစ်သွေးကြွအဖွဲ့များနှင့် လုပ်ဆောင်နေသောဆွေးနွေးမှုများတွင် တက်တက်ကြွကြွပါဝင်လျက်ရှိသည်။ စစ်သွေးကြွများအနေဖြင့် ၄င်းတို့အိုင်ဒလစ်ပြည်နယ်မှဆုတ်ခွာပြီးချိန်တွင်၎င်းတို့၏လုံခြုံရေးအတွက် အာမခံချက်ပေးရန်လိုလားလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ၄င်းတို့အား အိုင်ဒလစ်ပြည်နယ်မှ ပြန်လည်ဆုတ်ခွာရန် တူရကီထောက်လှမ်းရေးအဖွဲ့က ဖိအားပေးလျက်ရှိသည်။

ဆီးရီးယားအစိုးရတပ်များနှင့် အိုင်ဒလစ်ပြည်နယ်၌ တပ်စွဲထားသည့် စစသွေးကြွများကြား ရှေ့မတိုး၊ နောက်မဆုတ်သာအခြေအနေများဖြစ်ပေါ်နေစဉ်တစ်ခေတ်တစ်ခါက ဆီးရီးယားတွင် တစ်စခန်းထခဲ့သည့် IS  စစ်သွေးကြွအဖွဲ့ကအောက်တိုဘာ ၉ ရက်တွင် အယ်နျူဆရာစစ်သွေးကြွအဖွဲ့မှတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီးနောက် ကလိုရင်းပါဝင်သည့် ပီပါနှစ်လုံးကိုသိမ်းယူသွားသည်ဟု ဆီးရီးယားပြန်လည်ပြေလည်ရေးဆိုင်ရာ ရုရှားစင်တာက ထုတ်ပြန်ထားသည်။ IS စစ်သွေးကြွအဖွဲ့၏တိုက်ခိုက်မှုအတွင်း အယ်နျူဆရာစစ်သွေးကြွအဖွဲ့မှ လေးဦးနှင့် ကယ်ဆယ်ရေးလုပ်သားတစ်ဦးသေဆုံးခဲ့သည်။

ထို့ကြောင့် ရုရှားနှင့် တူရကီတို့ကကြားဝင်စေ့စပ်မှုများ လုပ်ဆောင်နေလင့်ကစား စစ်သွေးကြွများ၏နောက်ဆုံးခြေကုပ်စခန်းဖြစ်သည့် အိုင်ဒလစ်ပြည်နယ်မှ ပြန်လည်ဆုတ်ခွာရေးနှင့်ပတ်သက်၍ သောင်မတင်၊ရေမကျဖြစ်နေစဉ်  IS စစ်သွေးကြွအဖွဲ့က ယင်းအခြေအနေကိုအခွင့်ကောင်းယူကာ ၄င်းတို့ ယခင်က ထိန်းချုပ်နိုင်ခဲ့သည့် ရေနံမြေများနှင့် နယ်မြေများကိုပြန်လည်သိမ်းပိုက်ရေး ပြန်လည်ကြိုးပမ်းလာနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။

ဇေယျဘုန်း

(Ref: Sputnik)

Read 259 times
Rate this item
(0 votes)