SJ WorldNews - шаблон joomla Авто

ဂျမယ်ခါရှော့ဂီ ပျောက်ဆုံးမှုကြောင့် အမေရိကန်-ဆော်ဒီအာရေဗျ မဟာမိတ် ဆက်ဆံရေးကို ထိခိုက် လာစေတော့မည်

Monday, 15 October 2018 11:04 Written by  font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်ပို့(စ်)သတင်းဌာနက သတင်းထောက် ဂျမယ်ခါရှော့ဂီ ပျောက်ဆုံးမှုကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျတို့ရဲ့ဆက်ဆံရေး ယိုယွင်းမလိုဖြစ်နေပါပြီ။

ဒါ့ပြင် ယီမင်နိုင်ငံအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေကိုလည်း အမေရိကန်လွှတ်တော် အမတ်တွေက   တဖြည်းဖြည်း စိတ်ကုန်နေပြီ။ ယီမင်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အကြောင်းပြုတိုက်ခိုက်နေတဲ့  ဆော်ဒီအာရေဗျတို့ရဲ့ လုပ်ရပ်ကြောင့် ယီမင်ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးပြီး အငတ်ဘေးဆိုက်နေတဲ့ အပြင် ရောဂါဆိုးတွေ ဝင်ရောက်နှိပ်စက်ခြင်းကိုလည်း ခံစားနေရပါတယ်။

ဂျမယ်ခါရှော့ဂီက  အောက်တိုဘာ ၂ ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲမှာပဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဂျမယ်ခါရှော့ဂီ ပျောက်ဆုံးတာက အသတ်ခံ ရတာကြောင့်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်းထွက်နေပါတယ်။  ဒီလိုသတင်းတွေ ထွက်နေတာကြောင့်  အမေရိကန်လွှတ်တော် အမတ်တွေအဖို့ သည်းမခံနိုင်တော့တဲ့  နောက်ဆုံးအခြေအနေ ဖြစ်လာပါတယ်။  အမေရိကန် လွှတ်တော်အမတ်တွေက ဆော်ဒီအာရေဗျကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာ ရပ်တန့်ဖို့၊   ယီမင်ထိုးစစ်အပေါ် အကူအညီတွေကို ဖြတ်တောက်ဖို့နဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့  သတိပေးထားတာပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တစ်နေ့တခြား ဆော်ဒီအာရေဗျ ခေါင်းဆောင်ဖြစ်လာတဲ့ အိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်တို့ရဲ့  ဆက်ဆံရေးက ထရမ့် သမ္မတ စဖြစ်ကတည်းက  ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်လာတာဖြစ်ပါတယ်။  ဒါပေမဲ့ ဆော်ဒီအာရေဗျအနေနဲ့   ဂျမယ်ခါရှော့ဂီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အခုသီတင်းပတ် အတွင်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးနိုင်ပါက   ပြင်းထန်တဲ့အပြစ်ပေး အရေးယူမှုတွေလုပ်သွားမယ်လို့ အမေရိကန်အစိုးရက ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် အမေရိကန်-ဆော်ဒီအာရေဗျ ဆက်ဆံရေး အခြေအနေကို အကျိုးသက်ရောက်နိုင်တဲ့ မဖြစ်မနေ စောင့်ကြည့်ရမယ့် အကြောင်းအရာ ငါးရပ်ရှိပါတယ်။

ထရမ့်က ဘယ်လိုအရေးယူမှုမျိုး လုပ်မှာလဲ

ဆော်ဒီအာရေဗျ အစိုးရအပေါ် ဒေါ်နယ်ထရမ့်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ လွှတ်တော် အမတ် အများစုက  မချင့်မရဲဖြစ်နေကြပါ တယ်။ ဂျမယ်ခါရှော့ဂီ ပျောက်ဆုံးမှုအကြောင်း ရင်း အတိအကျကို သိရှိနိုင်ဖို့  စုံစမ်းရှာဖွေမယ်လို့   ထရမ့်ကပြောပါတယ်။   ဒါပေမဲ့ အမေရိကန်-ဆော်ဒီအာရေဗျ ဆက်ဆံရေးက အံ့သြစရာကောင်းလောက်အောင် ခိုင်မာနေတယ်လို့   အခုသီတင်းပတ်အတွင်းမှာ ပြောထားပြန်ပါတယ်။  ဒါ့ပြင်  အရေးယူ ပိတ်ဆို့မှု ဒါမှမဟုတ် စစ်လက်နက်ပစ္စည်း ရောင်းချမှု ရပ်တန့်မှုတို့ လုပ်မယ်ဆိုပါကလည်း အမေရိကန် ပြည်ထောင်စုရဲ့စီးပွားရေးကို ထိခိုက်စေတယ်ဆိုပြီး  လေသံလျှော့ချ လာပါတယ်။

ဒေါ်နယ်ထရမ့်  သမ္မတဖြစ်လာချိန်မှာ သူ့ရဲ့ပထမဆုံး ပြည်ပခရီးစဉ်က   ဆော်ဒီအာရေဗျနိုင်ငံ ဖြစ်ပါတယ်။    ဒီခရီးစဉ်မှာ ထရမ့်က  ခမ်းနားထည်ဝါတဲ့ အခမ်းအနားတွေမှာ ပါဝင်ခဲ့ပြီး ဆော်ဒီအာရေဗျကို  အမေရိကန်ဒေါ်လာ  ၁၁ဝ  ဘီလီယံ တန်ဖိုးရှိတဲ့  စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးဖို့ အစီအစဉ်တွေကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဒါ့ပြင် ဆော်ဒီအာရေဗျ အစိုးရက တူရကီနိုင်ငံ အတွင်းမှာလုပ်တဲ့  စုံစမ်းစစ်ဆေးရေး ပေါက်ကြားမှုကြောင့် အန္တရာယ် ရှိနေပါတယ်လို့ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော် တန်ကပြောပါတယ်။ ဒီပြဿနာရဲ့အကြောင်းရင်းအမှန်က ဘာဖြစ်တယ်ဆိုတာကို မဖြစ် မနေရှာဖွေရမှာဖြစ်ပြီး အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်တယ်လို့ ဂျွန်ဘော်တန်က ပြောပါတယ်။ ဒါကြောင့် ဆော်ဒီအာရေဗျအပေါ် ဒေါ်နယ်ထရမ့်က  ဘယ်လိုအရေးယူမှုမျိုး လုပ်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗျအပေါ် အရေးယူ ပိတ်ဆို့မှု လုပ်မှာလား ဆော်ဒီအာရေဗျအပေါ် အရေးယူပိတ်ဆို့မယ့် အကြံအစည်က  လွှတ်တော်အမတ်တွေရဲ့ အကြံအစည်ဖြစ်ပါတယ်။ အထက်လွှတ်တော်  ပြည်ပဆက်ဆံရေးကော်မတီ အဖွဲ့ဝင်ဦးရေ ၂ဝ က ဒေါ်နယ်ထရမ့်ဆီ  စာတစ်စောင်ပေးပို့ပြီး ထရမ့်အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ  မက်နစ်စကီ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ခံမှု ဥပဒေအရ  စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

မက်နစ်စကီဥပဒေအရ ပြည်ပဆက်ဆံရေး ကော်မတီက တောင်းဆိုလာပါက သမ္မတအနေနဲ့ စုံစမ်းစစ်ဆေးမှုကို မဖြစ်မနေ လုပ်ပေးရပါတယ်။ အဲဒီနောက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးခံရတဲ့ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ချမှတ်မှာလား၊ မချမှတ်ဘူးလားနဲ့ ပတ်သက်ပြီး ကော်မတီကို ရက်ပေါင်း ၁၂ဝ အတွင်း ပြန်လည် အစီရင်ခံရပါတယ်။

''အစိုးရအနေနဲ့ ဒီကိစ္စကို သေသေချာချာ  လေ့လာစုံစမ်းသွားမှာဖြစ်ပြီး  အဖြေထွက်လာရင် လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်'' လို့    အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဟဲသာနောအာ့က ပြောပါတယ်။

ဒီအကျိုးဆက်က နှစ်နိုင်ငံစစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်စေမှာလား

စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမှုနဲ့ ယီမင်စစ်ဆင်ရေးအတွက် အမေရိကန်ရဲ့ ထောက်ပံ့ပေးမှုတို့က နှစ်နိုင်ငံဆက်ဆံရေးမှာ အဓိကကျတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဂျမယ်ခါရှော့ဂီ ကိစ္စ မတိုင်ခင်ကတည်း က နှစ်နိုင်ငံစလုံးက ပြင်းထန်တဲ့ ဖိအားပေး ခံနေရတာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာကို အမေရိကန် လွှတ်တော်အမတ်တွေက စိတ်ပျက်နေကြပါတယ်။ ဒ့ါပြင် အဲဒီတိုက်ခိုက်မှုတွေမှာ အမေရိကန်နိုင်ငံထုတ် ဗုံးတွေကို တွေ့ရတဲ့အတွက် အစိုးရအနေနဲ့ ဆော်ဒီအာရေဗျကို   စစ်လက်နက်ပစ္စည်း ရောင်းချမှု ရပ်တန့်သင့်တယ်ဆိုပြီး လွှတ်တော်အမတ်တွေက ပြောနေကြတာဖြစ်ပါတယ်။

မတ်လအတွင်းက ယီမင်စစ်ပွဲအတွင်း အမေရိကန်စစ်ဘက်ရဲ့ ထောက်ပံ့မှု အားလုံးကို ရပ်ဆိုင်းဖို့အဆိုကို  အထက်လွှတ်တော်ကပ ယ်ချလိုက်ပေမယ့် အဲဒီအဆိုကို ထောက်ခံသူ လွှတ်တော်အမတ် စုစုပေါင်း ၄၄ ဦး ရှိပါတယ်။ အလားတူပဲ အမေရိကန်ဒေါ်လာ ၁၁ဝ ဘီလီယံတန်ဖိုးရှိတဲ့  စစ်လက်နက်ပစ္စည်း ရောင်းချမှုစာချုပ်ရဲ့တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းဖို့ အဆိုကိုလည်း အထက်လွှတ်တော်က ပယ်ချခဲ့ပါသေးတယ်။ အဲဒီမှာလည်း ဒီအဆိုကို ထောက်ခံသူပမာဏက ထင်ထားတာထက် များနေတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ အစိုးရအနေနဲ့ ဆော်ဒီအာရေဗျကို   နောက်ထပ် စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့အတွက်  အထက်လွှတ်တော်ကို အကြောင်းကြားလာတယ် ဆိုပါက လွှတ်တော်အမတ်တွေအနေနဲ့ ရက်ပေါင်း ၃ဝ အတွင်း ပယ်ချနိုင်ပါတယ်။ ဒီလို ပယ်ချလိုက်မယ်ဆိုရင် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ပါတယ်။

ဂျမယ်ခါရှော့ဂီပျောက်ဆုံးမှုမှာ ပါဝင်တယ်လို့ ဆော်ဒီအာရေဗျက ပြောလာမှာလား

ဂျမယ်ခါရှော့ဂီပျောက်ဆုံးမှုမှာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား  မိုဟာမက်ဘင် ဆယ်မန်အပါအဝင် အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့က သတင်းရထားပါတယ်။ ဂျမယ်ခါရှော့ဂီကို ဆော်ဒီအာရေဗျကို ပြန်လာဖို့ခေါ်ယူပြီး  ရောက်လာတာနဲ့ ဖမ်းဆီးထိန်းသိမ်းထားဖို့ မိုဟာမတ် ဘင်ဆယ်မန်ရဲ့ အမိန့်ပေးမှုကို  အကောင်အထည် ဖော်ဖို့အတွက်  တာဝန်ရှိသူတွေက ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်တယ်လို့ ထောက်လှမ်းရေး သတင်းတွေအရ ဝါရှင်တန်ပို့(စ်) သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့ပြင် ဂျမယ်ခါရှော့ဂီက အစ္စတန်ဘူလ် မြို့မှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးမှာပဲ  အသတ်ခံလိုက်ရတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အသံဖိုင်တွေနဲ့ ဗီဒီယိုဖိုင်တွေကို ရရှိထားကြောင်းနဲ့  ဂျမယ်ခါရှော့ဂီ အသတ်ခံရမှုမှာ ပါဝင်တယ်ဆိုတဲ့   ဆော်ဒီအာရေဗျ နိုင်ငံသား ၁၅ ဦးရဲ့အမည်တွေနဲ့ ဓာတ်ပုံတွေကို  တူရကီ တာဝန်ရှိသူတွေက တူရကီ သတင်းဌာနတစ်ခုကို ပေးထားတယ်လို့ သိရပါတယ်။

အကယ်၍ ဂျမယ်ခါရှော့ဂီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေပြနိုင်သည့် တိုင်အောင် ဆော်ဒီအာရေဗျက သူတို့မပါဘူးဟုသာ အပြင်းအထန် ငြင်းဆိုနေမှာ ဖြစ်ကြောင်း လေ့လာသူများက ပြောထားပါတယ်။ ဒါကြောင့်  ဒီကိစ္စမှာ ဆော်ဒီအာရေဗျ    ပါဝင်ပတ်သက်တယ်လို့ ဘယ်တော့မှ  ထုတ်ပြောလာမှာ မဟုတ်ဘဲ တခြားသူတွေကိုသာ လွှဲချမှာဖြစ်ပါတယ်။

ဒီကိစ္စက စီးပွားရေးအရ ဆက်ဆံရေးကို အကျိုးသက်ရောက်စေမှာလား

ဆော်ဒီအာရေဗျနိုင်ငံ   ရီယတ်မြို့မှာ စီးပွားရေးညီလာခံတစ်ခုကို  အခုလကုန် ကျင်းပဖို့ရှိပါတယ်။  ဒါပေမဲ့  အခုချိန်မှာ Bloomberg ၊ CNN ၊ Financial Times နဲ့ The New York Times သတင်းဌာနတွေ က   အဲဒီညီလာခံကို  စပွန်ဆာမပေးဘဲ ပြန်လည်နုတ်ထွက်သွားကြပြီဖြစ်ပါတယ်။

ဒါ့ပြင် သတင်းဌာန ကိုယ်စားလှယ်တွေကလည်း အဲဒီညီလာခံကို မတက်တော့ပါဘူး။ ညီလာခံမှာ  အနာဂတ် သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောမယ့် အူဘာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ကိုယ်တိုင်က ညီလာခံ လာမတက်ပါဘူး။အမေရိကန် ကုန်သွယ်ရေးဝန်ကြီး  စတီဗင်နျူချင်းကတော့ အဲဒီညီလာခံကို တက်ဖို့   အစီအစဉ်ဆွဲထားတုန်းပဲ ဖြစ်ပါတယ်။  ဒါပေမဲ့   ရီပတ်ဘလစ်ကန် လွှတ်တော်တွေကတော့ စတီဗင်နျူချင်းကို ညီလာခံမတက်ဖို့ တားမြစ်ထားပါတယ်။

ဒါကြောင့် ဆော်ဒီအာရေဗျ အစိုးရအနေနဲ့ ဂျမယ်ခါရှော့ဂီပျောက်ဆုံးမှုကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ဖော်ထုတ်ရမှာဖြစ်ပါတယ်။  ဒီလိုမှမဟုတ်ရင်  အမေရိကန် အစိုးရအနေနဲ့  လွှတ်တော်အမတ်တွေရဲ့ ဖိအားပေးမှုကြောင့်  ဆော်ဒီအာရေဗျအပေါ် အရေးယူပိတ်ဆို့မှုတွေ မဖြစ်မနေ ချမှတ်ရတော့မှာဖြစ်ပါတယ်။ အဲဒီလို ချမှတ်လိုက်ပါက အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျတို့ရဲ့ မဟာမိတ်ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။             

မင်းခန့်တင်

Read 121 times
Rate this item
(0 votes)
Last modified on Monday, 15 October 2018 11:06

Latest from ကေတု