SJ WorldNews - шаблон joomla Авто

ဘယ်သူမှ မကယ်တင် နိုင်တော့ သည့် အငတ်ဘေး ဆိုက်နေသော ယီမင်

Thursday, 18 October 2018 10:00 Written by  font size decrease font size decrease font size increase font size increase font size

ယီမင်ဆိုတာ အာရေဘီးယား ကျွန်းဆွယ်ရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဒီကျွန်းဆွယ်ပေါ်မှာ ဒုတိယ အကြီးဆုံး အာရပ်နိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ က ဆော်ဒီအာရေဗျနဲ့  အိုမန်တို့ဖြစ်ပါတယ်။ အခုချိန်မှာ ယီမင်က စစ်ဒဏ်ကြောင့် ပြည်သူ တွေ အငတ်ဘေးဆိုက်နေတဲ့ နိုင်ငံဖြစ်နေပါ တယ်။

ယီမင်နိုင်ငံအတွင်း အငတ်ဘေးဆိုက်မှု က ၂ဝ၁၅ ခုနှစ်ကနေ စတင်လာတာဖြစ်ပါ တယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ဟူသီ သူပုန်တွေက နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆာနား အပါအဝင် ဒေသအများစုကို သိမ်းပိုက်လိုက်တာကြောင့် အစိုးရ တပ်ဖွဲ့ တွေနဲ့ ပြည်တွင်းစစ် စတင်ဖြစ် ပွားခဲ့ရပါတယ်။

ပြည်တွင်းစစ် ဆိုသော်ငြားလည်း ပတ်ဝန်းကျင်နိုင်ငံတွေပါ ပါဝင်လာတာကြောင့် ယီမင်က  ကိုယ်စား စစ်ပွဲနယ်မြေဖြစ် လာရ ပါတယ်။ ဟူသီ သူပုန်တွေကို အီရန်နိုင်ငံက ထောက်ပံ့ပေးတယ်။ ယီမင်အစိုးရကို ဆော်ဒီ အာရေဗျဦး ဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က ထောက်ပံ့ပေးတယ်။ အီရန်နဲ့ ဆော်ဒီဆိုတာ ဘယ်သောအခါမှ   မတည့်တဲ့ နှစ်နိုင်ငံဖြစ် တယ်။ ဒါပေမဲ့ အင်အားချင်းပြိုင်တဲ့ အခါမှာ တော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့ ကြားခံ နိုင်ငံမှာ သွားပြိုင်ကြတယ်။ ဒါကြောင့် ယီမင်က အီရန်နဲ့ ဆော်ဒီတို့ရဲ့ ကိုယ်စားစစ်ပွဲ နယ်မြေဖြစ် လာရတာပါ။

ယီမင်နိုင်ငံ အတွင်းမှာ အခုလိုစစ်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် လာမယ့်သုံးလအတွင်းမှာ တစ်နိုင်ငံလုံးနီးပါး အငတ်ဘေးနဲ့ ရင်ဆိုင်ရ နိုင်ပါတယ်။ လူဦးရေ ၁၂သန်း ကနေ ၁၃သန်းအထိ အစာရေစာ ငတ်မွတ် နိုင်ပါတယ်။ လက်ရှိ ၂၁ ရာစု ယီမင်နိုင်ငံရဲ့ အစာရေစာ ရှားပါးမှု အခြေအနေက  အရင်တစ်ချိန်က အီသီယိုးပီးယား နိုင်ငံလို ဖြစ်နေပါ တယ်။

ယီမင်နိုင်ငံအတွင်းမှာ ရှိတဲ့ ထောင်ပေါင်း များစွာသော ပြည်သူတွေက စစ်ပွဲအတွင်းမှာ ပိတ်မိနေပြီး မိုင်းကွင်းတွေ၊ ဒုံးကျည်ပေါက် ကွဲမှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ခံနေရပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကို ဆော်ဒီဦး ဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လုပ်ဆောင် တာဖြစ်ပါတယ်။

ဆော်ဒီရဲ့  လေကြောင်း တိုက်ခိုက်မှုက အမေရိကန်က ရောင်းချပေးတဲ့ ဗုံးလက်နက် တွေနဲ့လုပ်ဆောင်တာ ဖြစ်ပါတယ်။  ဒါ့ပြင် အမေရိကန်က ဆော်ဒီကို ယီမင်စစ်ပွဲ အတွက် နည်းပညာပိုင်းဆိုင်ရာနဲ့ ထောက်ပံ့ရေးပိုင်း ဆိုင်ရာေ တွကို အကူအညီပေးပါတယ်။ ထိုမျှ မကသေးဘဲ ထောက်လှမ်းရေး သတင်းအချက် အလက်တွေမျှ ဝေခြင်းနဲ့  အထူးတပ်ဖွဲ့တွေ ဖြန့်ကြက်ခြင်း တို့ကိုပါ အမေရိကန်က အကူ အညီပေးနေတာပါ။

ဒီလိုအမေရိကန်ရဲ့ ကူညီပေးမှုနဲ့ ဆော်ဒီရဲ့ ယီမင်နိုင်ငံပေါ် ဗုံးကြဲမှုတို့က ယီမင်ပြည်သူ ထောင်ပေါင်းများစွာရဲ့  အသက် အိုးအိမ် စည်းစိမ်ကို  ခြွေယူနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့ရဲ့   ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ယီမင်ပြည်သူ စုစုပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ရပြီးပါပြီ။ သန်းပေါင်းများစွာသော ပြည်သူတွေ  ဘေးကင်းရာကို  ရွှေ့ပြောင်း နေထိုင်နေရပါတယ်။

မကြာသေးမီကပဲ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့  ပစ်မှတ် မှားယွင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၅ ဦး သေဆုံးခဲ့ရပြန်ပါပြီ။ ဒီလိုအပြစ်မဲ့ပြည်သူ တွေအပေါ်  တိုက်ခိုက်မှုတွေကို  ယီမင်နိုင်ငံ အတွင်းမှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေက တညီတညွတ်တည်း ပြစ်တင်ရှုတ်ချထားပါ တယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအရ ပဋိပက္ခအတွင်းမှာ ပါဝင်တဲ့အဖွဲ့တွေအနေနဲ့ ပြဋ္ဌာန်းချက် တွေကို လေးစားစွာလိုက်နာရမှာဖြစ်ပါတယ်။ အပြစ် မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိစေရေး၊ ဒဏ်ရာ ရမှုမရှိ စေရေး ဒါမှမဟုတ် အသတ်ခံရမှုမရှိ စေရေး ကာကွယ်ပေးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးမီက ဆော်ဒီက လေ ကြောင်းကနေတိုက်ခိုက်တဲ့ ဟိုဒေဒါမြို့ဆိုရင် ယီမင်နိုင်ငံအတွက် စားနပ်ရိက္ခာ တွေနဲ့ ကုလ သမဂ္ဂအေဂျင်စီတွေ အဓိကဝင်ထွက်ခွင့်ရတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ ဒီဆိပ်ကမ်းမြို့ကို ဟူသီသူပုန် တွေက ထိန်းချုပ် ထားတာဖြစ်ပြီး ညွန့်ပေါင်း တပ်ဖွဲ့တွေက  ဒီသူပုန်တွေကို တိုက်ထုတ်ဖို့ လုပ်ဆောင် နိုင်ခြင်းလည်း မရှိပါဘူး။

ပြီးခဲ့တဲ့ သုံးလအတွင်း ယီမင်နိုင်ငံမှာရှိတဲ့ ကလေးငယ်အများအပြားအပါအဝင် ပြည်သူ တွေ  သေကျေဒဏ်ရာရမှုက  ပိုမိုမြင့်တက် လာတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အဲဒီသုံးလအတွင်းမှာ လူဦးရေ ၁၇ဝ သေဆုံးပြီး ၁၇ဝဝ ကျော်ဒဏ်ရာရကာ ၄၂၅ဝဝဝ ကတော့ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒါ့ပြင် ယီမင်နိုင်ငံကို အငတ်ဘေးဆိုက်စေ တဲ့နောက်တစ်ချက်ရှိပါသေးတယ်။  အဲဒါ ကတော့ ငွေကြေးတန်ဖိုး ထိုးကျခြင်းပဲ ဖြစ်ပါတယ်။ ငွေကြေးတန်ဖိုးထိုးကျတဲ့ အတွက် စားသောက်ကုန် ဈေးနှုန်းတွေ တက်လာပြီး ပြည် သူတွေက လက်ထဲမှာ ရှိတဲ့ ငွေနဲ့ လောက်င အောင်စားသောက်နိုင်ခြင်း မရှိတော့ပါဘူး။ အငတ်ဘေးဆိုက်တယ် ဆိုတာ အစာရေစာ ရှားပါးခြင်းထက်   ပဋိပက္ခကြောင့်ဖြစ်တဲ့  စီးပွားရေး ပျက်စီးမှုတွေပဲဖြစ်ပါတယ်။

ငွေကြေးတန်ဖိုးထိုးကျတဲ့ အတွက် စားသောက်ကုန်ဈေးနှုန်းတွေ တက်တယ်။ လောင်စာ ဆီဈေးနှုန်းမြင့်တဲ့ အတွက် သယ်ယူ ပို့ဆောင် စရိတ်တွေတက်တယ်။ ဒါ့ပြင် အခြေခံစား သောက်ကုန် တင်သွင်းသူတွေကိုလည်း ယီမင် ဗဟိုဘဏ်က ဝင်ခွင့် ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် လက်ရှိမှာ ယီမင်နိုင်ငံအတွင်း အစာရေစာငတ်မွတ်နေသူအရေအတွက်က တစ်သန်းခွဲကနေ နှစ်သန်း အထိရှိ ပါတယ်။ အဲဒီထဲကမှ ကလေးငယ်တွေက ပိုပြီးအာဟာရ ပြတ်လပ်နေပါတယ်။ ဒီအတိုင်းသာ ဆက်ဖြစ် နေမယ် ဆိုရင် ကလေးငယ် ၁၄ သန်းက အငတ်ဘေး ဆိုက်နိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသရဲ့ အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံမှာရှိတဲ့ လူဦးရေရှစ်သန်းခွဲလောက်က အသက်ရှင် သန်ရပ်တည်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အပေါ်  မှီခိုနေရပါတယ်။  ဒါ့ပြင်  လက်ရှိ ပုံစံမျိုးဆက်ဖြစ် နေမယ် ဆိုရင် နောက်ထပ် ယီမင်ပြည်သူ  ငါးသန်းခွဲကျော်က  ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ပေါ်ကို  ထပ်မံမှီခို လာရမှာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကုလသမဂ္ဂ က ရန်ပုံငွေတွေပိုမိုလိုအပ်နေပါတယ်။ ဒါပေမဲ့ ယီမင်နိုင်ငံအတွင်း စစ်ပွဲတွေ မရပ်မချင်း ဒီထက်ဆိုးတဲ့ အငတ်ဘေးဆိုက်မှုအခြေအနေ တွေ ဖြစ်လာဦးမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ကလည်း    စစ်ပွဲတွေကြားကနေ ထောက်ပံ့နေရတာဖြစ်တဲ့အတွက်    ထင်သလောက် ထိရောက်မှု မရှိပါဘူး။

ဒါကြောင့် မြေစာပင် စစ်ပွဲနယ်မြေဖြစ်နေ တဲ့ယီမင်နိုင်ငံမှာ စစ်ပွဲတွေသာဆက်ဖြစ်နေ မယ်ဆိုရင် အဘက်ဘက်က ယိုယွင်း ပျက်စီးမှုတွေလည်း ဆက်ဖြစ်ပြီး အငတ်ဘေးဆိုက် ပြီးရင်းသာဆိုက်နေတော့မှာဖြစ်ပါတယ်။ ဒီ လိုအချက် တွေကြောင့် ယီမင်နိုင်ငံက နှစ် ပေါင်း ၁ဝဝအတွင်း အဆိုးရွားဆုံး အငတ်ဘေးဆိုက်တဲ့နိုင်ငံ ဖြစ်လာတော့မှာဖြစ်ပြီး စစ်ပွဲတွေ မရပ်မချင်း ကူကယ်ရာမဲ့တဲ့ နိုင်ငံဖြစ် နေတော့မှာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။    

ဆောင်းပါးရှင်(မင်းခန့်တင်)

Read 172 times
Rate this item
(0 votes)
Last modified on Thursday, 18 October 2018 10:11