SJ WorldNews - шаблон joomla Авто

တင်းမာမှု မြင့်တက်လာမယ့် ကုန်သွယ်ရေး စစ်ပွဲနဲ့ အလုပ် လက်မဲ့ဖြစ်လာမယ့် သန်းပေါင်းများစွာသော ပြည်သူ များ

Friday, 19 October 2018 09:37 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန် သမ္မတ  ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကို နောက်တစ်ဆင့် တိုးမြှင့် လိုက်ပြန်ပါ ပြီ။ အဲဒါကတော့ နှစ်ပေါင်း ၁၄၄ နှစ်သက် တမ်းရှိပြီဖြစ်တဲ့   စာပို့လုပ်ငန်းသဘောတူ စာချုပ်ကနေ  နုတ်ထွက် ဖို့ စီစဉ် နေတာပဲဖြစ် ပါတယ်။

ဒီလိုနုတ်ထွက်မယ့် အစီအစဉ်ကို အိမ်ဖြူတော်က အောက်တိုဘာ ၁၇ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီအစီ အစဉ်က တရုတ် နိုင်ငံရဲ့လွှမ်းမိုးမှုကိုတုံ့ပြန်ပြီး မညီမျှတဲ့ကုန် သွယ်ရေး စနစ်ကို  ကျင့်သုံးနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့စွပ်စွဲချက်အရ အရေးယူမှု အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ သဘောတူ စာချုပ်ကို ၁၈၇၄ ခုနှစ်မှာ စတင်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ ကလည်း စာများ၊ ပါဆယ်များပေးပို့ခြင်းကို ဒီစာချုပ်ပါ သတ်မှတ် နှုန်းထားနဲ့ပဲ  ကမ္ဘာတစ်ဝန်းကို  ပေးပို့ရပါတယ်။ ၁၉၆၉ ခုနှစ်ကစပြီး တရုတ်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့  ဆင်းရဲတဲ့ နိုင်ငံတွေက ဥရောပနဲ့မြောက်အမေရိက မှာရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတွေထက် စာပို့နှုန်းထား အနည်းဆုံးနဲ့ ပေးပို့ခွင့်ရရှိခဲ့ပါတယ်။ ဒီလို စာပို့နှုန်းထား အနည်း ဆုံးနဲ့ ပေးပို့ခွင့်ပြုရတဲ့ ရည်ရွယ်ချက်ကလည်း အာရှနဲ့ အာဖရိက ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ အတွက် ဖြစ်ပါတယ်။

ဒီစာချုပ်အရ တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို ကုန်ကျစရိတ် နည်းနည်းနဲ့ ပါဆယ်ထုပ်တွေ တင်ပို့နေရပါ တယ်။ ဒီလို တင်ပို့မှုကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ ယှဉ်ရင် တစ်ပန်းသာနေပြီး ဈေးကွက်အတွင်း လူသုံးကုန် ပစ္စည်းတွေကို ဈေးနည်းနည်းနဲ့ ရောင်းချနိုင် တာပဲ ဖြစ်ပါတယ်။

အခုအခါ  တရုတ်နိုင်ငံက ပါဆယ်ထုပ် စုစုပေါင်းရဲ့ ၆ဝ ရာခိုင်နှုန်းကို အမေရိကန်ကို တင်ပို့နေရတယ်။ အဲဒီပါဆယ် ထုပ်တွေ မှာဆိုရင် အဝတ်အထည်တွေ၊ အိမ်သုံးပစ္စည်း တွေနဲ့ လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်း တွေ ပါဝင်နေပါ တယ်။ ဒါ့ပြင် တချို့အွန်လိုင်း ဝက်ဘ်ဆိုက်တွေဆိုရင်    တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို  အမေရိကန်ကို အခမဲ့ ပို့ပေးရတဲ့ အထိ ဖြစ်လာပါတယ်။ ဒါက ပို့ခဈေးနှုန်း အလွန်နည်းပါးတဲ့ အတွက်ဖြစ်တယ် လို့လည်း အမေရိကန် အစိုးရအဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။

''စာပို့လုပ်ငန်း သဘောတူစာချုပ်ကို ပြုပြင် ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီး အခုထိ သိသာ ထင်ရှားမှု မရှိသေးပါဘူး။ ဒါကြောင့် ဒီစာချုပ် ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ ဒီလိုနုတ်ထွက်ဖို့လုပ်ဆောင်နေစဉ်မှာပဲ ဒီ ပြဿ နာကို ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံချင်း ဒါမှ မဟုတ် နိုင်ငံပေါင်းစုံပါဝင်တဲ့ သဘောတူညီ ချက်တွေရရှိဖို့ ညှိနှိုင်း ဆွေးနွေးမှု တွေ လုပ်ဆောင်မှာဖြစ်ပါတယ်'' လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလိုဆုံးဖြတ်ချက်ချရခြင်းရဲ့နောက်ကွယ်မှာ ထရမ့်ရဲ့ကုန်သွယ်ရေး အကြံပေး ပီတာ နာဗာရိုရှိပါတယ်။ ပီတာ နာဗာ ရိုက ကုန်သွယ် ရေးနဲ့ပတ်သက်လာရင် သဘောထားတင်းမာသူ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက တရုတ် နိုင်ငံ အပေါ် ဖျက်လိုဖျက်ဆီးလုပ်ခြင်းသာဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေကို စိန်ခေါ်ဖို့ အခွင့်အလမ်း တစ်ခုဖြစ်တယ်လို့ ၎င်းက ယူဆ ထားပါတယ်။

အမေရိကန်ပြည်ထောင်စုက စာပို့လုပ်ငန်း သဘောတူစာချုပ်ကနေ အခုလိုနုတ်ထွက် တဲ့အကြောင်းနဲ့ တရုတ်နိုင်ငံ အပေါ် မြင့်မား တဲ့စာပို့နှုန်းထားတွေ ကောက်ခံသွားမယ် ဆိုတာကို အိမ်ဖြူတော်တာဝန်ရှိသူတွေက ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာရှိတဲ့ ကမ္ဘာ့စာပို့ လုပ်ငန်း သမဂ္ဂကို အကြောင်းကြား ပါတယ်။

ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂရဲ့   စည်းမျဉ်း စည်းကမ်းတွေအရ အဖွဲ့ဝင်နိုင်ငံတွေအနေ နဲ့ သမဂ္ဂကနေ တရားဝင်မနုတ် ထွက်မီ တစ် နှစ်အတွင်း ပြဋ္ဌာန်းချက်တွေကိုပြန်လည် ပြဋ္ဌာန်းခွင့်ရမှာဖြစ်ပါတယ်။   အကယ်၍ ပြဋ္ဌာန်းချက်သစ်တွေ   ပြဋ္ဌာန်းဖို့ အတွက် ညှိနှိုင်းမှုအောင်မြင်ရင် သဘောတူ စာချုပ်ကနေ  နုတ်ထွက်ဖို့ အကြောင်းကြားမှုကို ရုပ်သိမ်းပြီး အဖွဲ့ဝင်နိုင်ငံ အဖြစ် ဆက်လက် တည်ရှိမယ်လို့ ဖော်ပြ ထားပါတယ်။

စာပို့လုပ်ငန်း သဘောတူ စာချုပ်ကို ၂ဝ၁၆ ခုနှစ်က နောက်ဆုံးပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံ ရဲ့ တချို့ပါဆယ်တွေအပေါ် နှုန်းထားတွေ တိုးမြှင့် ကောက်ခံ ခဲ့ပါသေးတယ်။  ဒါပေမဲ့ ဒီနှုန်းထားတွေက တရုတ်နိုင်ငံကနေ အခမဲ့ ပို့ဆောင်ပေး မယ်ဆိုပြီး အဆမတန်များပြား လာတဲ့ အွန်လိုင်းဈေးကွက်အတွက် ထိရောက်မှု မရှိဘူးလို့ ထရမ့်နဲ့ ပီတာနာဗာရိုတို့က သုံးသပ် ထားပါတယ်။

အမေရိကန်တို့က တရုတ်နိုင်ငံ အနေနဲ့ မျှတမှုမရှိတဲ့ ကုန်သွယ်ရေး စနစ်တွေကို ကျင့်သုံးနေတယ်လို့ စွပ်စွဲပြီး  အမေရိကန် ဒေါ်လာ ၂၅ဝဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ် အခွန်တိုးမြှင့် ကောက်ခံ ထားပြီးဖြစ်ပါ တယ်။ ဒါ့ပြင် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေနဲ့ တခြား လုပ်ဆောင်ချက် တွေကိုလည်း ချမှတ်လိုက်ပါသေးတယ်။

အမေရိကန်တို့ ဒီလောက်နဲ့ အားမရသေးဘဲ အရေးယူပိတ်ဆို့ခံထားရတဲ့  ရုရှားနိုင်ငံကနေ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနေတဲ့ တရုတ် စစ်ဘက်ဌာန တစ်ခုကို အရေးယူပိတ်ဆို့ခြင်း၊ အမေရိကန်ရွေးကောက်ပွဲတွေကို တရုတ်က ကြားဝင် စွက်ဖက်တယ်လို့ စွပ်စွဲပြီး   တရုတ် (တိုင်ပေ) ကို စစ်လက်နက်ပစ္စည်းတွေ ပိုမို ထောက်ပံ့ခြင်းတို့ကိုလည်း    ပြုလုပ် ထားပါတယ်။

ဒါကြောင့် အခုလိုစာပို့ လုပ်ငန်းသဘောတူ စာချုပ်ကနေ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်ပြီး  မြင့်မားတဲ့ စာပို့နှုန်း ထားသစ်တွေ သီးသန့် ချမှတ်မယ်လို့  ဆိုလိုက်တာက တရုတ်နဲ့ တင်းမာမှုတွေကို ပိုမိုမြင့်တက်လာ စေမှာ ဖြစ်ပါတယ်။

ဒီလို အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်ပွဲ တင်းမာမှုတွေ မြင့်တက်လာမှုက ကမ္ဘာ့စီးပွားရေး အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပြီး အဆိုးဆုံးက သန်းပေါင်းများစွာသော ပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်သွား နိုင်ပါတယ်။

ထရမ့်ကစတင်လိုက်တဲ့ သွင်းကုန်အခွန် တိုးမြှင့် ကောက်ခံမှုက ကမ္ဘာ့နိုင်ငံတွေရဲ့ သွင်းကုန်အခွန်တိုးမြှင့် ကောက်ခံမှု ကို သိသာထင်ရှားစွာ မြင့်တက်လာစေပါတယ်။ ပမာဏအားဖြင့် ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေး တိုးတက်မှုရဲ့ ၁၇ ရာခိုင်နှုန်းခန့်ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုရဲ့ ၁ ဒသမ ၉ရာခိုင်နှုန်း ရှိတယ် လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်တွေက အလုပ်သမားတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ လူမှု အသိုင်းအဝိုင်းတွေ အပေါ် သက်ရောက် လာမှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။    

ဆောင်းပါးရှင် - မင်းခန့်တင်

Read 149 times
Rate this item
(0 votes)
Last modified on Friday, 19 October 2018 10:06