SJ WorldNews - шаблон joomla Авто

ဂျမားခါရှော့ဂျီပျောက်ဆုံးမှုကို ဆော်ဒီအာရေဗျ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

Saturday, 20 October 2018 10:47 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ဂျမားခါရှော့ဂျီ ပျောက်ဆုံးမှုသည် ယခုအခါ တစ်စထက်တစ်စ ရိုက်ခတ်မှုပြင်းထန်လာသည့် အပြင် ဆော်ဒီအစိုးရကို ကျဉ်းထဲကျပ်ထဲသို့ ရောက်ရှိစေခဲ့သည်ကို တွေ့ရသည်။

အဆိုပါသတင်းထောက် ပျောက်ဆုံးနေမှုသည် အမေရိကန်အစိုးရနှင့် မဟာမိတ် ဆက်ဆံရေးကိုပါ ထိခိုက်စေခဲ့သည့်အပြင် မလိုလားအပ်သော  နောက်ဆက်တွဲများပါ ဖြစ်ပေါ်လာစေ၍   ဆော်ဒီအစိုးရသည် ယင်းသတင်းထောက် ပျောက်ဆုံးမှုတွင် ပါဝင် ခဲ့ဖွယ်ရှိသည်ဟု ယူဆရသည့်    အိမ်ရှေ့စံ မင်းသား    မိုဟာမက်ဘင်ဆယ်လ်မန်ကို ဖယ်ရှားပြီး အဆိုပါနေရာနှင့် ထိုက်တန်သူတစ်ဦးကို  ပြန်လည်ခန့်အပ်ရန် လုပ်ဆောင် လာခဲ့ရပြီဖြစ်သည်။

ဆော်ဒီအာဏာပိုင်များသည် မင်းသား မိုဟာမက်၏ နေရာ၌ ၎င်းလောက်ရည်မှန်း ချက်ကြီးမားခြင်း မရှိသည့် မင်းသားခါလစ် ဘင်ဆယ်လ်မန်အား အစားထိုးရန် စီစဉ်နေသည်ကို တွေ့ရသည်။  လက်ရှိတွင်  ခါလစ်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ဒုတိယမြောက် အိမ်ရှေ့စံမင်းသားဖြစ်ပြီး အမေရိကန်နိုင်ငံ ဆိုင်ရာ  ဆော်ဒီသံအမတ်အဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိသည်။

ခါရှော့ဂျီပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပြောဆိုချက်အမျိုးမျိုး ထွက်ပေါ်လျက်ရှိသော်လည်း ယင်းကိစ္စရပ်တွင် ဆော်ဒီအိမ်ရှေ့စံမင်းသားက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အမေရိကန်ထောက်လှမ်းရေး အဖွဲ့များက ထောက်ပြထားကြသည်။

အဆိုပါကိစ္စရပ်ကို စစ်ဆင်ရေးတစ်ရပ်အဖြစ် လုပ်ဆောင်ရန် မင်းသားမိုဟာမက် ကိုယ်တိုင်က  အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေးများက ဆိုသည်။  မူလအစီအစဉ်မှာ   ခါရှော့ဂျီကို တူရကီနိုင်ငံမှ ဖမ်းဆီး၍   ဆော်ဒီအာရေဗျသို့ ပြန်လည်ခေါ်ဆောင် လာစေရန်ဖြစ်သော်လည်း ယခုအခါ ၎င်း၏ကံကြမ္မာကို မည်သူ မှ အတိအကျ မသိရသေးပေ။

ခါရှော့ဂျီသည် အမေရိကန်သတင်းစာကြီးတစ်စောင်ဖြစ်သည့် The Washington Post သတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးအဖြစ်  တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဗာဂျီးနီးယား၌    နေထိုင်သူဖြစ်သည်။ ၎င်းသည်  တူရကီနိုင်ငံသို့ ရောက်ရှိနေစဉ် ၎င်း၏မပြီးပြတ်သေးသည့် အိမ်ထောင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍   လိုအပ်သည့် စာရွက်စာတမ်းများ ရှင်းလင်းရန် အစ္စတန်ဘူမြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ အောက်တိုဘာ ၂  ရက်ကတည်းက ဝင်ရောက် သွားပြီးနောက်   ယင်းအဆောက်အအုံအတွင်းမှ ပြန်မထွက်လာသည့် အချိန်မှသာ ကောင်စစ်ဝန်ရုံးပြင်ပ၌   စောင့်ဆိုင်းနေသည့်  ၎င်း၏အမျိုးသမီး မိတ်ဆွေတစ်ဦးက ရဲတပ်ဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ သတင်းပေးတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါမူ ယင်းအချိန်မှစ၍ ခါရှော့ဂျီ၏ သတင်းမှာ လုံးဝအစအန ပျောက်သွားခြင်းဖြစ်သည်။   ခါရှော့ဂျီက ဆော်ဒီကောင်စစ်ဝန်ရုံး အတွင်းသို့ ဝင်ရောက် နေသည့်ပုံများကို အဆိုပါအဆောက်အအုံ၌ တပ်ဆင်ထားသည့်  CCTV  ကင်မရာမှ တွေ့ရသည်။ ၎င်းပျောက်ဆုံးနေသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ တူရကီအစိုးရက စိုးရိမ် မကင်း ဖြစ်နေသည်ဟု   သမ္မတ   ရီဆပ် တေယစ်အာဒိုဂန်က အစောပိုင်းတွင် ပြောကြားထားသည်။

ထို့ပြင်    ခါရှော့ဂျီပျောက်ဆုံးမှုတွင် ဆော်ဒီနိုင်ငံသား ၁၅ ဦးက အဓိကပါဝင်နေပြီး ၎င်းတို့သည် အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ တာဝန်ပေးချက်အရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟူသော  သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ၎င်းတို့ အနက် ဆော်ဒီတော်ဝင်လေတပ်မှ အသက် ၃၁ နှစ်အရွယ်  ဗိုလ်အဆင့်ရှိ  မာရှယ်ဆာ အက်အယ်ဘော့တာနီ ပါဝင်သည်ဟု တူရကီ အစိုးရက စွပ်စွဲထားသည်။

ခါရှော့ဂျီက ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်သွားချိန်တွင် အဆိုပါကောင်စစ် ဝန်ရုံး အဆောက်အအုံအတွင်း၌ ဘော့တာနီ ရှိနေသည်ဟု တူရကီမီဒီယာများတွင် ဖော်ပြထားပြီး ခါရှော့ဂျီသည် ကောင်စစ်ဝန်ရုံး အဆောက်အအုံအတွင်းမှာပင်    လုပ်ကြံသတ်ဖြတ် ခံခဲ့ရဖွယ်ရှိသည်ဟူသော ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယင်းလုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်က ဖျောက်ဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စတန် ဘူမြို့ရှိ  ဆော်ဒီကောင်စစ်ဝန်ချုပ် မိုဟာမက်အယ်အိုတိုင်ဘီကို     ထပ်မံလုပ်ကြံ သတ်ဖြတ်နိုင်ဖွယ် ရှိသည်ဟု Daily Hurryiet သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ခါရှော့ဂျီသည် ယခင်က ဆော်ဒီအစိုးရ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရကို အတိုက်အခံ ပြောဆိုမှုများကြောင့် နိုင်ငံအတွင်းမှ   အမေ ရိကန်ပြည်ထောင်စုသို့ ထွက်ပြေးကာ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့သူဖြစ်သည်။

၎င်းမပျောက်ဆုံးမီ ဆော်ဒီအာဏာပိုင်အဖွဲ့မှ အရာရှိတချို့က ၎င်းထံသို့ ဖုန်းဆက်ကာ ဆော်ဒီအာရေဗျသို့ပြန်လာရန်   တိုက်တွန်းခဲ့သည့်အပြင်   နိုင်ငံအတွင်းသို့  ပြန်လာ မည်ဆိုပါက ၎င်းအား လုံခြုံရေးအရ အကာအကွယ်ပေး မည်ဟု မက်လုံးပေးပြောဆိုခဲ့ ကြောင်း   ခါရှော့ဂျီနှင့်   ရင်းနှီးသူများက ပြောကြားထားသည်။ သို့ရာတွင် ခါရှော့ဂျီအနေဖြင့် ၎င်းကိုပေးအပ်သည့် ကတိကဝတ်များကို    အယုံအကြည် မရှိသောကြောင့်  ဆော်ဒီအာရေဗျ သို့ပြန်သွားခဲ့ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ခါရှော့ဂျီပျောက်ဆုံးမှုနှင့် စပ်လျဉ်း၍   အမေရိကန်နှင့်ဆော်ဒီ အာရေဗျတို့၏ ဆက်ဆံရေးမှာလည်း တင်းမာလာသည့်အပြင် အဆိုပါဖြစ်ရပ်တွင် ဆော်ဒီအာရေဗျက နောက်ကွယ်မှ ပါဝင်နေမည်ဆိုပါက အမေရိကန်အစိုးရအနေဖြင့် ဆော်ဒီ အပေါ်သို့ တင်းကျပ်သည့် ပိတ်ဆို့မှုများကို ချမှတ်မည်ဟု   ထရမ့်ကခြိမ်းခြောက်ထား သည်ကိုတွေ့ရသည်။

လက်ရှိတွင်  အမေရိကန်အစိုးရအနေဖြင့်  ဆော်ဒီအာရေဗျနှင့် ပြုလုပ်နေသည့် ကာကွယ်ရေးအရ ဆက်ဆံရေးကို လျှော့ချ၍ ယင်းနိုင်ငံသို့ လက်နက်ရောင်းချနေခြင်းအား ရပ်တန့်ရန် ထရမ့်အစိုးရကို အထက်လွှတ်တော် အမတ်များက    တိုက်တွန်းလျက်ရှိ သည်။

ထို့ပြင်ဆော်ဒီအာရေဗျနိုင်ငံသည် ခါရှော့ဂျီကို  ဖမ်းဆီးသတ်ဖြတ်ရန် ကြိုတင် ကြံစည်ထားသောကြောင့် အမေရိကန်အစိုးရ အနေဖြင့် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးကို  ပြန်လည်သုံးသပ်ရန်   အချိန်ရောက်ပြီဟု အထက်လွှတ်တော်အမတ် ခရစ်မာဖီကထရမ့်အား တိုက်တွန်းထားသည်။

အလားတူ အမေရိကန်အစိုးရက ဆော်ဒီ အာရေဗျသို့  လက်နက်ရောင်းချမည့် အစီအစဉ်များကိုလည်း အထက်လွှတ်တော်တွင် မဲခွဲ၍ ကန့်ကွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။သို့သော် သတင်းထောက် ပျောက်ဆုံးမှုသည် ၎င်းတို့နှင့် သက်ဆိုင်မှုမရှိဟု ဆော်ဒီအာရေဗျက  အစောပိုင်းတွင်  ငြင်းဆိုထားသော်လည်း နောက်ပိုင်းတွင် အခြေအနေ အရပ်ရပ်ကို ဆော်ဒီအစိုးရက  သဘောပေါက်လာခဲ့ ဖွယ်ရှိသည်။ ခါရှော့ဂျီသည် ယခုအခါ သတ် ဖြတ်ခြင်း ခံလိုက်ရပြီဟု အမေရိကန်ထောက်လှမ်းရေးများက တထစ်ချယုံကြည်နေသည်ဟု အမေရိကန်သမ္မတ ထရမ့်က အောက် တိုဘာ ၁၉ ရက်တွင် အတည်ပြုထားသည်။

ထရမ့်၏ အဆိုပါအတည်ပြုချက်သည် အမေရိကန် - ဆော်ဒီအာရေဗျ မဟာမိတ် ဆက်ဆံရေးကို များစွာထိခိုက်စေပြီး ဆော်ဒီအာရေဗျအနေဖြင့်  အရှေ့အလယ်ပိုင်း၌ အမေရိကန်က ထောက်ခံသည့် အာရပ်နိုင်ငံကြီး တစ်နိုင်ငံအဖြစ်မှ   လျော့ကျစေမည့် အလားအလာရှိသောကြောင့်   ခါရှော့ဂျီ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအစိုးရအနေဖြင့် မည်သို့မည်ပုံ ဆက်လက်ကိုင်တွယ် ဖြေရှင်းမည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည်ဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရ ပါသည်။  

ဇေယျဘုန်း

Read 146 times
Rate this item
(0 votes)
Last modified on Saturday, 20 October 2018 10:48

Latest from ကေတု