SJ WorldNews - шаблон joomla Авто

INF မှ အမေရိကန် နုတ်ထွက်မှု ကမ္ဘာ့နိုင်ငံများကြား စစ်လက်နက်ပစ္စည်း ယှဉ်ပြိုင်မှုဆီသို့ ဦးတည်လာနိုင်

Monday, 22 October 2018 10:08 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ ရဲ့သမ္မတသက်တမ်းတစ်ဝက်မှာပဲ သဘောတူ စာချုပ်အတော် များများ ကနေ နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုနုတ်ထွက်ခဲ့မှုတွေကြောင့်လည်း တည်ငြိမ်နေတဲ့ ကမ္ဘာကြီးရဲ့ အစီအစဉ် တကျတည်ရှိမှုတွေက ယိုယွင်း ပျက်စီးခဲ့ရပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ  တင်းမာမှုတွေလည်း မြင့်တက်ခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာလည်း ရုရှားနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့  တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ သဘောတူစာချုပ် (INF) ကနေ နုတ်ထွက်မယ်လို့  ထရမ့်က ပြောလာပါတယ်။  ဒီလို လုပ်ဆောင်ရခြင်းက ပစိဖိတ်ဒေသ အတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား တည်ဆောက်မှုကို တုံ့ပြန်နိုင်ဖို့ တစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့လည်း   အမေရိကန် တာဝန်ရှိ သူတွေနဲ့ သံတမန်တွေကဆိုပါတယ်။

တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့သဘော တူစာချုပ်ဆိုတာက အမေရိကန်ပြည်ထောင်စု နဲ့ ရုရှားတို့ကြား ၁၉၈၇ ခုနှစ်မှာ လက်မှတ်ရေး ထိုးထားတဲ့ စစ်လက်နက်ပစ္စည်းထိန်းချုပ်ရေး သဘောတူစာချုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ပြင် စစ်အေးတိုက်ပွဲ တင်းမာမှုတွေကို ပြေလျော့ စေခဲ့တဲ့ သဘောတူစာချုပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီသဘောတူစာချုပ်က ၅ဝဝ ကီလိုမီတာ ကနေ ၁ဝဝဝ  ကီလိုမီတာကြား (တာတို) နဲ့ ၁ဝဝဝ ကီလိုမီတာကနေ ၅၅ဝဝ ကီလို မီတာကြား  (တာလတ်)  ပစ်ခတ်နိုင်တဲ့နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေနဲ့ သမားရိုးကျ ဒုံးကျည်တွေ အပြင်    ဒုံးပစ် လောင်ချာတွေအားလုံး   ဖြန့်ကြက်မှုကို တားမြစ်ထားပြီး ဒီလက်နက်တွေကို ဖျက်သိမ်း ရမှာဖြစ် ပါတယ်။  ဒါပေမဲ့  ဒီစာချုပ်ထဲမှာ ရေပြင်နဲ့ဝေဟင် အခြေပြုပစ်ခတ်နိုင်တဲ့ ဒုံး ကျည်တွေ မပါဝင်ပါဘူး။ ၁၉၉၁ ခုနှစ် မေလ မှာတော့ နှစ်ဖက်စလုံးက ဒုံးကျည် စုစုပေါင်း ၂၆၉၂ စင်း ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်စစ်ဆေး မှုကို ၁ဝ နှစ်ကြာလုပ်ဆောင်ခဲ့ပါတယ်။

အခုနုတ်ထွက်မှု အတွက် ထရမ့်ရဲ့ ပြောဆို မှုကတော့ ရုရှားနိုင်ငံက (INF) ကိုအကြိမ်ကြိမ် ချိုးဖောက်မှု တွေရှိနေတယ် ဆိုပြီး အကြောင်း ပြထားပါတယ်။ ရုရှားနိုင်ငံက တခြားနိုင်ငံ တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်နိုင်ဖို့ ၂ဝ၁၄ ခုနှစ်ကစပြီး ဒီသဘောတူစာချုပ်ကို  ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့လည်းဆိုပါ တယ်။

ရုရှားကို  (INF)  သဘောတူစာချုပ်ချိုး ဖောက်တယ်လို့အမေရိကန်ဘက်က  စွပ်စွဲ ရတာက အလွယ်တကူ ရွှေ့ပြောင်းပြီး ၅၅ဝဝ ကီလိုမီတာအထိ ပစ်ခတ်နိုင်တဲ့ SS-20 ဒုံး ကျည်တွေကို ဖြန့်ကြက် လာလို့ဖြစ်ပါတယ်။ ဒီဒုံးကျည်တွေက  နျူကလီးယားထိပ်ဖူး သုံးလုံးကို သယ်ဆောင်နိုင်ပါတယ်။ ဒုံးပစ် လောင်ချာအပေါ်မှာ ဒေါင်လိုက် ထောင်ထား မယ်ဆိုရင် ဒုံးကျည်ရဲ့အမြင့်က ငါးထပ်တိုက် ထက်ပိုမြင့်ပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်တွေကို ရုရှား ဘက်က ငြင်းဆိုထားပါတယ်။

နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံက ပစိဖိတ်အနောက်ပိုင်းမှာစစ် အင်အားအခိုင်အမာ တည်ဆောက်လာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံက SS-20 ကို လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့ဝင် နိုင်ငံမဟုတ် တာကြောင့် မိုင်ပေါင်းထောင်ချီ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေကို အကန့်အသတ် မရှိ ထုတ်လုပ်လာနေပါတယ်။  ဒါပေမဲ့  တရုတ်ရဲ့ စစ်အင်အား တည်ဆောက်မှုတွေကို တုံ့ပြန် နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက INF အရ အဆင့်မြင့်ဒုံးကျည်တွေကို တိုးပြီးထုတ်လုပ်ခွင့် မရှိပါဘူး။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက ဒီစာချုပ်ကနေနုတ်ထွက်ဖို့ တရားဝင်ဆုံးဖြတ် ချက်မချရသေးပါဘူး။   ဒါပေမဲ့  လာမယ့် သီတင်းပတ်အတွင်းမှာ ဒီလိုဆုံးဖြတ်ချက်ချ မှုကို ထရမ့်က လက်မှတ်ရေးထိုးနိုင်ပါတယ်။ အခုလို  စစ်လက်နက် ပစ္စည်း ထိန်းချုပ်ရေး သဘောတူစာချုပ်ကနေ နုတ်ထွက်ခြင်းက ထရမ့်အတွက် ပထမဆုံးအကြိမ်ဖြစ် ပါတယ်။

ဒါပေမဲ့ ဒီစာချုပ်ကနေ နုတ်ထွက်သွားမယ် လို့ ထရမ့်ကအတည်ပြုပြောလိုက်တာကြောင့် အခုချိန်မှာ INF က  သုံးလို့ မရတော့တဲ့ စက္ကူတစ်ရွက် သာသာဖြစ်သွားပါပြီ။ ဒီလိုဖြစ် လာမှုအတွက် တစ်ခုတည်းသောစိုးရိမ်စရာ ကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့ကြား  စစ်အေးကာလကဲ့သို့  လုပ် ဆောင်မှုတွေ တိုးမြင့်လာမှာလား၊ တစ်နည်း အားဖြင့် စစ်လက်နက်ပစ္စည်း ယှဉ်ပြိုင်မှုဆီဦးတည် သွားမှာလား ဆိုတဲ့  မေးခွန်းပဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့NATO တပ် ဖွဲ့တို့က  ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတွေနဲ့   ရုရှားနိုင်ငံနယ်စပ်တို့ အနီးမှာ စစ်အင်အား တိုးမြှင့်ဖြန့်ကြက်မှုတွေလုပ် ဆောင်လာပါတယ်။   ရုရှားဘက်ကလည်း ဒါကို  ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့  ဥရောပ ဒေသမှာဗုံးကြဲလေယာဉ်တွေ ပျံသန်းမှုနဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။

တရုတ်နဲ့  အမေရိကန် ပြည်ထောင်စုတို့ ကလည်း တောင်တရုတ်ပင်လယ်အရေးကိစ္စ အပြင် ကုန်သွယ်ရေးစစ်ပွဲ ကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။ အမေရိကန်ဘက်က တောင်တရုတ်ပင်လယ် အတွင်း ပုံမှန်ရေကြောင်းကင်းလှည့်မှုတွေ လုပ်တယ်ဆိုပြီး တရုတ်နိုင်ငံပိုင်လို့ပြောထား တဲ့ကျွန်းတွေ အနီးကနေ ဖြတ်သန်း သွားလာ နေပါတယ်။ ဒါ့ပြင် ဂူအမ်ကျွန်းက ဗုံးကြဲ လေယာဉ်တွေကလည်း စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ် တစ်ပိုင်း အနေနဲ့   တောင်တရုတ် ပင်လယ်အတွင်းမှာ ပျံသန်းမှုတွေ လုပ်လာပါ တယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက ပြိုင်ဘက်နိုင်ငံတွေကို  တုံ့ပြန်နိုင်ဖို့  နျူကလီးယား လက်နက်တွေ တိုးမြှင့် ထုတ်လုပ် နေဆဲဖြစ်ပါတယ်။  ဒီလိုတိုးမြှင့်ထုတ်လုပ်မှု က နှစ်ပေါင်းများစွာကြာမြင့်ဦးမှာကြောင့် လက်ရှိ အသုံးပြု နေတဲ့ စစ်လက်နက်ပစ္စည်း တွေကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။ အဆင့်မြှင့်တင်မယ့်   လက်နက်တွေထဲမှာ နျူကလီးယားဒုံးကျည် မဟုတ်တဲ့ တိုမာဟော့ ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ဒီဒုံးကျည် တွေကို  အာရှဒေသမှာ  ပထမဆုံး အနေနဲ့ ဖြန့်ကြက်နိုင်ဖွယ် ရှိပါတယ်။ ဖြန့်ကြက်နိုင် တဲ့နေရာတွေကတော့ ဂျပန်နိုင်ငံနဲ့ ဂူအမ် ကျွန်းတို့ဖြစ် ပါတယ်။

အမေရိကန် ပြည်ထောင်စုက တိုမာဟော့ ဒုံးကျည်တွေကို အဆင့်မြှင့်တင်ရာမှာ မြေပြင် အခြေပြုပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေအဖြစ် အဆင့်မြှင့်တင်နိုင်ပါတယ်။ လက်ရှိမှာ သမားရိုးကျ ထိပ်ဖူးတပ် တိုမာဟော့ ဒုံးကျည်တွေကို   စစ်သင်္ဘောနဲ့ ရေငုပ် သင်္ဘောတွေမှာ တပ်ဆင် ပစ်ခတ်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အချိန်မှာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ် နိုင်ဖို့ အဆင့်မြှင့်တင် သွားနိုင်ပါတယ်။ ဒါက လည်း အမေရိကန်က INF ကနေ နုတ်ထွက် ရခြင်းရဲ့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းဖြစ် နိုင်ပါတယ်။

အမေရိကန်ရဲ့ INF ကနေ အခုလိုနုတ် ထွက်မှုက ရုရှားနဲ့ချုပ်ဆိုထားတဲ့ စစ်လက်နက် ပစ္စည်းထိန်းချုပ်ရေး သဘောတူ စာချုပ်တွေ ကနေ ဒုတိယမြောက်နုတ်ထွက်မှုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ၂ဝဝ၂ခုနှစ်မှာ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စနစ်ထိန်း ချုပ်မှု သဘောတူစာချုပ်ကနေ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီလိုနုတ်ထွက်တဲ့အချိန်မှာ ဖြစ်ပေါ်လာ တဲ့အကျိုးဆက်ကတော့ ဒုံးကျည်ကာကွယ် ရေးစနစ်တွေကို အပြိုင်အဆိုင် တိုးမြှင့် ထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်  ငွေ ကြေးအင်အားတတ်နိုင်တဲ့  နိုင်ငံတိုင်းလိုလို အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ပိုင်ဆိုင်လာတာတွေ့ရပါတယ်။ သာမန်အား ဖြင့် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ခံစစ်သုံး လက်နက်အဖြစ်   အသုံးပြုတာဖြစ်ပေမယ့်   အချိန်မရွေး တိုက်စစ်သုံးလက်နက် အဖြစ် အသုံးပြုနိုင်ပါတယ်။

''အခုလို INF သဘောတူ စာချုပ်ပျက်စီး သွားခြင်းက  ဥရောပနဲ့ဘယ်နေရာမှာမဆို စစ်လက်နက်ပစ္စည်း ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့က တန်ပြန်ဖြန့်ကြက်ရာမှာ ယှဉ်ပြိုင် နိုင်ဖို့ စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့် ထုတ်လုပ်လာတော့မှာဖြစ်ပါတယ်''လို့ အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ ချုပ်မှ နျူကလီးယား သတင်းအချက်အလက် စီမံကိန်းညွှန်ကြားရေးမှူး ဟန်ခရစ္စတန်ဆန်က ပြောပါတယ်။ ဒါ့ပြင် တည်ငြိမ်နေတဲ့ ဥရောပကို အနည်ထစေမယ်လို့ အိုဘားမား အစိုးရလက်ထက် အမျိုးသား လုံခြုံရေးကောင်စီရဲ့ နျူက လီးယား ကျွမ်းကျင် ပညာရှင် ဂျွန်ဝု စသယ်က သတိပေးထားပါတယ်။

ဒါကြောင့် INF ကနေ အမေရိကန်နုတ် ထွက်မှုက နောက်ထပ်စစ်အေးကာလတစ်ခု ဆီ ဦးတည်သွားနိုင်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား  စစ်လက်နက်ပစ္စည်းအပြိုင် အဆိုင်တပ်ဆင်ထုတ်လုပ်မှုတွေ လုပ်ဆောင် လာတော့ မှာဖြစ်ကြောင်း  ရေးသားတင်ပြ လိုက်ရပါတယ်။   

ဆောင်းပါးရှင်- မင်းခန့်တင်

Read 372 times
Rate this item
(0 votes)
Last modified on Monday, 22 October 2018 10:11