SJ WorldNews - шаблон joomla Авто

မာရာဝီမြို့လို မဖြစ်အောင် အာဆီယံနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရမည်

Thursday, 25 October 2018 09:34 Written by  font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်အစိုးရအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ သမ္မတဒူတာတေကို စစ်အုပ်ချုပ်ရေးအမိန့်က ပြဋ္ဌာန်းထားဆဲ ဖြစ်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုရင် မာရာဝီမြို့မှာ IS အဖွဲ့နဲ့ဆက်နွှယ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှု အပြည့်အဝ ရှိနေသေးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှဒေသအတွင်း အကြမ်းဖက်မှုကို တိုက်ခိုက်ချေမှုန်းရာမှာ အောင်မြင်မှုရဖို့ဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ မဖြစ်မနေ လိုအပ်မှာဖြစ်ပါတယ်။

မာရာဝီမြို့ တိုက်ခိုက်ခံရတဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လုပ်ဆောင်စရာ ရှိတာတွေကို အလျင်အမြန် လုပ်ဆောင်သွားတာတွေ့ရပါတယ်။ စင်ကာပူနိုင်ငံဆိုရင် မာရာဝီမြို့ကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပထမဆုံး ပေးအပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း အကြမ်းဖက်သမားတွေ မဝင်လာနိုင်အောင် သုံးနိုင်ငံ ပူးတွဲနယ်စပ် ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မာရာဝီမြို့ အကြမ်းဖက်သမားတွေ လက်အောက် ကျရောက်သွားချိန်မှာလည်း သူတို့ကို ချေမှုန်းဖို့အတွက် အာဆီယံနိုင်ငံတွေက သတင်းအချက်အလက်တွေ မျှဝေပြီး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ အာဆီယံကာကွယ်ရေး ဝန်ကြီးတွေက OurEyesဆိုတဲ့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးမှုတွေ စတင်နေပါပြီ။ ဒီလုပ်ငန်းကဆိုရင် ကိစ္စရပ်တစ်ခု မဖြစ်ပေါ်မီမှာ တပ်မတော်အချင်းချင်း ထောက်လှမ်းရေး အချက်အလက်တွေကို မျှဝေသွားနိုင်ရေး လုပ်ဆောင်မယ့် လုပ်ငန်းပဲဖြစ်ပါတယ်။

ဖိလစ်ပိုင်တပ်မတော်ရဲ့ သတင်းအချက်အလက် စစ်ဆင်ရေးကဆိုရင် စစ်ဘက်ရဲ့ မာရာဝီမြို့သိမ်း တိုက်ပွဲကို အောင်မြင်အောင် တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးခဲ့ပါတယ်။ အဓိကကျတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေ၊ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အကြမ်းဖက်သမားတွေကို စနစ်တကျ ချေမှုန်းနိုင်စေခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ဝါဒဖြန့်ချိမှုတွေကို အွန်လိုင်းမှာ တင်ခွင့်မရအောင် လုပ်ဆောင်ခဲ့တာကလည်း  IS အဖွဲ့နဲ့ဆက်နွှယ်တဲ့ စစ်သွေးကြွ အဖွဲ့တွေရဲ့ သတင်းအချက်အလက် နယ်ပယ်ကိုထိန်းချုပ်မှုကိုလည်း ဟန့်တားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်တပ်မတော်က မာရာဝီမြို့မှာရှိတဲ့ မော့စ်စစ်သွေးကြွတွေနဲ့ IS အဖွဲ့နဲ့ဆက်နွှယ်တဲ့ တခြားစစ်သွေးကြွအဖွဲ့တွေကို ချေမှုန်းလိုက်နိုင်တာက မာရာဝီမြို့ ပြန်လည်တည်ဆောက်ရေးအတွက် ပထမအဆင့်ပဲ ရှိပါသေးတယ်။

တစ်ချိန်က စီးပွားရေးဖွံ့ဖြိုး တိုးတက်ခဲ့တဲ့ မာရာဝီမြို့က အခုဆိုရင် အကြမ်းဖက်သမားတွေကြောင့် အပျက်အစီး အပိုင်းအစတွေအောက်ကို ရောက်ရှိနေ ဆဲ ဖြစ်ပါတယ်။ ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးမှုကလည်း မာရာဝီမြို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပါတယ်။

နိုင်ငံတွေကြားနှစ်ခြမ်းကွဲမှုက IS နဲ့ အယ်လ်ကိုင်ဒါလိုမျိုး နာမည်ကျော် အကြမ်းဖက် အဖွဲ့အစည်းတွေကို ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးက အာဆီယံ ဒေသမှာ သိသာထင်ရှားစွာ ဖြစ်ပေါ် လာတာကို တွေ့ရပါတယ်။ လက်ရှိအာဆီယံဒေသက ဆိုရင် ဂိုဏ်းဂဏကွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆူပူအကြမ်းဖက်မှုတွေကို အဆက်မပြတ် ရင်ဆိုင်နေရပါတယ်။ အာရှလူငယ်တွေက ဆိုရင်လည်း အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လူသစ်စုဆောင်းခြင်းကို ခံနေရပါတယ်။

ဒီအချိန်မှာ အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံဇာတ်တွေကို တုံ့ပြန်ခြင်းထက် လုံခြုံမှုအဆင့်အတန်း ကန့်သတ်ထားခြင်း မရှိတဲ့ စာပေတွေနဲ့ ပြည်သူတွေကြား အသိပညာပေးခြင်းတို့ကို အကောင်အထည်ဖော်တာက အကြမ်းဖက် ဝါဒကို တွန်းလှန်ဖို့ အကောင်းဆုံးဖြစ်တယ်ဆိုတာ အများစုက လက်ခံလာကြပြီဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေက ဆိုရင် အကြမ်းဖက်ဝါဒ ချေမှုန်းရေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ရာမှာ တစ်ဖက်စောင်းနင်းဖြစ်လွန်းနေပါတယ်။ ဒါကိုညီမျှအောင် လုပ်ဖို့အတွက် နည်းလမ်းတစ်ခုက နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့ လုပ်နိုင်စွမ်းကွာဟမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်ဝါဒ ချေမှုန်းရေး စာတမ်းဖတ်ပွဲလိုမျိုး အခမ်းအနားတွေမှာ သင်ခန်းစာတွေကိုမျှဝေခြင်းဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ ဆင်းရဲဒုက္ခ တွေကိုကြံ့ကြံ့ခံနိုင်ပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ဖော်ဆောင်နေချိန်မှာ နိုင်ငံတွေကလည်း အကြမ်းဖက်မှုကို ချေမှုန်းဖို့အတွက် ပူးတွဲလုပ်ဆောင်မှုတွေ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံအဖွဲ့က နှစ်ပေါင်းများစွာကြာ လုပ်ဆောင်နေတဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ သံခင်းတမန်ခင်း ဆောင်ရွက်ချက်တွေဆိုရင် အကြမ်းဖက်ဝါဒ ချေမှုန်းရေးအတွက် မလိုအပ်တဲ့ ဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ်။

နိုင်ငံပေါင်းစုံပါဝင်တဲ့ လုံခြုံရေးယန္တရား တည်ဆောက်မှုက အရှေ့တောင်အာရှဒေသအတွင်း အကြမ်းဖက်ဝါဒကို လုံးဝရှင်းလင်းစေဖို့ ပထမဆုံး လုပ်ဆောင်ရမယ့် အရာပဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ တစ်နိုင်ငံချင်းစီ ကြည့်မယ်ဆိုရင်တော့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေရှိပြီး အဲဒီထဲမှာလည်း နိုင်ငံတော်အဆင့် ဒါမှမဟုတ် နိုင်ငံတော်အဆင့် မဟုတ်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုက တစ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို ကျန်တစ်နိုင်ငံကို ဝေမျှပေးဖို့ဖြစ်ပါတယ်။IS စစ်သွေးကြွလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းတွေက အဆက်မပြတ် ပေါ်ထွက်လာနေတာဖြစ်ပါတယ်။

သူတို့က ထွက်ပေါ်လာတဲ့ နည်းပညာတွေကိုအသုံးချပြီး တရားမဝင်တဲ့ ကိုယ်ပိုင်ကွန်ရက်တွေကို အသုံးချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ နိုင်ငံတွေနဲ့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ နည်းပညာ ကုမ္ပဏီတွေ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

မာရာဝီမြို့မှာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကဆိုရင် တာဝန်ရှိသူတွေအနေနဲ့ အကြမ်းဖက်ဝါဒ ချေမှုန်းမှုကို စနစ်တကျ ကိုင်တွယ်ခြင်း မရှိတာကြောင့် ဖြစ်ပေါ်လာရတယ်ဆိုတာကိုပြသနေတဲ့ ဥပမာတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဒေသတွင်းနဲ့ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့သော် လည်းကောင်း၊ နိုင်ငံအချင်းချင်းသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး သတင်းအချက်အလက်တွေ မျှဝေခြင်း၊ အောင်မြင်မှုရရှိနေတဲ့ အကြမ်းဖက်မှု ချေမှုန်းရေး နည်းစနစ်တွေကို ပြန်လည်လက်ဆင့်ကမ်းခြင်း တို့လိုမျိုး ဆောင်ရွက်ချက်တွေကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။ ။

မင်းခန့်တင်

Read 157 times
Rate this item
(0 votes)
Last modified on Thursday, 25 October 2018 09:35