SJ WorldNews - шаблон joomla Авто

နျူကလီးယား ရေငုပ်သင်္ဘော အင်အားနှင့်နည်းပညာ တိုးတက်ရေးကို ကြိုးပမ်း လုပ်ဆောင်မည့် တရုတ်

Saturday, 27 October 2018 14:59 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည်  တခြားနိုင်ငံများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုပါက ၄င်းတို့တွင် လက်ရှိ ပိုင်ဆိုင်ထားသည့်  ရေငုပ်သင်္ဘောများ၏  စွမ်းဆောင်ရည်မှာ လုံလောက်မှု မရှိဟုဆိုသော စိုးရိမ်မှုကြောင့်  ၄င်းတို့၏ နျူကလီးယား ဒုံးကျည်တပ်   ရေငုပ် သင်္ဘော အရေအတွက် တိုးမြှင့်ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံ၏ အဓိကစိုးရိမ်မှုသည် ဒုံးကျည် ကာကွယ်ရေး စနစ်များနှင့် သမားရိုး ကျပစ်မှတ်ကို  တိကျစွာ ပစ်ခတ်နိုင်သည့် လက်နက်များ ကဲ့သို့သော   နျူကလီးယား မဟုတ်သည့် နည်းပညာများမှ ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှုများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။တစ်နည်းအားဖြင့် ဆိုရပါမူ တခြားနိုင်ငံများက ပိုင်ဆိုင်ထားသည့် လက်နက်စနစ်များသည် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများ အသုံးပြုထားသော  လက်နက်စနစ်များ ဖြစ်သောကြောင့် အကယ်၍  ယင်းလက်နက် များဖြင့် လက်ဦးမှု ယူကာ တိုက်ခိုက်လာမည် ဆိုပါက တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်များကိုပင်  ခြိမ်းခြောက် လာနိုင်သည်ဟု   တရုတ်စစ်ဘက် ကျွမ်းကျင်သူများ က ရှုမြင်ထားသည် ဟုဆိုနိုင်သည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက် များထက် ပိုမို အစွမ်းထက်မြက်သည့် နျူကလီးယား လက်နက်များကို  ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ အဆိုပါ စိုးရိမ်မှုသည် အမေရိကန်ပြည် ထောင်စုအနေဖြင့်  တရုတ်နိုင်ငံထက် ပိုမို သာလွန် ကောင်းမွန်သည့်  နည်းပညာများ ကို ပိုင်ဆိုင်ထားပြီး အကယ်၍ အမေရိကန် အစိုးရက ဆန္ဒရှိပါက တရုတ်ကို အလွယ် တကူပင် ချေမှုန်း ပစ်နိုင်စွမ်းရှိသည်ဟု အမေရိကန်သုတေသီများက ပြောကြား ခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ကာနက်ဂျီ ဆင်ဟွာ ကမ္ဘာ့လုံခြုံရေး စင်တာမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် တုန်းကျောင် ကပြောကြားထားသည်။

အမေရိကန်သုတေသီများ၏  ပြောဆို  သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် နည်းပညာပိုမိုသာလွန်မှု ရှိပြီး အမျိုးအစားအများအပြားကွဲပြားသည့် နျူကလီးယားတပ်ဖွဲ့ကို  ဖွဲ့စည်းနိုင်ရေး အတွက် စိတ်အားထက်သန်လာခဲ့သည်ဟု တုန်းကျောင်က ဆက်လက်ပြောကြားသည်။

ထို့ပြင်  အမေရိကန်ပြည်ထောင်စုက ရုရှား(ယခင်ဆိုဗီယက်ပြည်ထောင်စု)နှင့် နှစ်ပေါင်း များစွာကြာ လက်မှတ်ရေးထိုးထားသည့်  နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့ခြင်းသည် အမေရိကန်အစိုးရက ရုရှားထက် တရုတ်နိုင်ငံ၏ ကြီးထွားလာသည့် အင်အားကို တန်ပြန်ရန်ရည် ရွယ်သည်ဟူသော သုံးသပ်ချက်များ ကြောင့် တရုတ်နိုင်ငံ၏ စိုးရိမ်စိတ်ကို  ပိုမိုကြီးထွားလာစေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ သည် ယခင်က ကမ္ဘာပေါ်၌   တာလတ်ပစ် ခရုစ်ဒုံးကျည်အများအပြားကို ပိုင်ဆိုင်ထားသည့် နိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြသော် လည်း ယခုအခါ တရုတ်နိုင်ငံသည် အဆိုပါ ဒုံးကျည် အများအပြားကို ပိုင်ဆိုင် လာခဲ့သည့် အပြင် ယင်းဒုံးကျည်များကို  လိုအပ်သလို ရွှေ့ပြောင်းနိုင်ခြင်းအပေါ်  အမေရိကန်က နေမထိ ထိုင်မသာဖြစ်လျက် ရှိသည်ဟု သုံးသပ်သူများက ဆိုထား သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် အထူးသဖြင့် တောင် တရုတ်ပင်လယ်အရေးတွင်  အမေရိကန် ပြည်ထောင်စုနှင့် မကြာခဏဆိုသလို တင်းမာလျက်ရှိပြီး   အမေရိကန်အစိုးရ၏ တရုတ် (တိုင်ပေ)ဘက်သို့ စစ်လက်နက်များ ရောင်းချနေခြင်းအပေါ်  များစွာ စိတ်မချမ်းမသာ ဖြစ်လျက်ရှိသည်။   ထို့ပြင်   လွတ်လပ်စွာ ရေကြောင်းသွားလာရေးကို  ကာကွယ်ရန် ဟူသော  အကြောင်းပြချက်များဖြင့် တောင် တရုတ်ပင်လယ်အတွင်းရှိ တရုတ်က  ၄င်းတို့ ပိုင်အဖြစ် တစ်ဖက်သတ် ကြေညာထားသော ရေပိုင်နက်အနီးမှ အမေရိကန် စစ်သင်္ဘောများကို မောင်းနှင်စေခြင်းနှင့် ပတ်သက်၍လည်း နှစ်ဦး နှစ်ဖက်ကြား  မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို  တွေ့ရမည်ဖြစ် သည်။

အလားတူ တရုတ်နှင့် အမေရိကန်ပြည် ထောင်စုတို့သည်  တောင်တရုတ်ပင်လယ် အရေးတွင် သာမက ယခုအခါ ကုန်သွယ်ရေးတွင်ပါ တင်းမာလျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် စိုးရိမ် မည်ဆိုပါက စိုးရိမ် စရာပင်ဖြစ်သည်။    နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲသည် ယခုအခါ ပိုမိုအရှိန် မြင့်တက်လာသည်ဟု ဆိုနိုင်သည့်  အခြေအနေသို့ ရောက်ရှိလာပြီး နှစ်နိုင်ငံစလုံး အနေဖြင့် ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်နေသော  သဘောထား ကွဲလွဲမှုများကို တွေ့ဆုံ ဆွေးနွေး ဖြေရှင်းမည်ဟု  ဆိုထားကြသော်လည်း ကုန်သွယ်ရေး စစ်ပွဲတွင် မည်သည့် ဘက်မှ အလျှော့ပေးမည့် အလားအလာ မရှိပေ။ နှစ်နိုင်ငံစလုံးက ၄င်းတို့၏ အမျိုးသား အကျိုးစီးပွားကို သာရှေးရှု၍  လုပ်ဆောင် လျက်ရှိသည်ဟု ဆိုနိုင်သောကြောင့်    ယင်း ကုန်သွယ်ရေးစစ်ပွဲသည်  မကြာမီ  အနာဂတ်တွင်  အဆုံးသတ်မည့် အလားအလာ နည်းပါးနေသည်။

တစ်ချိန်တည်းမှာပင်   တရုတ်အစိုးရ အနေဖြင့် နျူကလီးယားရေငုပ်သင်္ဘောများ ကို   တိုးမြှင့် ထုတ်လုပ်ရန် ဆန္ဒရှိနေသည်။ သို့ရာတွင်  ရေငုပ်သင်္ဘောအရေအတွက် မည်မျှ ထပ်မံ တိုးမြှင့်မည်ကို အတိအကျ မသိရသေးသော်လည်း အချိန်မရွေးဖြန့်ကြက် နိုင်သည့် ရေငုပ်သင်္ဘော အနည်းဆုံးတစ်စင်းကို   ထပ်မံဖြည့်တင်းသွားနိုင်သည်ဟုဆို နိုင်ပြီး တခြားရေငုပ်သင်္ဘောများကို  ပုံမှန် မွမ်းမံမှုများလုပ်ဆောင်မည်ဟု ကာနက်ဂျီ-ဆင်ဟွာ ကမ္ဘာ့လုံခြုံရေးစင်တာမှ ထုတ်ပြန် သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

အကယ်၍ တရုတ်အစိုးရအနေဖြင့် နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ပင်လယ် ပြင်၌ ဖြန့်ကြက်ရန်ဆန္ဒရှိမည်ဆိုပါက အနည်းဆုံး  ရေငုပ်သင်္ဘောရှစ်စင်းကို ထပ်မံဖြည့် တင်းမည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။ တရုတ်နိုင်ငံသည်  လက်ရှိတွင် မြေပြင်အခြေပြု နျူကလီးယားထိပ်ဖူး ၁၈၆ ခုကို ပိုင်ဆိုင်ထားဖွယ်ရှိပြီး ၄င်းတို့၏မြေပြင် အခြေပြုဒုံးကျည်များသည် နျူကလီးယား တားဆီးရေးအတွက် အရေးပါသည့်အစိတ် အပိုင်းအဖြစ် ပါဝင်လျက်ရှိသည်။

အကယ်၍ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များနှင့်အမျိုးအစားတူဒုံးကျည်များကို ၄င်းတို့၏  ရေငုပ်သင်္ဘောများအတွက် အသုံးပြုမည်ဆိုပါက  လက်ရှိပိုင်ဆိုင်ထား သည့် မြေပြင် အခြေပြုဒုံးကျည်များ၏ စွမ်းဆောင်ရည် လျော့ပါးစေမည့်အဖြစ်မျိုးကို တရုတ် အစိုးရ အနေဖြင့်   လုပ်ဆောင်ရန် ခဲယဉ်းသည့်အနေအထားတွင်ရှိနေသည်။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန်ပြည် ထောင်စုအနေဖြင့် ရုရှားနှင့်လက်မှတ်ရေး ထိုးထားသည့် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်မည်ဟုပြောဆိုသည့် စကားလုံးများတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့အတွက် စိန်ခေါ်မှုဟုယူဆနိုင်သည့်  အသုံးအနှုန်းများ ပါဝင်နေပြီး  ယင်းနိုင်ငံများ အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့်    ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိဟူသော  ပြောဆိုချက်များပါ  ပါဝင်နေခြင်းကြောင့်  တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏   နျူကလီးယား ရေငုပ် သင်္ဘော အင်အားကို အနှေးနှင့် အမြန်တိုးမြှင့်ရန် လုပ်ဆောင်မည့်အပြင်  နည်းပညာတိုး တက်ရေးကိုလည်း တစ်ပြိုင်နက်တည်းလုပ် ဆောင်မည်ဟု   သုံးသပ်တင်ပြလိုက်ရပါ သည်။                       

ဇေယျဘုန်း

Ref: Sputnik

Read 134 times
Rate this item
(0 votes)