SJ WorldNews - шаблон joomla Авто

ဥရောပကို တရုတ်တို့ အမှန်တကယ် လွှမ်းမိုးနိုင်မှာလား

Friday, 16 November 2018 11:57 Written by  font size decrease font size decrease font size increase font size increase font size

ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန် ဦးဆောင်ပြီး  ဥရောပ၌ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး)ကို ဖွဲ့စည်းလိုက်သည်။  ယင်းအဖွဲ့ကို  ဖွဲ့စည်းလိုက်သည့် ရည်ရွယ် ချက်မှာ ဥရောပသို့ ရုရှားတို့ ကျူးကျော်မှု ရောက်ရှိမလာစေရန်ဟု  အမေရိကန်ကဆို သော်လည်း  တကယ်တမ်း လက်တွေ့တွင် အမေရိကန်တို့က ဥရောပကို ထိန်းချုပ်ကာ ၎င်း၏သြဇာ သက်ရောက်စေရန်ဖြစ်သည်။

ထိုအချိန်က ဥရောပသည် အမေရိကန်၏ ကြိုးဆွဲရာကခဲ့ရသည့် ရုပ်သေးရုပ်သာသာ ဖြစ်သည့်အတွက် အမေရိကန်တို့ စိုးမိုးနိုင်ခဲ့သည်။ နောက်ဆုံး ဗြိတိန်ဘုရင်မကြီးကိုပင်  အမေရိကန်ဒုတိယသမ္မတ တစ်ဦး၏သြဇာနှင့် ညီမျှသည်ဟု  အမေရိကန်တို့က ကြွေးကြော်ခဲ့သေးသည်။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် အမေရိကန်တို့ အာဏာ စက်ကွင်း မည်မျှအထိ အင်အားကြီးသည်ကို သိနိုင်ပေသည်။

ထို့ပြင်  ဥရောပတွင်  အမေရိကန်တို့ နေတိုးနှင့် မသက်ဆိုင်သော ဒုံးခွင်းဒုံးစနစ်များကို သီးသန့်ချထားခဲ့ကြပြန်ကာ နေတိုးကို ကျောထောက်နောက်ခံပေးရန် အဆင်သင့် ဖြစ်နေခဲ့သည်။ အမေရိကန်တို့ တွက်ထားသည်က တစ်ချိန်ချိန် ရုရှားတို့ အမေရိကန် နှင့်စစ်ဖြစ်လျှင် နေတိုးက ရုရှားနယ်စပ်၌  ရှိနေသည့်အတွက် လျင်မြန်စွာ စစ်ရေးကစား နိုင်စေရန်ဖြစ်သည်။

ရုရှားကို နေတိုးတစ်ဖွဲ့တည်းနှင့် မနိုင်သော်လည်း  အမေရိကန်စစ်အင်အားနှင့် ပေါင်းလိုက်မည်ဆိုပါက ကျိန်းသေနိုင်မည်ဟု တွက်ထားကြသည်။ ထို့ကြောင့် အမေ ရိကန်တပ်ဖွဲ့တို့ နေတိုးနှင့် ထက်ကြပ်မကွာ ရှိနေခြင်းဖြစ်သည်။ လက်ရှိတွင် နေတိုးကို အမေရိကန်တို့ကပင် ကြိုးကိုင်ခြယ်လှယ်နေပြီး ဥရောပအသိုင်းအဝိုင်းကို ရန်ပုံငွေတိုးထည့် ရန်ပြောထားသည့် ထရမ့်၏ စကားကြောင့် ပြင်သစ်အပါအဝင် တခြားဥရောပခေါင်း ဆောင်များက နေတိုးအပေါ် စိတ်ဝင်စားခြင်း နည်းပါးလာကာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုတည်ထောင်ရန် အထိ စိတ်အားထက်သန်နေကြသည်။

ထိုကိုယ်ပိုင်တပ်ဖွဲ့ဖြစ်လာစေရန်  ဦးဆောင်မည့်နိုင်ငံမှာ ပြင်သစ်ဖြစ်လာနိုင်သည်။မက်ခရွန်က  နေတိုးကို  ရန်ပုံငွေ တိုးထည့်ပေမယ့်လည်း  အမေရိကန်တို့  ကြိုးကိုင် ခြယ်လှယ်နေခြင်းကိုတော့ တွန်းလှန်နိုင်မည် မဟုတ်ဟု ထင်သည်။ ထို့ကြောင့် ဥရောပ တပ်မတော်ကသာ ၎င်းတို့အပိုင်၊ ၎င်းတို့၏သြဇာဟု ယူဆနေသောကြောင့် အမေရိကန် ဦးဆောင်သည့် နေတိုးကိုပစ်ပယ်ပြီး ကိုယ်ပိုင် ဥရောပ ကာကွယ်ရေးတပ်ဖွဲ့တစ်ခု  တည် ထောင်လိုကြခြင်းဖြစ်သည်။

ထို့ကြောင့် ဥရောပအသိုင်းအဝိုင်းနှင့် အမေရိကန်တို့ အတော်အတန်ပင် သွေးကွဲ လျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းအခြေအနေကို  အသုံးချမည့်သူက တရုတ် ဖြစ်သည်။ ဥရောပနိုင်ငံငယ်များကို ပထမဆုံး ပစ်မှတ် ထားကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် သည်။   ထို့နောက်  နိုင်ငံကြီးများဆီသို့ တဖြည်းဖြည်း ထပ်မံချဉ်းကပ်ကာ ဥရောပကို လွှမ်းမိုးနိုင်ရန် ကြိုးစားလာသည်။

ဥရောပဘက်ခြမ်းသို့ ပို့လိုက်သည့် တရုတ်သံအမတ်များကို One Belt One Roadနှင့် ချိတ်ဆက်နိုင်ရေး   ဦးစားပေး စီမံကိန်းကြောင့် နောက်ပိုင်းတွင် တရုတ်အစိုးရက လုပ်ပိုင်ခွင့် အပြည့်ပေးထားသည်။ ဥရောပတို့ကလည်း တရုတ်ဘက်ကို ပိုမိုလမ်းကြောင်း ဖွင့်ပေးထားကာ ပါရာဂွေးဆိုလျှင် တရုတ်လွှမ်းမိုးမှုကို လက်ဆင့်ကမ်းကြိုဆိုနေသည့် အတွက် တရုတ်လွှမ်းမိုးမှုကို တံခါးဖွင့်ပေးထားသော နိုင်ငံဟူ၍ပင်   ဝေဖန်ခံနေရသော နိုင်ငံဖြစ်သည်။

ထိုနိုင်ငံများကိုမဆိုထားနှင့်၊ သြစတြေးလျပင် တရုတ်လွှမ်းမိုးမှုကို ခံစားနေရပြီဖြစ်ကာ မကြာသေးမီကပင် One Belt One Road စီမံကိန်းကို  လျှို့ဝှက်စွာ သဘောတူညီထားသည့် သြစတြေးလျအစိုးရ၏ သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။ သြစတြေးလျ၌ တရုတ်တို့ သြဇာလွှမ်းမိုးမှုက စီးပွားရေးတွင်သာမကဘဲ နိုင်ငံရေး နယ်ပယ်အထိပါ သက်ရောက်နိုင်စွမ်း ရှိသည်။

တစ်ချိန်က အမေရိကန်တို့ ရွှေ့ခဲ့သည့် အကွက်များကို  ယခုအခါ  တရုတ်တို့က ကောင်းကောင်းကြီး  အသုံးပြုနေခြင်းဖြစ်သည်။ ယခု တရုတ်အစိုးရ၏ လက်တံက အနောက်အုပ်စုအစား ဥရောပနှင့် အာရှကို ပိုမိုပစ်မှတ်ထားကာ အမေရိကန်ကို သီးသန့် ဖယ်ထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဥရောပတွင်လည်း ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေခဲ့သောကြောင့် တရုတ်တို့အတွက် လက်ရှိ အချိန်က အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်။ ဗြိတိန်နိုင်ငံကပင် တရုတ်နှင့်အတူ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို    ပူးတွဲ လုပ်ဆောင်နေသည်။

ထို့ပြင် One Belt One Road ၏ တစ်စိတ်တစ်ပိုင်း ရထားလမ်းကြောင်းကလည်း ရုရှားကိုဖြတ်၍ ဗြိတိန်အထိပင် ရောက်နေပြီ ဖြစ်သည်။ ထိုလမ်းကြောင်းက အာရှကို အစောဆုံးဖြတ်၍ ဥရောပကို ရောက်လာသည့် လမ်းကြောင်းဖြစ်ပြီး တရုတ်နှင့်ဗြိတိန်ကို ခရီးတစ်ခေါက်လျှင် ရက်သတ္တနှစ်ပတ် ခန့်သာ ကြာမြင့်သည့်အတွက် ကုန်စည်စီးဆင်း မှုပိုင်းတွင်  တရုတ်တို့၏ အားအထားရဆုံး လမ်းကြောင်းဖြစ်သည်။ ထိုနည်းတူ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု အင်အားကလည်း ပိုမိုအားကောင်းလာခဲ့ကာ  ၂ဝ၁၅  ခုနှစ်က ဥရောပ၌  တရုတ် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံဖြစ်သည်။ ၂ဝ၁၆ ခုနှစ်အရောက်တွင် ရင်းနှီးမြှုပ်နှံမှု နှစ်ဆမြင့်တက် သွားခဲ့ကာ အမေရိကန် ဒေါ်လာ  ၄ဝ  ဘီလီယံအထိ ရောက်သွားခဲ့ သည်။ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၇ ဘီလီယံဖြစ်သည်။ လက်ရှိ တရုတ်တို့ စီးပွားရေးပြုပြင်ပြောင်းလဲ မှုလုပ်ခဲ့သည့်ကာလမှာ ဆယ်စုနှစ်လေးစု ရှိပြီဖြစ်ပြီး ဥရောပကို ဝင်ရောက်လာသည်မှာ ဆယ်စုနှစ်တစ်စုပင် မပြည့်သေးပေ။

တရုတ်တို့က အမေရိကန်၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို လိုက်မီစေရန် နှစ်ဆ၊ သုံးဆပုံစံဖြင့် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အမေရိကန်၏ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကိုမီရန် အနည်းဆုံး ငါးနှစ်မှ ဆယ်စုနှစ်တစ်စုအထိ ကြာမြင့်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် ဥရောပတို့၏ ကုန်သွယ်ရေးတန်ဖိုးက အမေရိကန်ဒေါ်လာ တစ်ထရီလီယံအထိ ရှိသည်။

သို့သော်လည်း  အရှေ့အလယ်ပိုင်းကို အမေရိကန်ထက် ကျော်လွန်ပြီး တရုတ်တို့ စီးပွားရေးအရ  သာလွန်သွားသည့်ဖြစ်စဉ်ကိုလည်း မေ့ထား၍မရပေ။ အရှေ့အလယ် ပိုင်း ကုန်သွယ်ရေးတွင် ၂ဝ၁၈ ခုနှစ် နှစ်စပိုင်းအထိ တရုတ်နှင့် အမေရိကန်တို့ သူမသာ ကိုယ်မသာနှင့် အပြိုင်အဆိုင် သွားနေရာမှ မည်သူက ပထမဆိုသည်ကို ဝေခွဲမရဖြစ်ခဲ့သည်။

လက်ရှိ ၂ဝ၁၈ ခုနှစ်နှောင်းပိုင်းကာလတွင်  တရုတ်တို့က  အမေရိကန်ဒေါ်လာ ၇ဝဝ  ဘီလီယံနီးပါးဖြင့်  အမေရိကန်ကို ကျော်တက်ကာ အရှေ့အလယ်ပိုင်း၏ နံပါတ် တစ် ကုန်သွယ်ရေး မိတ်ဖက်နေရာကို ပိုင်ဆိုင်သွားခဲ့သည်။ အရှေ့အလယ်ပိုင်းဟူသည်မှာ တစ်ချိန်က အမေရိကန်၏ ကြိုးဆွဲရုပ်ဖြစ်ခဲ့ကာ တရုတ်တို့ ဝင်ရောက်ခဲ့သည့်အချိန်က အမေရိကန်တို့နှင့် ယှဉ်လျှင် မပြောပလောက်ပေ။ သို့သော်လည်း အရှေ့အလယ်ပိုင်းက ကဲ့သို့ တရုတ်တို့ အမေရိကန်ကို ကျော်တက်ကာ လွှမ်းမိုးမှုရလာနိုင်သည်။ တရုတ်တို့က အရှေ့ပိုင်း ဥရောပနိုင်ငံများ၏   အခြေခံ အဆောက်အအုံပိုင်း ဖွံ့ဖြိုးမှုကို အဓိကထား ကိုင်တွယ်ကာ  အနောက်ခြမ်းဥရောပကို

ရင်းနှီးမြှုပ်နှံမှု အကြီးစားများဖြင့် ဝင်ရောက်လာသည်။ ရောင်းသမျှ လုပ်ငန်းကြီးများ၏ အစုရှယ်ယာများကို ဝယ်သည်။ လေကြောင်း လိုင်းများ၊ ဆိပ်ကမ်း၊ နည်းပညာကုမ္ပဏီ များ၊   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် အော်ပရေတာ ကုမ္ပဏီများနှင့်  ဘဏ္ဍာရေး ကုမ္ပဏီများ စသည့်နိုင်ငံ တစ်နိုင်ငံ၏ အဓိကကျသည့် နေရာများ၌  နေရာတစ်နေရာရရေး အတွက်  တရုတ်တို့  ကြိုးပမ်းလာသည်။  တစ်ချိန်က   အမေရိကန်နည်းပညာ ကုမ္ပဏီများကို  တရုတ်တို့  ဝယ်ယူမှု များလွန်းသည့် အတွက် အမေရိကန်က တရုတ်ကို မရောင်းရ စာရင်းပင် ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့ဖူးသည်။

လက်ရှိကာလသည် အမေရိကန်နှင့် ဥရောပ သဘောထားကွဲနေသည့်အပြင် ဥရောပနိုင်ငံ အချင်းချင်း မသင့်မြတ်ကြသည့် အတွက် တရုတ်တို့ ကြိုးပမ်းနေသော ဥရောပ လွှမ်းမိုးမှုရရှိရေးဟူသည့် အရာက  အချိန်ကောင်း ပင်ဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချပြီး  တရုတ်တို့  ဥရောပကို  အမှန်တကယ် လွှမ်းမိုးနိုင်မည်လား  ဆိုသည်ကို စောင့်ကြည့် ရမည်ဖြစ်ပါသည်။                

ရှိန်းထက်

Read 147 times
Rate this item
(0 votes)
Last modified on Friday, 16 November 2018 11:58

Latest from ကေတု