SJ WorldNews - шаблон joomla Авто

ပါလက်စတိုင်းနှင့် အပစ်အခတ်ရပ်စဲရေးကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည့် အစ္စရေး ကာကွယ်ရေးဝန်ကြီး

Saturday, 17 November 2018 10:44 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့သမိုင်း၌ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပြီးလျှင် အကြီးမားဆုံး ပြင်းထန်သည့်စစ်ပွဲများကို ပြပါဆိုလျှင် အရှေ့အလယ်ပိုင်းမှ အာရပ်နှင့်ဂျူးလူမျိုးတို့၏ စစ်ပွဲများဖြစ်သည်။ နိုင်ငံစတင် တည်ထောင်ကတည်းက တိုက်ခဲ့ရသည့်စစ်ပွဲများက ယခုအချိန်ထိ မရပ်နားသေးဘဲ အစ္စရေးနှင့် ပါလက်စတိုင်းဆိုလျှင် နှစ်ဖက်စလုံးက မျက်နှာချင်းပင်ဆိုင်၍ ရသူများမဟုတ်။

ယခုနိုဝင်ဘာ ၁၄ ရက်တွင် ထင်မှတ်မထားသည့် သတင်းတစ်ခုက ထူးဆန်းစွာထွက်ပေါ်လာခဲ့သည်။

ပါလက်စတိုင်းနှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေးဆိုသည့် သတင်းဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု ကိုယ်တိုင် အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ပြီး ထိုကြေညာချက်ထွက်ပြီးမကြာမီ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အဗစ်ဒေါ ရာထူးမှနုတ်ထွက်သွားခဲ့သည်။

ထို့ပြင် အကြမ်းဖက်ဝါဒကို အရှုံးပေးသည့်အစိုးရ၊ ၎င်း၏ပါတီကိုလည်း ယခု ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်ပစ်မည်ဟုဆိုသည်။ ထိုရိုက်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်း၌ ဆန္ဒပြမှုများပင် ဖြစ်ပေါ်လာပြီး နေတန်ယာဟု အနေဖြင့် ပါလက်စတိုင်းတို့ဘက်က အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့သောကြောင့် ၎င်း

ဘက်က လက်ခံထားခဲ့သည်ဟုဆိုသည်။ သို့သော် နေတန်ယာဟုအနေဖြင့် လတ်တလောဝေဖန်မှုများကို ပြင်းထန်စွာခံစားနေရပြီး ဇီယွန်ဝါဒကို နာမည်ပျက်အောင် လုပ်နေသူဟုလည်း ဝေဖန်ခံနေရသည်။

ပါလက်စတိုင်းဆိုသည်မှာ လက်ရှိဟားမတ်စ်အစိုးရ အုပ်ချုပ်နေသည့်နိုင်ငံဖြစ်ပြီး အစ္စရေးနိုင်ငံ စတင်တည်ထောင်သည့်အချိန်မှစတင်၍ မည်သူမှ အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ်မထိုး။ ယခုအချိန်ထိလည်း လက်မှတ် မထိုးသေးသည့်နိုင်ငံဖြစ်သည်။ အစ္စရေးကို ၁၉၄၈ ခုနှစ်တွင် နိုင်ငံအဖြစ် စတင်တည်ထောင်ခဲ့ပြီး သုံးရက်အကြာတွင် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်တို့က ဝိုင်းတိုက်သည်။

သို့သော်လည်း အစ္စရေးတို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သောကြောင့် ၎င်းတို့နယ်မြေ လက်တစ်လုံးမျှ မလျော့ခဲ့ကာ နောက်တစ်ကြိမ် အပြင်းထန်ဆုံး စစ်ပွဲက ခြောက်ရက်ကြာစစ်ပွဲဟု နာမည်ကြီးခဲ့သည့် ၁၉၆၇ ခုနှစ် အာရပ်ဒေသတစ်ခုလုံး ပါလာခဲ့သည့် တတိယအကြိမ် အစ္စရေးစစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲပြီးနောက်မကြာမီ ပထမဆုံးအီဂျစ်က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီးနောက် တခြားအာရပ်နိုင်ငံများက ပါ အီဂျစ်လမ်းစဉ်လိုက်ကာ အစ္စရေးနှင့် အပစ်အခတ် ရပ်စဲရေးတွင် စာချုပ်ချုပ်ခဲ့ကြသည်။

ထိုအထဲမှာ ကာလအရှည်ကြာဆုံးနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု မရသည့်နိုင်ငံက ဟားမတ်စ်အစိုးရအုပ်ချုပ်သည့် ပါလက်စတိုင်းဖြစ်သည်။ ခြောက်ရက်ကြာစစ်ပွဲပြီးနောက် အပြင်းထန်ဆုံးနောက်ထပ် စစ်ပွဲက၂ဝ၁၄ ခုနှစ်ကဖြစ်သည်။ ခြံစည်းရိုးကျော်ကာ ဆန္ဒပြကြသည့် ပါလက်စတိုင်းလူအုပ်ကြီးနှင့် အစ္စရေးလုံခြုံရေး တပ်ဖွဲ့တို့ကြား အကြီးအကျယ်ပဋိပက္ခ ဖြစ်ခဲ့ကာ ပါလက်စတိုင်းလူမျိုး ၃ဝဝ ကျော်သေဆုံးခဲ့သည် အထိဖြစ်သည်။

အစ္စရေးတို့သည် ၎င်း၏နယ်မြေကို တစ်လက်မမျှ အထိခံနိုင်သည့်လူမျိုးမဟုတ်။ ယခုလည်း အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား စစ်ပွဲတစ်ခုအသွင် ဖြစ်ပွားနေသည်မှာ နှစ်ရက်တိုင်တိုင် ကြာသွားပြီဖြစ်သည်။ စနေနေ့ညက ဂါဇာကမ်းမြောင်မှ ဟားမတ်စ်တို့က အစ္စရေးဘက်သို့ ရော့ကက်နှင့်မော်တာအစင်း ၄၆ဝ ကျော်ပစ်လွှတ်ခဲ့သည်။ အစင်း ၁ဝဝ ကို အစ္စရေးတို့ Iron ဒုံးခွင်းဒုံးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အစ္စရေးတို့ကလည်း တန်ပြန်သည့်အနေဖြင့် ပါလက်စတိုင်းရှိ ပစ်မှတ် ၁၆ဝ ကိုလေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် အထူးစစ်ဆင်ရေးများနှင့် ပါလက်စတိုင်းတို့ကို ထပ်မံထိုးစစ်ဆင်ခဲ့ကာ ယင်းစစ်ဆင်ရေးက မအောင်မြင်မှုများစွာနှင့် အစ္စရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦး သေဆုံးခဲ့ရသည်။ ထို့နောက်မှ နေတန်ယာဟု၏ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်ဟုသော ကြေညာချက်က ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေးကို ကြားနေနိုင်ငံအဖြစ် ကျင်းပပေးခဲ့သူမှာ အီဂျစ်ဖြစ်သည်။ နောက်ပိုင်း အစ္စရေးတို့ အာရပ်ကမ္ဘာနှင့် ပိုမိုသင့်မြတ်လာကြကာ ဆော်ဒီနှင့် ဆိုလျှင် လျှို့ဝှက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရှိနေသည်ဆိုသည့် သတင်းများပင် ထွက်လာခဲ့သည်အထိဖြစ်သည်။

တစ်ဖက်ကကြည့်လျှင် အာရပ်ကမ္ဘာနှင့် အစ္စရေးဆက်ဆံရေး ကောင်းမွန်လာခဲ့သည်မှာ ကောင်းသည့်ဘက်သို့ရောက်သော်လည်း ထိုအရာက အစ္စရေးနိုင်ငံ တည်ရှိနေမှုကို ရိုက်ခတ်လာလျှင် စိုးရိမ်စရာအနေအထားဖြစ်သည်။ လက်ရှိ ပါလက်စတိုင်းတို့နှင့် အပစ်အခတ် ရပ်စဲလိုက်သောကြောင့် ကမ္ဘာပေါ်တွင် ပါလက်စတိုင်းကို တရားဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုပေးလိုက်သည်နှင့် တူသည်။ အသိအမှတ်ပြုပေးလိုက်လျှင် နေရာတစ်နေရာ ကိုပေးရတော့မည်။

ထိုသို့ဆိုလျှင် ခြောက်ရက်ကြာစစ်ပွဲတုန်းက သိမ်းယူထားခဲ့သော လက်ရှိအိမ်ရာများ ဆောက်လုပ်နေသည့် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်နေရာများကို အစ္စရေးအစိုးရ မည်သို့ဖြေရှင်းမလဲဆိုသည့် မေးခွန်းက အလိုလိုထွက်ပေါ်လာသည်။ လက်ရှိနိုင်ငံပေါင်း ၁၉၂ နိုင်ငံထဲတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် ထောက်ခံသည့်နိုင်ငံက ၁၇ဝ ခန့်သာရှိသည်။ တင်းပြည့်ကျပ်ပြည့်နိုင်ငံတစ်ခုအဖြစ် ပါလက်စတိုင်းတို့ ယခုအချိန်ထိမရောက်သေး။

ထိုအချိန်တွင် အစ္စရေးတို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီလိုက်သည့်အတွက် စိုးရိမ်စရာများဖြစ်လာသည်က ကျိန်းသေနေသည်။ အစ္စရေးပြည်သူများကလည်း လက်ရှိတွင် မကျေနပ်မှုများကို သည်းခံစောင့်ဆိုင်း နေရဆဲဖြစ်ကာ နေတန်ယာဟုနှင့် ပတ်သက်ပြီး ပထမတစ်ကြိမ်တုန်းကလည်း ပြည်သူပိုင်ငွေ အလွဲသုံးမှုနှင့် သိပ်ကျေနပ်ကြသေးသူများမဟုတ်။

ယခုတစ်ကြိမ်က ပိုမိုဆိုးရွားသည့် နေတန်ယာဟု၏ ဆုံးဖြတ်ချက်ဟု သတ်မှတ်နေကြသည်။ ဇီယွန်ဝါဒကို ပြင်းထန်စွာ လက်ကိုင်ပြုထားသည့်သူများက အာရပ်တို့နှင့် သဘောတူညီနေစရာမလို။ ထိုသူများက နောက်လည်း ၎င်းတို့ကို ဒုက္ခပေးမည့်သူများဟု တထစ်ချ ယုံကြည်ထားကြသည်။ အမှန်တကယ်လည်း ၎င်းတို့ တွေးချင်ကတွေးချင်စရာ။ နိုင်ငံဟူ၍ မည်မည်ရရမပြ နိုင်သေးသည့်အချိန်တွင် ဂျူးလူမျိုးများကို ပင်လယ်ထဲ မောင်းထုတ်သတ်ပစ်မည် ဆိုပြီး သိန်းနှင့်ချီသည့် စစ်တပ်ကြီးများက အစ္စရေးဆိုသည့် မွေးကင်းစနိုင်ငံငယ်လေးကို ဝိုင်းပြီးအမဲဖြတ်ခဲ့ကြသည်။

တစ်ကြိမ်မအောင်မြင်လည်း နောက်ထပ်အကြိမ်ပေါင်းများစွာ ကြိုးစားကာ အစဖျောက်ပစ်ရန် ကြိုးစားခဲ့ကြသည်။ ထိုလူများ၏ သဘောထားကို အစ္စရေးတို့ မယုံကြည်ရတော့။ အာရပ်တို့ကလည်း အစ္စရေးဆိုလျှင် ယုံကြည်သူများမဟုတ်။ ယခု အပစ်အခတ် ရပ်စဲရေးက မတူညီသည့် လမ်းကြောင်းများမှလာပြီး အမှန်တကယ်ကောင်းမွန်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဆိုလျှင်တော့ ကောင်းသည်။ သို့သော် ၎င်းတို့ချင်း လက်ဝါးရိုက်ပြီးမှ ဂျေရုဆလင်ကို ပြန်ယူမည့်အကြံ၊ ဂါဇာနှင့် အနောက်ဘက်ကမ်းများကိုပြန်ရယူရန် ကြိုးစားသည့်ပုံစံများဆိုလျှင် အခြေအနေက အပစ်အခတ် ရပ်စဲထားခဲ့သည့်အချိန်ကထက် ပိုမိုဆိုးရွားသွားနိုင်သည်။

ထိုအခါ နေတန်ယာဟုလည်း အစ္စရေးဝန်ကြီးချုပ် နေရာမှ အလိုအလျောက်ပြုတ်ပြီး အစ္စရေးကိုခပ်ကြမ်းကြမ်း ပြန်ကိုင်မည့်တစ်ယောက် ရောက်လာမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်များထဲတွင် နေတန်ယာဟုက အနည်းငယ် ပျော့ပျောင်းသည်ဟု ဆိုနိုင်သော်လည်း ထိုပျော့ပျောင်းမှုက နိုင်ငံပျောက်သွားမည့်အဖြစ်မျိုးကို အစ္စရေးတို့ မလိုချင်။ ၎င်းတို့ကိုယ်တိုင် ထိုနေရာကိုမည်သို့ ရင်းနှီးပြီးရလာခဲ့သည်ကို အစ္စရေးလူမျိုးတိုင်း ကောင်းကောင်းကြီးသိသည်။

ကုလသမဂ္ဂဆိုသည်မှာလည်း ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံ ပေးချင်ဇောနှင့် အစ္စရေးအခွင့်ကောင်းကို စောင့်နေသည့်အဖွဲ့။ အမေရိကန်တစ်ယောက်သာ အစ္စရေးတို့ဘက်မှာ မားမားမတ်မတ် ရပ်တည်နေသောကြောင့် အစ္စရေးတို့ ယခုအချိန်ထိ အခွင့်သာနေခြင်းဖြစ်သည်။ အစ္စရေးနှင့် အာရပ်တို့ရန်ငြိုးက အီရန်နှင့် ဆော်ဒီတို့ ရန်ငြိုးထက်သာသည်။

သမိုင်းကြောင်းကိုပဲကြည့်ကြည့်၊ မျက်မှောက်ခေတ် အခြေအနေကိုပဲကြည့်ကြည့် အစ္စရေးနှင့်အာရပ်တို့ မည်သို့မှအဆင်မပြေခဲ့ကြ။ ယခုအပစ်အခတ် ရပ်စဲထားသည့် ဟားမတ်စ်တို့နှင့်ဆိုလျှင် ပိုဆိုးသေးသည်။ ဟားမတ်စ်တို့က အစ္စရေးကိုဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အမုန်းတရားကိုဝါဒဖြန့်ထားကာ လှုံ့ဆော်နေကြသူများဖြစ်သည်။

ထို့ကြောင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါ မယုံကြည်ဘဲ ရာထူးမှ နုတ်ထွက်သွားခြင်းကိုလည်း လွန်သည်ဟုမဆိုနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Read 171 times
Rate this item
(0 votes)
Last modified on Saturday, 17 November 2018 10:45

Latest from ကေတု